အသံချဲ့စက် လော်စပီကာနှင့် ကျေးလက်ဒေသ

အသံချဲ့စက် လော်စပီကာနှင့် ကျေးလက်ဒေသ
Published 16 July 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ယနေ့အချိန် ကိုဗစ်ရောဂါ အကြီးအကျယ်ဖြစ်ပွားပြီးချိန် နောက်ပိုင်းကာလ ကြီးမားပြင်းထန်သည့် နိုင်ငံရေး ပြဿနာများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကုန်ပစ္စည်း၊ အစားအစာ စသည် စျေးရောင်းချသူများအနေဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့်စနစ်သည် ထွန်းကားပြန့်ပွားလာခဲ့သည်။

ထိုနည်းတူစွာ ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လှည့်လည်ရောင်းချသည့် စျေးသည် ကလေးများသည်လည်း ယခင်ကာလများထက် ပိုမို များပြားလာစေခဲ့သည်။

ရပ်ကွက်များအတွင်း အိမ်တိုင် ရာရောက် လှည့်လည်ရောင်းချသည့် စျေးသည်ကလေးများသည် သေးငယ်သော အသံချဲ့စက်ကလေးများ၊ လော်စပီကာ ကလေးများကို အသုံးပြုကာ အချို့က ပါးစပ်နှင့် တိုက်ရိုက် အော်ဟစ်ရောင်းချကြပြီး အချို့က မိမိရောင်းချလိုသည့် ပစ္စည်းအမည် ပါဝင်သည့် စကားလုံးများကို ကြို တင်အသံသွင်းယူခဲ့ပြီးလျှင် ခလုတ်နှိပ်လိုက်ပါက အလိုအလျောက် အသံများ ပေါ်ထွက်လာစေရန် ပြုလုပ်ထားရှိကာ အကြိမ်ကြိမ်ခလုတ် ဖွင့်လှစ်ပြီး ရောင်းချလျက်ရှိကြရာ စျေးသည်တစ်ဦးက ခလုတ်နှိပ်ပြီး ဖွင့်လိုက်၊ ကျန်စျေးသည်တစ်ဦးကလည်း ခလုတ်နှိပ်ပြီး ဖွင့်လိုက်နှင့် အပြိုင်အဆိုင် ဖွင့်လှစ်ပြီး ရောင်းချလျက်ရှိကြသဖြင့် ရပ်ကွက်နေ ပြည်သူ ပြည်သားများမှာ အသံမျိုးစုံကို တစ်ပြိုင်တည်း တစ်ခါတစ်ရံ အဆက်မပြတ် ကြားလျက်ရှိသည်။

ထို့ပြင် ယခုကာလမတိုင်မီ အချိန်ကတည်းက လာရောက်ပြီး အလှူခံလေ့ရှိသူများကလည်း အသံချဲ့စက်ကြီး၊ လော်စပီကာကြီးကို အသုံးပြုကာ ရွတ်ဆိုသံအမျိုးမျိုးကို ရွတ်ဖတ်ပြောဆိုပြီး အလှူခံလာရောက်ကြပါသည်။ အလှူခံလာရောက်ချိန်များနှင့် စျေးသည် ကလေးများ စျေးရောင်းချသည့် အချိန်နှင့် တိုက်ဆိုင်နေသည့် အချိန်များတွင်လည်း ရပ်ကွက်နေ ပြည်သူ ပြည်သားများမှာ အသံမျိုးစုံကို တစ်ပြိုင်တည်း တစ်ခါတစ်ရံအဆက်မပြတ် ကြားရလျက်ရှိနေပါတော့သည်။

အထက်ဖော်ပြပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အင်တာနက်စာမျက်နှာအချို့တွင် အချို့သော ပြည်သူပြည်သားများမှာ ကျန်းမာရေးအခြေအနေအရသော်လည်းကောင်း၊ အခြားသောအကြောင်း အရာများကြောင့်သော်လည်းကောင်း အသံမျိုးစုံကို တစ်ပြိုင်တည်း တစ်ခါတစ်ရံ အဆက်မပြတ်ကြားလျက်ရှိနေသည်များကို ဆိုးရွား ပြင်းထန်စွာ ခံစားလျက်ရှိနေပါသဖြင့် မခံစားနိုင်သည့်အဆုံး ရေးသားတင်ပြလျက်ရှိကြသည်ကိုလည်း တစ်ခါတစ်ရံ တွေ့မြင်လျက်ရှိနေပါသည်။

