ဆော်ဒီနှင့် ရုရှားတို့၏ ဆုံးဖြတ်ချက်များနှင့် မှန်းဆရခက် ရေနံစျေးကွက်

ဆော်ဒီနှင့် ရုရှားတို့၏ ဆုံးဖြတ်ချက်များနှင့် မှန်းဆရခက် ရေနံစျေးကွက်
Photo – Middle East Institute
Photo – Middle East Institute
Published 16 July 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ဆော်ဒီအာရေဗျသည် အဖွဲ့ဝင် ၁၃ နိုင်ငံပါဝင်သည့် ရေနံတင်ပို့ ရောင်းချသည့်နိုင်ငံများအသင်း- အိုပက်အဖွဲ့ (Organization for Petroleum Exporting Countries- OPEC) ကို ဦးဆောင်နေသည့် ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံ။ ရုရှားသည် အိုပက်အပေါင်း (OPEC+1) ၁၀ နိုင်ငံတွင် ရေနံထုတ်လုပ်မှု အင်အားအကြီးမားဆုံးဖြစ်ပြီး ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေ နှေးကွေးနေချိန်၊ အမေရိကန်ဗဟိုဘဏ်၏ နောက်ထပ် အတိုးနှုန်းမြှင့်တင်လာနိုင်ခြေကို သတိထားစောင့်ကြည့်နေကြစဉ် ဆော်ဒီအာရေဗျနှင့် ရုရှားနှစ်နိုင်ငံ တို့သည် ရေနံထုတ်လုပ်မှု ဖြတ်တောက်ရေးကို အလေးအနက်ထား လုပ်ဆောင်လာနေသည်။ ဆော်ဒီ အာရေဗျသည်   ရေနံထုတ်လုပ်မှုကို ဇူလိုင်လတွင် တစ်ရက်လျှင် စည်ပေါင်း တစ်သန်း လျှော့ချထားပြီးနောက် ထိုအခြေအနေကို သြဂုတ်လအထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်က ကြေညာခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံက ကြေညာပြီးချိန် ထိုနေ့ရက်မှာပင် ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက် ဇန္ဒားနိုဗက်ကလည်း ရုရှားနိုင်ငံသည်  သြဂုတ်လတွင် ကမ္ဘာ့စျေးကွက်သို့ ရေနံတင်ပို့မှုကို တစ်ရက်လျှင် စည် ငါးသိန်းလျှော့ချမည်ဟု ထုတ်ဖော်ပြောကြားလာသည်။    

(၂) ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီး အိမ်ရှေ့မင်းသား အက်ဘ်ဒူ လာဇစ် ဘင်ဆဲလမန် (Prince Abdulaziz bin Salman) က ရုရှားနိုင်ငံ၏ရေနံပို့ကုန်ဖြတ်တောက်မှုသည် ၎င်းတို့၏ သဘောဆန္ဒ အလျောက် ပြုလုပ်မှုသာဖြစ်ကြောင်း သြစတြီးယားနိုင်ငံ၊ ဗီယင် နာတွင်  ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ရှစ်ကြိမ်မြောက် ရေနံတင်ပို့ရောင်းချသော နိုင်ငံများ အသင်း-အိုပက် (Organization for Petroleum Exporting Countries -OPEC) အဖွဲ့ကြီး၏ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ၌ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ ယခုကဲ့သို့ ဖြတ်တောက်မှုသည် ပို့ကုန်များအပေါ် သက်ရောက်မှုရှိလာနိုင်သောကြောင့် အဓိပ္ပာယ်ရှိသည့် လုပ်ဆောင်မှုဖြစ်သည်ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။ 

ထို့ပြင် ၎င်းက ရုရှားနိုင်ငံ၏ကိန်းဂဏန်းများကို ပြန်လည်လေ့လာသုံးသပ်ရန်အတွက် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ခုနစ်ခုနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး သုံးသပ်ချက်များအပေါ်တွင်မူတည်၍ ရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေသည် ၎င်းတို့၏ ဆန္ဒအလျောက်ဖြတ်တောက်ခြင်းသာဖြစ်ပြီး ၎င်းတို့၏ကတိကဝတ်များကို သက်သေပြရန်မလိုဟုလည်း ထည့်သွင်းပြောကြားသွားသည်။ 

