ထိုင်းလွှတ်တော်က ဒီမိုကရေစီလိုလားသော ပြုပြင်ပြောင်းလဲရေးဝါဒီ ပီတာလင် ဂျာရွန်ရတ်၏ ဝန်ကြီးချုပ် ဖြစ်လာရန် ကြိုးပမ်းမှုကို ပယ်ချခဲ့ခြင်းကြောင့် ယခုသီတင်းပတ်ထဲတွင် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်တင် မြှောက်မည့် နောက်တစ်ကြိမ် မဲခွဲဆုံးဖြတ်မှုမတိုင်မီ နောက်ကွယ်မှ အပြင်းအထန် ကြိုးပမ်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ပီတာ၏ Move Forward (ရှေ့သို့ချီ) ပါတီသည် မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ အမတ်နေရာအများစုကို ရရှိခဲ့သော်လည်း ထိုင်းနိုင်ငံ၏ တင်းကျပ်သော တော်ဝင် အသရေဖျက်မှု ဥပဒေကို ပြင်ဆင်မည်ဟု ကတိပြုထားခြင်းကြောင့် သြဇာရှိ ရှေးရိုးစွဲဝါဒီအသိုင်းအဝိုင်းကို အမျက်ဒေါသထွက်စေခဲ့ပြီး စစ်တပ်ကတင်မြှောက်ထားသည့် အထက်လွှတ်တော်အမတ်များ၏ ပြတ်ပြတ်သားသား ပယ်ချခြင်းကို ခံခဲ့ရသည်။
ပီတာသည် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရရန်အတွက် လိုအပ်သည့် ထောက်ခံမဲအရေအတွက် ၃၇၆ မဲကို ပြည့်မီရန် ၅၂ မဲ လိုအပ်ခဲ့ပြီး အထက်လွှတ်တော်တွင် လွှတ်တော်အမတ် ၁၃ ဦးသာလျှင် ၎င်းကို ထောက် ခံခဲ့ကာ ကျန်အထက်လွှတ်တော်အမတ်များက မဲမပေးဘဲကြားနေခြင်း၊ ကန့်ကွက်မဲပေးခြင်းတို့ လုပ်ဆောင်ခဲ့ကာ အချို့ကမူ ၎င်းလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။
ထိုသို့မပြီးပြတ်မရေရာသော အခြေအနေသည် ဖြစ်ပေါ်နေဆဲ နိုင်ငံရေးအကျပ်အတည်းကြောင့် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် ထိခိုက်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများသည် နောက်တက်မည့် အစိုးရ၏ အခြေအနေကို ရှင်းရှင်းလင်းလင်းသိနိုင်ရန် စောင့်ဆိုင်းလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံပြုလုပ်ခြင်းကို ရွှေ့ဆိုင်းထားသည်။
ရွေးကောက်ပွဲအလွန်တွင် အစိုးရအကူးအပြောင်း ကြန့်ကြာနေခြင်းသည် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသော ထိုင်းနိုင်ငံ၏ စီးပွားရေး အလားအလာကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ဒေသတွင်းမှ အဆင့်တူနိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် နောက်ကောက်ကျနေပြီး ပြန်လည်ဦးမော့လာသည့် ခရီးသွားလုပ်ငန်းကသာ စီးပွားရေးကို အဓိက ကျားကန်ပေးထားသည်။
သို့သော် နိုင်ငံရေးပြဿနာကြောင့် အကြီးအကျယ် လူထုအုံကြွမှု ဖြစ်လာမည်ဆိုလျှင် ခရီးသွားလုပ်ငန်း၏ တိုးတက်ဖြစ်ထွန်းမှုများ အလျင်အမြန် ကျဆင်းသွားပေလိမ့်မည်။ ၎င်းဖြစ်နိုင်ခြေသည် ဝန်ကြီးချုပ် ဖြစ်လာရန် ပီတာ၏ ပထမအကြိမ်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိသည် ။
လျှပ်စစ်ကား၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဲ့သို့ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးနေသည့် နယ်ပယ်တို့တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသစ်များအတွက် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့သည် ထိုင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသည်။
ဝန်ကြီးချုပ်သစ်ဖြစ်လာရန် တစ်ပြေးနေသည့် လစ်ဘရယ်ဝါဒီ ပီတာလင်ဂျာရွန်ရတ်က လာမည့်သီတင်းပတ်တွင် ထပ်မံပြုလုပ်မည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမှုမရရှိခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ကြိုးပမ်းမှုများကို လက်လျှော့မည်ဟု ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့သည်။