အထက်ဖော်ပြပါ တင်ပြချက်များသည် ယနေ့အချိန် ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် တွေ့ကြုံရ၊ တွေ့မြင်ရလျက်ရှိသည့် အခြေအနေများ ဖြစ်ပါသည်။

စာရေးသူသည် မုဆိုးချုံရွာမကျေးရွာ၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မွေးဖွားကြီးပြင်းလာသူတစ်ဦးဖြစ်သည့်အတွက် စာရေးသူတို့ ငယ်ရွယ်စဉ်က အသံချဲ့စက် လော်စပီကာနှင့် ပတ်သက်ပြီး တွေ့ကြုံ သိမြင် ခံစားခဲ့ရသည့် အခြေအနေနှင့် ယခုတွေ့ မြင်ရသည့် အခြေအနေများမှာ လွန်စွာကွာခြားလျက်ရှိနေသည်ကို ပြောင်းပြန် ထူးခြားစွာ တည်ရှိဖြစ်ပေါ်နေပါသဖြင့် ရေးသားတင်ပြရန် ကြိုးပမ်းအားထုတ်မိခြင်း ဖြစ်ပါသည်။

စာရေးသူတို့ ငယ်ရွယ်စဉ်က  မုဆိုးချုံရွာမ ကျေးရွာတွင် အသံချဲ့စက် လော်စပီကာ အငှားလိုက်သူမှာ တစ်ဦးတစ်ယောက်တည်း၊ တစ်ခါတစ်ရံ ကျေးရွာသုံးရွာ၊ လေးရွာ အားလုံးပေါင်းတွင်လည်း အသံချဲ့စက် လော်စပီကာ အငှားလိုက်သူမှာ တစ်ဦး တစ်ယောက်တည်းသာရှိ တတ်ပါသည်။ နောက်ပိုင်း တိပ်ခွေနှင့် ဖွင့်သည့် ကက်ဆက် ပေါ်ပေါက်လာချိန်တွင်မူ အသံချဲ့စက် လော်စပီကာ ပိုင်ဆိုင်သူဦးရေ များပြားလာခဲ့ပါသည်။

ထိုစဉ်အချိန်က ဓာတ်ပြားကိုသာ အသုံးပြုပြီး ဖွင့်ရသည့် အသံချဲ့စက် လော်စပီကာဖြစ်သဖြင့် တစ်ကြိမ်ဖွင့်ရန် ကုန်ကျစရိတ် များပြားလှပါသည်။ ပွဲလမ်းသဘင်၊ အလှူအခမ်းအနား၊ ဘုန်းကြီးကျောင်း နေ့ကြီးရက်ကြီး အခမ်းအနားများ ပြုလုပ်သည့် အချိန်များတွင်ပင်လျှင် ငွေကြေးပေးပြီး ငှားရမ်းသူရှိမှသာ ဖွင့်လှစ်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။ ထို့ကြောင့် မည်သူကမျှ အလဟဿ ငွေကြေးအကုန်အကျခံပြီး မဖွင့်နိုင်ပါ။

ကျေးရွာတွင် အသံချဲ့စက် လော်စပီကာသံကြားရသည်နှင့် တစ်ပြိုင်နက် ကျေးရွာသူကျေးရွာသားများသည် မည်သူ၏ အလှူ အခမ်းအနား၊ မင်္ဂလာဆောင်၊ အခါကြီးရက်ကြီး နေ့ရက် စသည်ဖြင့် အလိုလို သိမြင်နားလည်လျက်ရှိပြီး ပျော်ရွှင်ကြည်နူးရမည့် အခြေအနေအတွက် အသံချဲ့စက် လော်စပီကာ ဖွင့်ခြင်းဖြစ်ပါက ကျေးရွာသူကျေးရွာသားအား လုံးတို့သည် ပျော်ရွှင်ကြည်နူးလျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။