(၃) ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေနံထုတ်လုပ်မှု လျှော့ချသည့်ဆုံးဖြတ်ချက်သည် ကမ္ဘာ့ရေနံစျေးကွက်ကို တစ်နည်း တစ်ဖုံ သက်ရောက်မှုရှိလာစေနိုင်သည်။ ၎င်းတို့၏ လျှော့ချဖြတ်တောက်မှုပမာဏသည် ကမ္ဘာ့ရေနံရောင်းလိုအား၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိုပက်အဖွဲ့ဝင်များ စုပေါင်း ကတိကဝတ်ပြုထားသည့် ပမာဏ တစ်နေ့တာထုတ်လုပ်မှု စည်ပေါင်း ၅ ဒသမ ၁၆ သန်းအထိ ရှိလာသည်။ ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးက ၎င်းတို့၏ရေနံထုတ်လုပ်မှု ဖြတ်တောက်ခြင်းသည် ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့ကြား ဆက်လက် ဖြစ်ပေါ်နေသည့် ကိစ္စရပ်အပေါ် စောင့်ကြည့်နေသူများ၏ အဆိုးရှုမြင်မှုများကို လျော့ပါးသက်သာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အနေဖြင့် စျေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ပြင်ဆင်လျက်ရှိပြီး မျှမျှတတ ဖြစ်စေရေးအတွက်လည်း ကြိုးစားလုပ်ဆောင်နေကြောင်း၊ အဆိုးမြင်သည့်သဘောထားဖြင့် မေးမြန်းလာမည့် မေးခွန်းများကိုရှောင်လွှဲနိုင်ရေးကို ပြင်ဆင်လျက်ရှိကြောင်းလည်း ဆိုထားသည်။ အိုပက်အဖွဲ့ကို စီမံအုပ်ချုပ်သူများအနေဖြင့် စျေးကွက်နှင့်ပတ်သက်သည့် မေးမြန်းချက်များကို ဖြေဆိုနိုင်ရေးအတွက်လည်း အဖွဲ့ဝင်နိုင်ငံများအကြား အမြဲတမ်း ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စျေးကွက်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် တစ်ခုတည်းသောနည်းလမ်းသည် ယခုအခြေအနေပင်ဖြစ်ကြောင်းလည်း ဝန်ကြီးအက်ဘ်ဒူလာဇစ် ပြောကြားထားသည်။ ထို့ပြင် ၎င်းကဆက်၍ ရုရှား-ဆော်ဒီ ရေနံ ပူးပေါင်းဆောင်ရွက်မှု (Russia-Saudi oil cooperation) သည် အိုပက်အဖွဲ့နှင့် မဟာမိတ်နိုင်ငံများအကြား အရေးပါသော အစိတ် အပိုင်းတစ်ရပ်အနေဖြင့် ခိုင်မာမှု ရှိနေဆဲဖြစ်ကြောင်း၊ ရေနံစျေးကွက်ကို ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်သည့် အခြေအနေအရပ်ရပ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။ 