ပီတာ ဝန်ကြီးချုပ်ဖြစ်မလာခဲ့သော် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရန် ကြေညာဖွယ်ရှိသူ သို့မဟုတ် လာမည့်မဲခွဲဆုံးဖြတ်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည့် အဓိကပုဂ္ဂိုလ်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ဆရီထာ ထာဝီဆင်း
အသက် ၆၀ အရွယ် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း ဆရီထာ ထာဝီဆင်းသည် ထိုင်းနိုင်ငံရေး အခင်းအကျင်းတွင် မျက်နှာသစ်တစ်ဦးအဖြစ် မမျှော်လင့်ဘဲ လူကြိုက်များမှုရရှိခဲ့ပြီး မဲဆွယ်စည်းရုံးရေး ကာလတွင် ငယ်ရွယ်သည့် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံ၏ သြဇာရှိ အထက်တန်းလွှာ အသိုင်းအဝိုင်းမှ စီးပွားရေးခေါင်းဆောင်များ၏ နှစ်သက်သဘောကျမှုကို ရရှိထားသည့် ထာဝီဆင်းသည် အပေးအယူသဘောဖြင့် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသူ ဖြစ်လာဖွယ် ရှိသည်ဟု ယူဆခံထားရသည်။
ဖြူထိုင်းပါတီအောက်တွင် သူသည် လွှတ်တော်၌ ထောက်ခံမဲ ၁၅၁ မဲ ရရှိထားပြီး ပီတာဝန်ကြီးချုပ်မဖြစ်ခဲ့လျှင် သူသည် အလားအလာအကောင်းဆုံး ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ထီတီနန်ပေါင် ဆူဒီရက်ခ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့ရာတွင် စီးပွားရေးလုပ်ငန်းရှင် ထာဝီဆင်းသည် ပါတီတွင်း၌ အမာခံ မဲဆန္ဒရှင်အစုအဖွဲ့ မရှိသည့်အတွက် အလွန်ခိုင်မာသေချာသည့် ကိုယ်စားလှယ်လောင်းတစ်ဦး မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်သည့် ထာဝီဆင်းသည် အမေရိကန်တွင် ပညာသင်ယူခဲ့ပြီး ထိုင်းနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေလုပ်ငန်း များအနက်မှတစ်ခုကို ဦးစီးပဲ့ကိုင်လျက်ရှိသည်။
သူသည် စစ်တပ်၏ဖြုတ်ချခြင်း ခံခဲ့ရသည့် ဝန်ကြီးချုပ်များဖြစ်သည့် ဖြူထိုင်းပါတီ တည်ထောင်သူ သက်ဆင်ရှင်နာဝပ်နှင့် ယင်လတ်ရှင်နာဝပ်တို့၏ လူယုံတစ်ဦးဖြစ်ခဲ့သည်။
ပါအယ်ထုံထန်ရှင်နာဝပ်
အသက် ၃၆ နှစ်အရွယ် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း ပါအယ်ထုံထန် ရှင်နာဝပ်သည် ရွေးကောက်ပွဲ မတိုင်မီက နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာရေးနှင့် ပတ်သက်၍ လျှော့တွက်ခံခဲ့ရသော်လည်း မဲဆွယ် စည်းရုံးရေးကာလတစ်လျှောက်လုံးတွင် စိတ်လှုပ်ရှားစရာကောင်းအောင် ပါးနပ်လိမ္မာစွာ စည်းရုံးဟောပြောနိုင်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကာ လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး သက်ဆင်မိသားစု၏ အမွေအနှစ်ကို ထိန်းသိမ်းခဲ့သည်။
သူသည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီး ပြည်ပတွင် တိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ တတိယမြောက်သမီးဖြစ်ကာ အပြင်ပန်းအားဖြင့် Move Forward ပါတီကိုထောက်ခံကြောင်း ပြသထားသည်။
သို့သော် ပါအယ်ထုံထန် ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခြေကို နိုင်ငံရေးလေ့လာ သုံးသပ်သူ ထီတီနန်က လျှော့ချခန့်မှန်းခဲ့ပြီး မကြာသေးမီကမှ ၎င်းရင်သွေးလေးမွေးဖွားခဲ့ခြင်းနှင့် ထိုင်းနိုင်ငံရေးလောက၏ ရှေးရိုးစွဲ အသိုင်းအဝိုင်းအကြား ၎င်း၏ဖခင်အပေါ် အကြီးအကျယ် မကျေနပ်ချက် ရှိနေခြင်းတို့ကို ထောက်ပြပြောဆိုခဲ့သည်။
ယခုနှစ်ထဲတွင် နိုင်ငံရေးလောကထဲသို့ မဝင်ရောက်မီက ပါအယ်ထုံထန်သည် ဗြိတိန်တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု ပညာရပ်ကို လေ့လာခဲ့ပြီး အလွန်ကြွယ်ဝ ချမ်းသာသော ၎င်း၏မိသားစု ပိုင်ဆိုင်သည့် ဟိုတယ်လုပ်ငန်းကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။
သူသည် ၂၀၁၉ ခုနှစ်တွင် အရပ်ဘက် လေကြောင်းလိုင်း လေယာဉ်မှူးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦးကို ပိုင်ဆိုင်ထားသည်။
အနူတင် ချန်ဝီရာကူး
အသက် ၅၆ နှစ်အရွယ် Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဝီရာကူးသည် နိုင်ငံရေးကွဲလွဲမှုများ အကြားတွင် ခွလျက်ရှိနေပြီး ၎င်းအနေဖြင့် ဝန်ကြီးချုပ်နေရာအတွက် သင့်တော်သူ ဖြစ်ဖွယ်မရှိသော်လည်း ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ရာတွင် အရေးပါသူဖြစ်လာရန် ကြိုးပမ်းလာဖွယ်ရှိသည်။
အောက်လွှတ်တော်တွင် အမတ်နေရာ ၇၁ နေရာရရှိထားသည့် အနူတင်သည် ပီတာကို ထောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟူသော ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်ထွက် ပေါ်လာပြီးနောက် ၎င်းထောက်ခံမည့် ကိုယ် စားလှယ်လောင်းအသစ် တစ်ဦးကို ရွေးချယ်ဖွယ်ရှိသည်။
အနူတင်သည် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် မိသားစုတစ်ခုမှ မွေးဖွားလာသူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဆေးခြောက်သုံးစွဲမှုကို တရားဝင်ခွင့်ပြုရန် ၎င်း၏ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။
သူသည် ရှင်နာဝပ်မိသားစုနှင့် ကာလရှည် ပတ်သက်မှုရှိခဲ့ပြီး သက်ဆင်၏အစိုးရ အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။
သူသည် ၂၀၁၂ ခုနှစ်တွင် Bhumjaithai ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စစ်တပ်အာဏာသိမ်းမှု အပြီးတွင် အာဏာရလာခဲ့သည့် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ၏ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်နိုင်ရန် ဦးဆောင်ခဲ့သည်။
ပရာဝစ် ဝေါင်ဆူဝမ်
မမျှော်လင့်သည့် စွမ်းဆောင်မှုများကို လုပ်ပြတတ်သည့် အသက် ၇၇ နှစ်အရွယ် ပရာဝစ် ဝေါင်ဆူဝမ်သည် နောက်ကွယ်မှ တိတ်တဆိတ် စီမံလုပ်ကိုင်ရာတွင် ကျွမ်းကျင်သည့် နိုင်ငံရေးသမားအဖြစ် လူသိများသည်။
သူ၏ ပါလန်ပရာချရတ်ပါတီသည် ထိုင်းစစ်တပ်၏ ကျောထောက်နောက်ခံပေးမှုကို ရရှိထားပြီး လွှတ်တော်တွင် အမတ်နေရာ ၄၀ ရရှိထားသည်။
ပရာဝစ်သည် ရာထူးအဆင့်ဆင့်တက်ကာ ၂၀၀၄ မှ ၂၀၀၅ ခုနှစ်အထိ စစ်တပ်အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး ထို့နောက်ပိုင်းနှစ်များတွင် ထိုင်းနိုင်ငံရေးအခင်းအကျင်းကို နောက်ကွယ်မှ ပြောင်မြောက်စွာ ပုံဖော်စီမံခဲ့သည့် ပလေယာတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာ သိမ်းမှုအပြီးတွင် အမျိုးသားဥပဒေပြု လွှတ်တော်ထဲသို့ ရောက်လာခဲ့ပြီး ၂၀၀၈ ခုနှစ်က သြဇာရှိရှေးရိုးစွဲဝါဒီ ဒီမိုကရက်ပါတီ အစိုးရ လက်ထက်တွင် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။
ပရာဝစ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို အဓိကကြိုးကိုင်စီစဉ်သူများအနက်မှ တစ်ဦးဖြစ်ပြီး ပရာယွတ်အစိုးရ လက်ထက်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကာ ၎င်းတို့နှစ်ဦး မသင့်မမြတ် မဖြစ်မီအချိန်အထိ ပရာယွတ်၏ အလွန်ရင်း နှီးသော မဟာမိတ်အဖြစ် ရှိနေခဲ့သည်။
Ref: AFP