သို့သော်လည်း တစ်ခါတစ်ရံ ငွေကြေးပြည့်စုံ ချမ်းသာကြွယ်ဝသူ ကွယ်လွန်ပါကလည်း အသံချဲ့စက် လော်စပီကာ ငှားရမ်းဖွင့်လေ့ရှိသည်ကိုလည်း ယခင်အချိန်ကာလများက တွေ့မြင်ကြရပါသည်။ အဘယ်ကြောင့်ဆိုသော် အသုဘချချိန်တွင် ဗျိုင်းတောင်ခေါက်ပြီး ချရသဖြင့် အသံချဲ့စက် လော်စပီကာ ငှားရမ်းထားရှိရန် လိုအပ်ပါသည်။ နောက်ပိုင်းအချိန်များတွင်မူ နာရေးအတွက် အသံချဲ့စက် လော်စပီကာ ငှားရမ်း ဖွင့်လေ့မရှိကြတော့ပါ။

ကျေးလက်ဒေသ ကျေးရွာများ၏ သဘောသဘာဝသည် သာမန်အချိန်များတွင် နွားအော်သံ၊ ခွေးဟောင်သံ၊ နွားမောင်းသံ၊ အချင်းချင်း စကားပြောသံများမှလွဲပြီး ကျန် အသံများ ကြားရလေ့မရှိပါ။ ထို့ပြင် အိမ်အများစုသည် ဝင်းခြံများနှင့် လူနေအိမ်၊ နွားခြံ၊ စပါးတိုက် စသည်တို့ကို ဆောက်လုပ်ထားရှိသဖြင့် တစ်အိမ်နှင့် တစ်အိမ် ပြောဆိုသည့် အသံများသည်လည်း အလွယ်တကူကြားရန် မလွယ်ကူပါ။

ကျေးရွာတွင် အသံချဲ့စက် လော်စပီကာ ဖွင့်သည့်အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တွင် ကြက်သီးမွေးညင်း ကလေးများပင် ထကြွလာသည်အထိ ပျော်ရွှင်ကြည်နူးရလေ့ရှိပါသည်။ အချို့သော လူငယ်ကလေးများမှာ ဉာဏ်ကောင်းကြသဖြင့် အသံချဲ့စက် လော်စပီကာဖွင့်သဖြင့် ကြားသိရသည့် သီချင်းကလေးများကို အလွတ်ပင် ဆိုနိုင်လျက်ရှိနေကြသည်ကိုလည်း တွေ့ရှိရပါသည်။

ထိုစဉ်အချိန် အသံချဲ့စက် လော်စပီကာဖွင့်ရန်အတွက် ပထမဆုံးလိုအပ်ချက်မှာ ဘက်ထရီအိုးကြီးများ အားသွင်းထားပြီး အားရှိနေစေရန် ဖြစ်ပါသည်။

ဘက်ထရီအိုးကြီးများကို အားသွင်းရာတွင်လည်း လျှပ်စစ်မီးမရှိသဖြင့် အင်ဂျင်စက်ကိုနှိုးပြီး အားသွင်းကြရပါသည်။ အသံချဲ့စက် လော်စပီကာဖွင့်ရန် လိုအပ်သည့် ပစ္စည်းများမှာလည်း လွန်စွာစျေးကြီးသဖြင့် တစ်ကြိမ်တစ်ခါဖွင့်နိုင်ရန်ပင် မလွယ်ကူလှပါ။ ထို့ကြောင့်လည်း အချို့သော အသံချဲ့စက် လော်စပီကာ ဖွင့်နိုင်ရန် ငှားရမ်းသူများက အခု အသံချဲ့စက်လော်စပီကာ အသံမြည်နေတာ ငါ့ပိုက်ဆံကြောင့် မြည်နေတာကွ ဆိုပြီး ဂုဏ်ယူပြောဆိုလေ့ရှိကြပါသည်။

အလျဉ်းသင့်သဖြင့် တွေ့မြင် ကြားသိ ထိတွေ့ ခံစားရရှိသည့် ပစ္စည်းတစ်မျိုး၏ အရသာသည် တစ်မျိုး တစ်စားတည်း တူညီပြီး ပြောင်းလဲခြင်း မရှိပါသော်လည်း တွေ့မြင် ကြားသိ ထိတွေ့ခံစားရသူ၏ အခြေအနေအချိန်အခါ မတူညီသောကြောင့် ခံစားရရှိသည့် အရသာသည် လွန်စွာကွဲပြားခြားနား သွားတတ်သည်ကို စာရေးသူ တွေ့ ကြုံ ခံစားခဲ့ရသည့် အတွေ့အကြုံ နှစ်ခုအား စာဖတ်သူများအတွက် ဝေမျှပါမည်။