(၄) ရေနံတင်ပို့ရောင်းချသောနိုင်ငံများအသင်း-အိုပက်အဖွဲ့ကြီး (Organization for Petroleum Exporting Countries -OPEC) ၏ (၈) ကြိမ်မြောက် နှီးနှောဖလှယ်ပွဲခေါ် ဆွေးနွေးပွဲသည် ရေနံထုတ် လုပ်မှု ဖြတ်တောက်မှု သက်တမ်း တိုးခြင်းနှင့် ၂၀၂၄ ခုနှစ်တွင် လျှော့ချမှုပြုလုပ်မည့် ရည်မှန်းချက်အပေါ် အလေးထားဆွေးနွေးမှုများဖြင့်သာ အဆုံးသတ်ခဲ့သည်။ ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီး အက်ဘ်ဒူလာဇစ်က ကမ္ဘာ့ကပ်ရောဂါသည် အိုပက်နှင့် အပေါင်းအဖွဲ့ဝင်နိုင်ငံများအကြား (OPEC+ )၊ ပိုမိုပူးပေါင်း ဆောင်ရွက်လာစေရန် သင်ခန်းစာများပေးခဲ့ပြီဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအားလုံး အကျိုးဖြစ်ထွန်းမှု ရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်သွယ်လုပ်ဆောင်မှုများ ပိုမိုရှိလာစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများကြား၌ ယခင်ကထက် ပွင့်လင်းမြင်သာမှုရှိစေလိမ့်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလများတွင် အတူတကွ ဆက်လက်လျှောက်လှမ်းနိုင်ရေး အကြောင်းတရားအပေါ် ပိုမိုအာရုံစိုက်ရန်လိုအပ်ကြောင်းကိုလည်း သုံးသပ်ပြောဆိုသွားခဲ့သည်။ 

(၅) ဆော်ဒီအာရေဗျနှင့် ရုရှား နှစ်နိုင်ငံတို့၏ ရေနံထုတ်လုပ်ရေး လျှော့ချဖြတ်တောက်မှု သက်တမ်းတိုးဆုံးဖြတ်ချက်သည် ရေနံဝယ်လိုအားတိုးလာမှုအပေါ် အကောင်းမြင်မှု အားနည်းနေခြင်းနှင့် ရေနံစျေးနှုန်းများ ထပ်မံကျဆင်းလာနိုင်သည်ဟူသော စိုးရိမ်စိတ်ရှိနေခြင်းတို့ကြောင့်ဟု ရှုမြင်ကြသည်။ ဆော်ဒီအာရေဗျ ရေနံအာဏာပိုင်တို့ကမူ ရေနံစျေးကွက်တည်ငြိမ်ရေးနှင့် စျေးကွက်ညီမျှမှုဖြစ်စေရေးအတွက်ဟု ဆိုထားသည်။

ရေနံရောင်းရငွေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲ ဘဏ္ဍာဖြည့်တင်းနေရသော၊ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများအလွန်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အားကောင်းသော ရေနံဝယ်ယူမှုနှင့် အ လုပ်ဖြစ်နေသော ရုရှားနိုင်ငံသည် အဘယ့်ကြောင့် ဤသို့ရေနံထုတ်လုပ်မှု လျှော့ချခဲ့ရသနည်းဟူသော မေးခွန်းလည်း ထွက်ပေါ်လာသည်။ ဆော်ဒီအာရေဗျနှင့် အခြားသော အိုပက်အပေါင်း (OPEC+) နိုင်ငံများနှင့်ပတ်သက်သည့် ရေနံထုတ်လုပ်မှု ကန့်သတ်ချက်ဖိအားများ  ရုရှားနိုင်ငံတွင်ရှိနေလိမ့်မည်ဟု မှန်းဆသုံးသပ်နေကြ၏။

(၆) ဆော်ဒီအာရေဗျသည် စျေးကွက်တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုအတွက် သင့်လျော်သည့် စျေးနှုန်းအဆင့် (၎င်းတို့လက်ခံလောက်သည့် စျေးနှုန်း) တွင်  ထိန်းသိမ်းထားလိုသည့် သဘောဆန္ဒရှိနေပုံရသည်။ ထိုအခြေအနေကို လူသိရှင်ကြား ထုတ်ဖော်မပြောကြားသော်လည်း စျေးကွက်စောင့်ကြည့်သူများနှင့် လေ့လာသုံးသပ်သူအများစုက ရေနံတစ်စည်လျှင် ဒေါ်လာ ၈၀ ဝန်းကျင်တွင် ဖြစ်စေချင်နေသည်ဟု ယုံကြည်နေကြသည်။ စျေးကွက်တုံ့ပြန်မှုများသည် ပိုမိုကျယ်ပြန့်သော အကြောင်းတရားများအပေါ်တွင် မူတည်လာပြီး မသေချာမှုများသည်လည်း ပို၍ များပြားလာသည်။

