တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု အာမခံကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဇူလိုင် ၁၁ ရက်က စစ်တွေတပ် နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတည်ငြိမ်အေးချမ်းသည့် အချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု တပ်မတော်အနေဖြင့် အာမခံပြီးဖြစ်ကြောင်းနှင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နစကဥက္ကဋ္ဌအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်လျှင် ပြန်လည်ကျင်းပပေးရန် အာမခံကြောင်းကို မကြာခဏ ပြောကြားလေ့ရှိသည်။
ပြီးခဲ့သည့် မေ ၂၂ ရက်ကလည်း ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်သွားမည်ဟု အာမခံကြောင်း ပြောကြားထားသည်။
ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည် ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဦးစွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်သည့် စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း ပြောကြားသည်။
ထို့ပြင် (၇၅) နှစ်မြောက် စိန်ရ တုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့ဖူးသည်။
“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
နစကအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အခြေခံအချက်အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
ထို့ပြင် မဲစာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
လွတ်လပ်ပြီး တရားမျှတ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နိုင်ငံအဝန်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲပူးပေါင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
နစကဥက္ကဋ္ဌ ပြောကြားသွားသည့် စကားအသွားအလာကို ကြည့်မည်ဆိုလျှင် အရေးပေါ်ကာလအလွန်တွင် ရွေးကောက်ပွဲလုပ်သွားမည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
■ လုံခြုံရေးအခြေအနေ
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ပြည့်ချိန်၌ နစကအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေး ချမ်းသာယာရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ တစ်နိုင်ငံလုံးတွင် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှု ၈၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉၆၈၆ ကြိမ်၊ မီးရှို့မှု ၁၂၃၁ ကြိမ် စုစုပေါင်း အကြမ်းဖက်မှု ၁၉၄၄၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ယင်းကာလအတွင်း ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ် ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် နှစ်ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ် ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
နှစ်နှစ်ကျော်ကာလအတွင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် ကလေးငယ် ၂၀၂ ဦး၊ ဆရာဆရာမ ဦးရေ ၈၀၊ သံဃာ ၇၄ ပါး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၂၅ ဦးနှင့် အခြား ပြည်သူ့ဝန်ထမ်း ၂၅၁ ဦး၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၇ ဦး အပါအဝင် အရပ်သား ၆၀၉၁ ဦး သေဆုံးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အဝဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရန် လိုအပ်ချက်များရှိနေသေးကြောင်း နစကဥက္ကဋ္ဌက ဝန်ခံခဲ့သည်။
နစကအနေဖြင့် နိုင်ငံတော် တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကာလ ခြောက်လတိုးပြီးသည့်အချိန်တွင် ရှေ့လုပ်ငန်းစဉ်ငါးရပ် ပြင်ဆင်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်သည် ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်မည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့်အချက် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအချက်ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင်များစွာ ထိခိုက်သေ ဆုံးမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အရေးပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရပြီး အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးအနေဖြင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်သည့်အတွက် ယခုထက် ပိုမိုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
■ စစ်အုပ်ချုပ်ရေးကြေညာခြင်း
နစကတာဝန်ယူပြီး နှစ်နှစ်ပြည့်မြောက်ချိန်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ် ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)၊ (၂/ ၂၀၂၃)၊ (၃/၂၀၂၃)၊ (၄/၂၀၂၃)၊ (၅/၂၀၂၃) နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံခဲ့ရသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည်နယ်မှ လေးမြို့နယ်၊ မွန်ပြည်နယ်မှ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်နှင့် တနင်္သာရီတိုင်းမှ နှစ် မြို့နယ်တို့ ဖြစ်ကြသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့လည်းကောင်း အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့အတူ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့်အမှတ် (၂/၂၀၂၃) ဖြင့် အ နောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း၊ တောင် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ် သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့်အမှတ် (၃/၂၀၂၃) ဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်မြို့နယ်တို့ကို အမိန့်အမှတ် (၄/ ၂၀၂၃) ဖြင့် အရှေ့တောင်တိုင်း စစ် ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/ ၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အမှတ် (၆/၂၀၂၃) ဖြင့် ဒေသကွပ်ကဲရေးမှူးထံသို့ုလည်းကောင်း အသီးသီး စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက် ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။
စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာခြင်းမဟုတ်ကြောင်း၊ လာမည့် ခြောက်လတာကာလအတွင်း အဆိုပါ ဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟုယူဆကြောင်း နစကဥက္ကဋ္ဌကဆိုသည်။
တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ထားသည့် နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းမရှိသည့် နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန် ခက်ခဲသည့် နေရာများကိုသာ စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မတ်လကလည်း ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ် မေလတွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်း ကိုးခုမှ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်း တွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် တနင်္သာရီတိုင်းတွင် နှစ်မြို့နယ်တို့ကို နစက,က စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့်တိုင်း ကိုးခုအနက် စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံး ကြေညာခံထားရသည်။
ယင်းနောက် ချင်းပြည်နယ်က ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယ အသီးသီးကြေညာခံထားရသည်။
■ ကာလုံအစည်းအဝေး
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) ကို နေပြည်တော်၌ ကျင်းပခဲ့သည်။
သာမန်မဟုတ်သည့်အခြေအနေဖြစ်သည့်အတွက် အရေးပေါ်ကာလကြေညာထားမှုကို နောက်ထပ် ခြောက်လသက်တမ်းတိုးမြှင့်ရန် ကာလုံအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်း ကြေညာထားသည့် အရေးပေါ်အခြေအနေကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နောက်ထပ်ခြောက်လ ထပ်မံ တိုးမြှင့်ခွင့်ပြုလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ထပ်မံအပ်နှင်းလိုက်ကြောင်း ကာလုံအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
အရေးပေါ်ကာလ သက်တမ်းတိုးပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးလျှင် သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ တွင် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်နှင့်ဖြစ်စေ လွှဲအပ်ကျင့်သုံးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အရေးပေါ်ကာလ ကြေညာထားမှုကို ခြောက်လနှစ်ကြိမ် သက်တမ်း တိုးမြှင့်ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် အချိန်လိုအပ်ချက်၊ အခြေခံမဲစာရင်းများပြုစုရန် အချိန်လိုအပ်ချက်နှင့် လုံခြုံရေးအကြောင်းပြချက် စသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နောက်ထပ် ခြောက်လသက်တမ်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေက အဆိုပါအချက်များသည် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ သဘောတူညီဆုံးဖြတ်ချက်များအရလည်းကောင်း၊ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ ယခုလိုအရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယာယီသမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ သဘောထားတောင်းခံရာတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် ခြောက်လအထိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိသည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ သဘောထားပြန်ကြားခဲ့သည်။
လာမည့် ဇူလိုင် ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးက အရေးပေါ်ကာလ နောက်ထပ် ခြောက်လ သက်တမ်းတိုးမြှင့်ထားသည့်ကာလ ပြည့်မြောက်မည်ဖြစ်သည်။
နောက်ထပ် သက်တမ်းတိုးမြှင့်ထားသည့် အရေးပေါ်ကာလ ခြောက်လပြည့်သည့် ဇူလိုင် ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ဆိုရမည်ဖြစ်သည်။
လက်ရှိတွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေသေးကြောင်း နစကဥက္ကဋ္ဌ က ဝန်ခံပြောကြားထားသည်။
ထိုသို့သောအခြေအနေများကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ဆိုရာတွင် အရေးပေါ်ကာလကြေညာထားမှုကို နောက်ထပ် ခြောက်လ သက်တမ်းတိုးနိုင်သည့် အလားအလာ ရှိ မရှိအပေါ် နိုင်ငံရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။