ပထမတစ်ခုမှာ ၁၉၈၂ ခုနှစ် ခန့်တွင် စာရေးသူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာ တတိယနှစ်သင်တန်းကို တက်ရောက်ရန်အတွက် ကျောင်းမဖွင့်မီ ရက်အနည်းငယ်ခန့်အလို ရန်ကုန်စီးပွားရေးတက္ကသိုလ် လက်အောက်ခံ ဟန်လင်းဆောင်တွင် နေထိုင်လျက်ရှိစဉ် သစ်တောပညာ (Forestry) ကို လေ့လာသင်ယူမည့် သူငယ်ချင်းတစ်ဦးနှင့် သင်္ဘောအင်ဂျင်နီယာဘာသာရပ် (IMT) ကို လေ့လာမည့် သူငယ်ချင်းတစ်ဦးတို့သည် စာရေးသူထံ အလည်အပတ်ရောက်ရှိလာခဲ့ပြီး သမိုင်းဝင်း အဆောင်များမှ ရန်ကုန်မြို့ထဲသို့ လမ်းလျှောက်ရန် စကားစမြည် ပြောဆိုကြရင်း သဘောတူညီမှု ရရှိကြကာ နေ့လယ်နေပူချိန်တွင် ရန်ကုန်မြို့တွင်းသို့ လမ်းလျှောက် ထွက်ခဲ့ကြပါသည်။

ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးအနီး၊ ပန်းဆိုးတန်းသို့ ရောက်ရှိသည့်အခါတွင်မူ ပန်းဆိုးတန်း ကုန်တိုက်အပေါ်သို့ တက်ရောက်ခဲ့ကြပြီး နေကပူပူ လူကမောမောနှင့် ဗင်တို အမှတ်တံဆိပ် ရေခဲစိမ်ပြီး အေးလျက်ရှိသည့် ဘိလပ်ရည် (သို့မဟုတ်) အချိုရည်တစ်ပုလင်းကို သောက်လိုက်ရာ ခေါင်းထဲသို့ ကျင်ခနဲ ထိုးတက်သွားပြီးလျှင် ပါးစပ်နှင့် နှာခေါင်းတို့မှလည်း အခိုးများထွက်လျက် လူတစ်ကိုယ်လုံးကို ကျဉ်တက်သွားခဲ့ပါသည်။ နောင်တွင် ဗင်တို အမှတ်တံဆိပ် ဘိလပ်ရည် (သို့မဟုတ်) အချိုရည် ပုလင်းအချို့ကို အထက်ပါ ကဲ့သို့ အရသာ ဖြစ်ပေါ်လာစေရန် သောက်ကြည့်ခဲ့ရာ ယနေ့အချိန် အသက် ၆၀ နှစ်ကျော်သည်အထိ ထိုအရသာကို ရှာဖွေမတွေ့ရှိနိုင်တော့ပါ။

အခြားတစ်ခုမှာ စာရေးသူ နည်းပြဘဝ မန္တလေးတက္ကသိုလ်တွင် အဝေးသင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ၏ စာမေးပွဲအတွက် အနီးကပ်သင်တန်း ပို့ချစဉ်က ဖြစ်ပါသည်။ စာရေးသူတို့မှာ ရွှေပြည်အေး ကျောင်းသားအဆောင်တွင် ခေတ္တ နေထိုင်ကြရပါသည်။ အနီးကပ်သင်တန်းပို့ချရန် အတန်း မရှိသည့်ရက် အားလပ်ချိန်တွင် စာရေးသူနှင့် သင်တန်းပို့ချရန် အတူ လာရောက်သည့် သူငယ်ချင်းက မန္တလေးကျုံးကို အတူကြည့်ရန်ခေါ်သဖြင့် တစ်ယောက်လျှင် စက်ဘီး တစ်စီးစီ ငှားရမ်းပြီး မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးတက္ကသိုလ်မှ ထွက်လာခဲ့ကြပါသည်။