အများစုယုံကြည်နေသည့် ယခုနှစ်အတွင်း ရေနံစိမ်းဝယ်လိုအား တိုးနိုင်သည်ဟူသောအခြေအနေသည် တရုတ်နိုင်ငံ စီးပွားရေး ဦးမော့လာနိုင်ခြေကို ကြည့်၍ မှန်းဆထားခြင်းဖြစ်သည်။ တရုတ်စီးပွားရေး အဆောက်အအုံအတွင်း၌ လက်လီကဏ္ဍ အားကောင်းလာမှု ရှိလာနေသည်။ သို့သော် ထုတ်လုပ်မှုကဏ္ဍနှင့်  အိမ်ရာကဏ္ဍများသည် နှေးနှေးကွေးကွေး ဖြစ်နေဆဲ။ ဝယ်လိုအား မန်နေဂျာများ ညွှန်းကိန်း (Purchasing Managers’ Index-PMI) သည် မေလတွင်တိုးတက်မှုရှိခဲ့သော်လည်း  ဇွန်လတွင် အနုတ်လက္ခဏာဆောင်လျက် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်ဟုသိရသည်။

(၇) ဆော်ဒီအာရေဗျ၊ ရုရှား၊ အိုပက်နှင့် အပေါင်းပါနိုင်ငံများ၏ ရေနံထုတ်လုပ်မှု လျှော့ချခြင်းများနှင့်ပတ်သက်၍  အမေရိကန်စွမ်းအင်ကုမ္ပဏီများထံမ ှဝေဖန်တုံ့ပြန် ပြောကြားသံ များများစားစား မကြားရပေ။ ရေနံစျေးကွက် အခြေအနေများနှင့်ပတ်သက်၍ ကြိုတင်မေးခွန်းထုတ်စရာများတွင် တရုတ်နိုင်ငံနှင့်အတူ ဆက်စပ်နေသော အခြားနိုင်ငံများ၏ စီးပွားရေးရလဒ်အကြောင်းများ ပါဝင်နေသည်။ အကယ်၍ ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ရည်ရွယ်ထားသည့်အတိုင်း ရေနံစိမ်းစျေးနှုန်းမြှင့်တက်လာပါက တရုတ်နိုင်ငံသည် ၎င်း၏တင်သွင်းမှုကို ပြန်လည်လျှော့ချလျက် ကုန်ထုတ်လုပ်မှုကို ပြန်လည် ချိန်ဆနိုင်ဖွယ်ရှိနိုင်သည်။ အကယ်၍ ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၀ အောက် ဆက်လက်ရှိနေပါက လက်ရှိဖြစ်ပေါ်နေသော စီးပွားရေး အခြေအနေကို ဆက်လက်ထိန်း သိမ်း၍ တင်သွင်းမှုသာမက တင်ပို့မှုလည်း အားကောင်းလာနိုင်သည်ဟု မှတ်ချက်ပြုထားကြသည်။ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်၌ ရေနံ စိမ်း တင်သွင်းမှု အားကောင်း၊ မကောင်း အခြေအနေသည် ရေနံစိမ်းစျေးနှုန်းများပေါ်တွင်လည်း မူတည်နေမည်ဟု ဆိုသူများလည်း ရှိနေသည်။ 

ကမ္ဘာ့စီးပွားရေးသည် မရေရာမှုများစွာဖြစ်ပေါ်လျက် အင်ဖလေးရှင်းနှင့် နပန်းလုံးနေရချိန်တွင် ရေနံထုတ်လုပ်မှု လျှော့ချရေး အဆက်မပြတ် လုပ်ဆောင်လာခြင်းသည် ကမ္ဘာကြီးအတွက် နောက်ထပ်ဖြေရှင်းရမည့်ပြဿနာသစ်များ ဖန်တီးလာခြင်း ဟုတ်၊ မဟုတ် ဆက်လက် စောင့်ကြည့်ရမည့် အနေအထား ဖြစ်ပေသည်။    https://www.eurasiareview.com

Most Read

Most Recent