အဘယ်မျှ ပူသလဲဆိုပါလျှင် စက်ဘီးနင်းသည့်အခါ လုံချည်နှင့် လွတ်နေသည့် ညို့သကျည်း ခြေသလုံးများပင်လျှင် အပူဟတ်သဖြင့် ကြိတ်မှိတ်ပြီး စက်ဘီးနင်းကြရပါသည်။ မန္တလေးအရှေ့မြောက် ကျုံးထောင့် နေရာသို့ရောက်ရှိသည့်အခါတွင် ရန်ကုန်မြို့ရှိ ကရဝိက်ကဲ့သို့ ပြင်ဆင်ထားရှိသည့် အဆောက် အအုံအတွင်း ခေတ္တနားခိုလျက်ရှိစဉ် ဆိုင်ပိုင်ရှင်က ဘီယာအေးအေးလေး ဝယ်ယူသောက်သုံးနိုင်ပါကြောင်း ပြောသဖြင့် တစ်ယောက်လျှင် ဘီယာတစ်ဘူးစီ ဝယ်ယူသောက်သုံးခဲ့ကြရာ ထိုအချိန်က သောက်သုံးခဲ့ရသည့် ဘီယာ၏အရသာသည် အလွန်ကောင်းမွန်သဖြင့် နောင်တွင် ထိုကဲ့သို့သော အရသာရရှိစေရန် ဘီယာကို ရှာဖွေသောက်သုံးကြည့်ပါသော်လည်း ယနေ့အချိန်အထိ ဖော်ပြပါကဲ့သို့ အရသာကို ရှာဖွေ မတွေ့ရှိနိုင်တော့ပါ။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အတွေ့အထိအာရုံ၊ စိတ်ကူးစိတ်သန်းအာရုံတို့၏ သဘောသဘာဝသည် တွေ့မြင် ကြားသိ ထိတွေ့မှုတို့အရ လူတို့အပေါ် အရသာ ခံစားမှုများကို ပေးနိုင်စွမ်းရှိကြပါသော်လည်း လူတို့၏စိတ်တွင် အကျိုးသက်ရောက်စေမှု အင်အားမှာ အခြေအနေ အချိန်အခါ ကာလအပေါ် မူတည်ကာ ပြင်းထန်မှု၊ ပျော့ပျောင်းမှု ဒီဂရီ အနည်းအများအလိုက် ပြောင်းလဲသွားတတ်သည့် သဘောသဘာဝရှိသည်ကို တင်ပြရန်နှင့် ထိုနည်းတူစွာ အသံချဲ့စက် လော်စပီကာကြောင့် ဖြစ်ထွန်းစေမည့် အသံများသည်လည်း မြို့ပြဒေသနှင့် ကျေးလက် ဒေသအတွက် နေရာဒေသကွာခြားမှု၊ အချိန်အခါ၊ အခြေအနေများအရ အရသာခံစားမှု ဒီဂရီမှာ မည်မျှ ခြားနား ကွာခြားသွားသည်ကို သတိပြုနိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ အသံချဲ့စက် လော်စပီကာတွင် ပါဝင်သည့် အစိတ်အပိုင်းကလေးများကို တင်ပြပါမည်။ ဓာတ်ပြား၊ ဓာတ်စက် ခေတ်အချိန်က ပစ္စည်းအစိတ်အပိုင်း အပြည့်အစုံ မဟုတ်ပါသော်လည်း အသံချဲ့စက် လော်စပီကာတွင် ပါဝင်သည့် အစိတ်အပိုင်းအချို့ကို ပုံတွင်ဖော် ပြထားပါသည်။ အစိတ်အပိုင်းအားလုံးပေါင်းလျှင် မည်မျှကြီးမားကျယ် ပြန့်သည်ဆိုပါလျှင် ရွာတွင် အသုံးပြုသည့် နွားလှည်းကြီးတစ်စီး အပြည့်ရှိပါသည်။ ၀ိုင်ယာကြိုးခွေ ထည့်သည့် သေတ္တာတစ်ခုပင်လျှင် သီးသန့်ပါဝင်ပါသည်။ အားလုံးကို သစ်သားသေတ္တာကြီးများနှင့် သယ်ယူကြရပြီး အော်လံဟု ခေါ်ဆိုသည့် ပစ္စည်းကို လှည်း၏ ရှေ့ဆုံးတွင် မြင် လွယ်စေရန် တင်ထားလေ့ရှိပါသည်။ ဘက်ထရီ အိုးကြီးနှစ်လုံးမှာလည်း ဘက်ထရီအိုးတစ်လုံးလျှင် လူငယ် နှစ်ဦးက အလွန်အားစိုက်ပြီး မကြရပါသည်။

ဒုတိယအနေဖြင့် အသံချဲ့စက် လော်စပီကာဖွင့်ရန် ပြင်ဆင်ရပုံကို အနည်းငယ်အကျဉ်းချုပ်ပြီး တင်ပြပါမည်။ မည်သည့်ပွဲ အခမ်းအနား တွင်မဆို အသံချဲ့စက် လော်စပီကာကို ညနေ ၄ နာရီခန့်မှ  စတင်ဖွင့်လေ့ရှိကြပါသည်။ အသံချဲ့စက် လော်စပီကာအား သီချင်းသံ၊ ဂီတသံ၊ ဇာတ်လမ်း၊ ဇာတ်ထုပ်၊ နှစ်ပါးသွား၊ဘုရား အလောင်းတော်၏ ဘဝဇာတ်လမ်း များ၊ ငါးရာ့ငါးဆယ် နိပါတ်တော် ဇာတ်လမ်းများ စသည်တို့ကို လွယ်ကူချောမွေ့စွာ ဖွင့်နိုင်ရန်မှာ လွယ် ကူသည့် ကိစ္စရပ်များမဟုတ်ပါ။

အထက်တွင် ဖော်ပြထားသည့် နွားလှည်းကြီးနှင့်တင်ပြီး သယ်ဆောင်လာသည့် သေတ္တာကြီးများကို ကာယဗလ သန်မာသည့် လူငယ်များက သယ်ပြီးချကာ သူ့နေရာနှင့်သူ အစီအစဉ်အတိုင်း ထားရှိကြရပါသည်။ သွက်လက်ပြီး သစ်ပင်တက် ကျွမ်းကျင်သူ လူငယ် သို့မဟုတ် တိုင်ထောင်ကျွမ်းကျင်သူ လူငယ်က “လော်” ဟုခေါ်ဆိုပြီး တစ်ခါတစ်ရံ “ဟွန်း” ဟုခေါ်ဆိုသည့် ကိရိယာကြီးကို တစ်ရွာလုံး ကြားနိုင်စေရန် အလို့ငှာ သစ်ပင်ထိပ်ဖျား သို့မဟုတ် အဆောက်အအုံ၏ ခေါင်မိုးကနေပြီး တိုင်ထောင်ကာ တပ်ဆင်ကြရပါသည်။

အားလုံး တပ်ဆင်ပြီးချိန်တွင်မူ “မိုက် (MIC)” စမ်းခြင်း၊ “အသံ” စမ်းခြင်းများ ပြုလုပ်ပြီး စတင်ဖွင့်သည်မှာ ညနေ ၄ နာရီခန့်မှ စတင်ပြီး တစ်ခါတစ်ရံ ည ၁၂ နာရီခန့်အထိပင် ဖွင့်လေ့ရှိပါသည်။ နံနက် ၄ နာရီခန့်တွင် ဆွမ်းချက်ရန် နှိုးဆော်သည့် သီချင်းက စတင်ပြီး ဖွင့်သည်မှာ နေ့လယ်ခန့်အထိပင် ဖြစ်ပါသည်။

တစ်ခါတစ်ရံ ဓာတ်ပြားနှင့် ဓာတ်အပ်မှာ လမ်းကြောင်းမပြောင်းနိုင်သဖြင့် ထွက်ပေါ်လာသည့် အသံသည် အကြိမ်ကြိမ်ထပ်နေလျှင်လည်း ပြဿနာ မရှိတတ်ပါ။

ဖွင့်သည့်သူက လက်ဖြင့် နေရာရွှေ့ပေးရပါသည်။ သို့သော်လည်း ထူးခြားသည့် အခြေအနေတစ်ရပ်မှာ “မိုက်” ဖြင့် သီချင်းဆိုသည်ကိုမူ စာရေးသူအနေဖြင့် မတွေ့မမြင် မကြားခဲ့ဖူးပါ။

ကျေးလက်တောရွာဖြစ်သဖြင့် တစ်ခါတစ်ရံ အချို့သော ပစ္စည်းကလေးများမှာ အလွယ်တကူ ဝယ်ယူမရရှိနိုင်သဖြင့် ပစ္စည်းအဟောင်းများကို ပြင်ဆင်ပြီး သုံးစွဲကြရပါသည်။ စာရေးသူမှာ ထိုစဉ်အချိန်က ဘုန်းကြီးကျောင်းတွင် လေ့လာသင်ယူနေသည့် ဘုန်းကြီးကျောင်းသားဖြစ်သဖြင့် ဘုန်းကြီး၏ လမ်းညွှန်ခိုင်းစေချက်အရ ဓာတ်အပ်သွေးသည့် အလုပ်ကို လုပ်ကိုင်ခဲ့ရဖူးပါသည်။ ထူးထူးခြားခြားမဟုတ်ပါ။ စာရေးသူတို့ စာရေးလေ့ကျင့်ရသည့် သင်ပုန်းကြီးနှင့် ကျောက်တံရှိရာ သင်ပုန်းကြီးပေါ်တွင် ဓာတ်အပ်ကလေးကို ချွန်ထက်လာစေရန် သွေးပေးရခြင်း ဖြစ်ပါသည်။

တတိယအနေဖြင့် အသံချဲ့စက် လော်စပီကာဖွင့်သည့်အတွက် ပေါ်ထွက်လာသည့် အသံသည် တစ်မျိုးတည်း မပြောင်းမလဲ တည်ရှိဖြစ်ပေါ်နေသည့်တိုင် ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများ ခံစား ကြားသိရသည့် သဘောသဘာဝနှင့် ကျေးလက်ဒေသတွင် နေထိုင်လျက် ရှိကြသည့် ပြည်သူ ပြည်သားများ ခံစား ကြားသိရသည့် သဘော သဘာဝသည် အဆိုးနှင့် အကောင်း၊ လက်ခံနိုင်မှုနှင့် လက်မခံနိုင်မှုအခြေ အနေ၊ အနီးကပ် ခံစား ကြားသိရမှုနှင့် သစ်ပင်အပေါ် တိုင်အပေါ်တင်ပြီး ဖွင့်သဖြင့် အဝေးက ခံစား ကြားသိရမှု အခြေအနေများအပေါ် မူတည်ကာ အသံချဲ့စက် လော်စပီကာ ဖွင့်သည့်လုပ်ရပ်သည် ကောင်းကျိုးကို ပေးပါသလော၊ သို့မဟုတ် ဆိုးကျိုးကို ပေးပါသလော ဆိုသည့် မေးခွန်း၏အဖြေများကို စာဖတ်သူများကပင် စဉ်းစားပြီး အဖြေထုတ် ကြည့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ အမြင်အာရုံ၊ အကြားအာ ရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊အတွေ့ အထိအာရုံ၊ စိတ်ကူးစိတ်သန်းအာရုံတို့၏ သဘောသဘာဝသည် တွေ့မြင် ကြားသိ ထိတွေ့မှုတို့အရ လူတို့အပေါ် အရသာ ခံစားမှုများကို ပေးနိုင်စွမ်းရှိကြပါသော်လည်း လူတို့၏စိတ်တွင် အကျိုးသက်ရောက်စေမှု အင်အားမှာ အခြေအနေ အချိန်အခါ ကာလအပေါ်တွင်မူတည်ကာ ပြင်းထန်မှု၊ ပျော့ပျောင်းမှု ဒီဂရီ အနည်းအများအလိုက် ပြောင်းလဲ သွားတတ်သည့် သဘောသဘာဝရှိသည်ကို သတိပြုနိုင်ကြပါစေကြောင်းနှင့် ထိုနည်းတူစွာ အသံချဲ့စက် လော်စပီကာကြောင့် ဖြစ်ထွန်းစေမည့် အသံများသည်လည်း မြို့ပြ ဒေသနှင့် ကျေးလက်ဒေသအတွက် နေရာဒေသကွာခြားမှု၊ အချိန်အခါ၊ အခြေအနေများအရ အရသာ ခံစားမှု ဒီဂရီမှာ မည်မျှ ခြားနား ကွာခြားသွားသည်ကို သတိပြုနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent