အုပ်ချုပ်မှု ရည်မှန်းချက်အတွက် အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Government)

အုပ်ချုပ်မှု ရည်မှန်းချက်အတွက် အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Government)
Published 9 July 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရန် စတင်စဉ်းစားသည့်အခါတွင် လွန်စွာခက်ခဲသည့် အခြေအနေကို တွေ့ရှိသိမြင်ခဲ့ရပါ သည်။ အဆိုပါအခြေအနေမှာ ယခုဆောင်းပါးသည် ယနေ့စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိနေသည့်အခြေအနေ၊ လက်ခံကျင့် သုံးလျက်ရှိသည့် သဘောတရားများ၊ ရင်ဆိုင် ကြုံတွေ့နေရသည့် သဘောသဘာဝနှင့် အလှမ်းကွာဝေးလျက်ရှိနေခြင်းပင် ဖြစ်ပါသည်။ သို့သော်လည်း နောင်အနာဂတ်တွင် တည်ရှိဖြစ်ပေါ်လာမည့် တိုင်းပြည်နိုင်ငံတော်အတွက် ရည်မှန်းကာ ယခု ဆောင်းပါးကလေးကို ရေးသားတင်ပြရန် ကြိုးပမ်းအားထုတ်မိခြင်း ဖြစ်ပါသည်။

စာဖတ်သူများ တွေ့မြင်သိရှိမည်ဟု ထင်မြင်ပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်ပြီး ယနေ့ အချိန်ကာလအထိတိုင်အောင် စည်းမျဉ်းအခြေပြု ပတ်ဝန်းကျင် သို့မဟုတ် စည်းမျဉ်းအခြေပြု အခင်းအကျင်းကို မတည်ဆောက်နိုင်သေးခြင်းပင်ဖြစ်ပါသည်။ အမှန်တကယ် ဖြစ်သင့်သည့် အခြေအနေမှာအရေးပေါ်အခြေအနေ သို့မဟုတ် အရေးကြီးကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဆိုပါ အရေးပေါ်အခြေအနေကို အလျင်အမြန် လေ့လာဆန်းစစ်ပြီး မူဘောင်ရေးဆွဲ ချမှတ်ပြဋ္ဌာန်းကာ သက်ဆိုင်သည့် ပါဝင်ပတ်သက်သူအားလုံးတို့က နိုးကြားတက်ကြွစွာ ပါဝင်စေလျက် မူဘောင်တွင် ပါရှိသည့်အတိုင်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သည့် အခင်းအကျင်းကို ဖန်တီးတည်ဆောက်နိုင်ရမည်ဖြစ်ပါသည်။

သို့သော်လည်း လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူ/ရရှိခဲ့ကြသူများသည် အရေးပေါ်အခြေအနေ သို့မဟုတ် အရေးကြီးကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အထက်ပါကဲ့သို့ လေ့လာဆန်းစစ်ခြင်းများ၊ မူဘောင်ချမှတ်ပြဋ္ဌာန်းခြင်းများ ပြုလုပ်ဆောင်ရွက်ရမည့်အစား အဆိုပါ အရေးပေါ်အခြေအနေကို ဖြေရှင်းဆောင်ရွက်ရန် မည်သည့်လူပုဂ္ဂိုလ်အား တာဝန်ပေးအပ်လိုက်သည် ဆိုသည့် “အာဏာရှင်”တို့၏ အလေ့အထ အပြုအမူများကိုသာ တွေ့မြင်ကြရမည်ဖြစ်ပါသည်။

အကျိုးဆက်အဖြစ် ရှင်းလင်းထင်ရှားသည့် ရလဒ်များပေါ်ထွက်လာစေရန်အလို့ငှာ အရေးပေါ်အခြေအနေကို တုံ့ပြန်ခြင်းမပြုမီ အချိန်ကာလတွင်သော်လည်းကောင်း၊ တုံ့ပြန်ခြင်းပြုလုပ်သည့် အချိန်ကာလတွင်သော်လည်းကောင်း၊ တုံ့ပြန်ခြင်းပြုလုပ်ပြီးသည့်နောက်ပိုင်း အချိန်ကာလတွင်သော်လည်းကောင်း မူဘောင်များချမှတ်ပြဋ္ဌာန်းထားခြင်းမရှိဘဲ တာဝန်ပေးအပ်ခံရသူ၏ မျက်စိဖြင့်ကြည့်ပြီး နံကြားထောက် ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြင့်သာ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အမိန့်ပေးစေခိုင်းသူက လုပ်ငန်းများ ပြီးဆုံးပြီ ရပ်-ဆိုပြီး အမိန့်ပေးပါက ဆင်းရဲဒုက္ခကို ခံစားရလျက်ရှိသည့် ပြည်သူပြည်သား နိုင်ငံသားများအနေဖြင့် မည်သို့သောအခြေအနေသို့ ရောက်ရှိရင်ဆိုင်နေရသည်ဖြစ်စေ လုပ်ငန်းများပိတ်သိမ်းပြီး ရပ်ဆိုင်းသွားမည်သာဖြစ်ပါသည်။

စာရေးသူသည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်၊ တနင်္လာနေ့တွင် ထုတ်ဝေသည့်  Weekly Eleven News, No. 26, Vol. 16 တွင် “အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များ”ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုဆောင်းပါးအား အဆိုပါ ဆောင်းပါးနှင့် တွဲဖက်ပြီး လေ့လာဖတ်ရှုကြပါရန် အကြံပြုတင်ပြအပ်ပါသည်။ ရေးသားတင်ပြခဲ့သည့် ဆောင်းပါးတွင် ပါဝင်သည့် သတင်းအချက်အလက်များကို စာဖတ်သူများ အလွယ်တကူသိမြင်နိုင်စေရေး အလို့ငှာ ထပ်မံတင်ပြပါသည်။

“အာဏာရှင်စနစ်သည် အာဏာကိုသာ အခြေခံပြီး ပြည်သူပြည်သားအပေါင်းတို့အား တိုက်ရိုက်ခိုင်းစေခြင်း ဖြစ်ပါသည်။ လူအချင်းချင်း အာဏာကို အခြေခံကာ မည်သည့် ကြားခံပစ္စည်းကိုမျှ အသုံးမပြုဘဲ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ်ပါသည်။ အဆင့်ဆင့်သော အာဏာနှင့် လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူသည် သာမန်လူပုဂ္ဂိုလ်များနှင့် မတူညီတော့ဘဲ စေလိုရာစေ၊ လက်ညှိုးညွှန်ရာ ရေဖြစ်စေသည့် တန်ခိုးကို ပိုင်ဆိုင်သူများကဲ့ သို့ဖြစ်စေပါသည်။ ပြည်သူပြည်သားများမှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လက်ခံရမည်ဖြစ်ပြီး အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူများထံ အသက်နှင့် ဘဝကို အပ်နှင်းထားရသကဲ့သို့ ဖြစ်စေပါသည်။ ခိုင်းသမျှ လုပ်၊ ပေးသမျှယူ၊ ကျွေးသမျှစားဆိုသည့် အခြေအနေဖြစ်ပါသည်။”

“နိုင်ငံတော်အကြီးအကဲက ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် တာဝန်ပေးအပ်ရာတွင် အရင်းအမြစ် (ငွေကြေး၊ ပစ္စည်း၊ လူအင်အား) ကို ကန့်သတ်ခြင်း၊ ပါဝင်ခြင်းမရှိဘဲ အာဏာနှင့် လုပ်ပိုင်ခွင့်ကိုသာ ပေးအပ်ခြင်းဖြစ်ပါသည်။ တာဝန်ပေးအပ်ခံရသူနှင့်အဖွဲ့သည် အာဏာနှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုကာ သဘာဝအရင်းအမြစ်များနှင့် ပြည်သူပြည်သားတို့အပေါ်တွင် အစွမ်းကုန် ခေါင်းပုံဖြတ်၊ အမြတ်ထုတ် ရက်စက်ပြီး တာဝန်ကိုကျေပွန်စေရန် ဆောင်ရွက်ကြပါသည်။ အကျိုးဆက်အဖြစ် သဘာဝအရင်းအမြစ်များ ပျက်စီးစေပြီးလျှင် ပြည်သူပြည်သားများနှင့် ပါဝင်ပတ်သက်သူအားလုံးမှာ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်စေရန် မဖြစ်နိုင်တော့သည့် ဘဝများဆီသို့ ရောက်ရှိသွားပါတော့သည်။”

စာရေးသူသည် ကုလသမဂ္ဂလက်အောက်ရှိ ပရိုဂရမ်တစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိစဉ် ရည်မှန်းချက်အတွက် အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Governance) ဆိုသည့် စကားလုံး စကားရပ်ကို တွေ့မြင် ကြားသိခဲ့ရခြင်း ဖြစ်ပါသည်။ ထိုစဉ်က စာရေးသူ သိမြင်နားလည်ခဲ့သည်ကို ထုတ်နုတ်ပြီး အနည်းငယ် တင်ပြရပါလျှင်  “အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Governance) ဆိုသည်မှာ အဖွဲ့အစည်း ပိုမိုတောင်းတင်းခိုင်မာလာစေရေးနှင့် အဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ အနှစ်သာရ၊ အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ လုပ်ငန်းအစီအစဉ်များကို စနစ်တကျ ပြောင်းလဲရန် ဖြစ်ပါသည်။”

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် ယနေ့အချိန် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများသည် ယခုဆောင်းပါးတွင် ပါဝင် သည့် အကြောင်းအရာများနှင့် သက်ဆိုင်ခြင်း မရှိပါသော်လည်း နောင်အနာဂတ်တွင် ပေါ်ထွက်လာစေမည့် တိုင်းပြည် နိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာကို တာဝန်ယူကြမည့် တိုင်းပြုပြည်ပြု လူပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများအနေဖြင့် စည်းမျဉ်းအခြေပြု ပတ်ဝန်းကျင် သို့မဟုတ် စည်းမျဉ်း အခြေပြုအခင်းအကျင်းကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက တွေးခေါ်စဉ်းစားရာတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Governance) ကို လက်ကိုင်ထားရှိရန် ဖြစ်ထွန်းပေါ်ပေါက် စေသည့် အကြောင်းရင်းအချို့ကို တင်ပြပါမည်။ စာရေးသူအနေဖြင့် ယခုဆောင်းပါးတွင် အဖွဲ့အစည်းတစ်ရပ်အတွက် ဦးစားပေးတင်ပြခြင်းမပြုဘဲ တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများအကျိုးအတွက် အရေးကြီးသည့် အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ ရှင်းလင်းတင်ပြပါမည်။ ယခုရှင်းလင်းတင်ပြချက်များသည် (Referecnce: 1) တွင် ရေးသားဖော်ပြထားသည်များကို အခြေခံထားခြင်း ဖြစ်ပါသည်။

ယနေ့အချိန် တိုင်းပြည်နိုင်ငံများတွင် ရေတိုကာလပြောင်းလဲမှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းများ၊ ကြီးမားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ၊ စီးပွားပျက်ကပ်များ၊ နိုင်ငံရေးပြောင်းလဲမှုများနှင့် ရေရှည်ကာလပြောင်းလဲမှုများဖြစ်သည့် ရာသီဥတုပြောင်းလဲခြင်းများ၊ လူဦးရေပြောင်းလဲမှုဖြစ် စဉ်များ စသည်တို့ ဖြစ်ထွန်းပေါ် ပေါက်လျက်ရှိနေပါသည်။ အဆိုပါ ပြောင်းလဲမှုဖြစ်စဉ်များကြောင့် လက်ရှိကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အုပ် ချုပ်မှုစနစ်အတွက် ရေတို၊ အလယ်အလတ်၊ ရေရှည်ရလဒ်များအပေါ်တွင် မရေရာမသေချာမှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဖြစ်ပေါ်လာနိုင်သည့် မရေရာမသေချာမှုများကို စနစ်တကျ လေ့လာဆန်းစစ် ဖော်ထုတ်ပြီး အခြေအနေနှင့် ကိုက်ညီမည့် အုပ်ချုပ်မှု ရည်မှန်းချက်အတွက် အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Governance) ကို ဖြစ်စေမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် ရေတိုကာလပြောင်းလဲမှုများနှင့် ရေရှည်ကာလပြောင်းလဲမှုများ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါက အုပ်ချုပ်မှုလုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်စေမည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပါမည်။ အုပ်ချုပ်မှုလုပ်ငန်း အစီအစဉ်များအား လိုက်လျောညီထွေပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဖြစ်ထွန်းပေါ်ပေါက်လာစေသည့် မရေရာ မသေချာမှုများ၏ သွင်ပြင်လက္ခဏာရပ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာမည်ဆိုပါက အခြေခံအားဖြင့် အောက်ပါအတိုင်း သုံးမျိုး တွေ့ရှိရမည် ဖြစ်ပါသည်။ (Referecnce: 1).

(၁) အုပ်ချုပ်မှု ရည်ရွယ်ချက်များသည် ရှင်းလင်းပြတ်သားခြင်း မရှိတော့ဘဲ မရေရာမသေချာသည့် အခြေအနေများ ဖြစ်ထွန်းပေါ်ပေါက် လာစေခြင်း (Ambiguous purposes of governance).

(၂) အုပ်ချုပ်မှုလုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်ပြီး ဆက်စပ် စဉ်းစားရမည့် အကြောင်းအရာ အခြေအနေများသည် မသဲကွဲ မရှင်းလင်းသည့် ဖြစ်စဉ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေခြင်း (Unclear governance context)

(၃) အုပ်ချုပ်မှုလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာစေနိုင်သည့် ရလဒ်များသည် မရေရာ မသေချာဖြစ်ပြီး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မရှိနိုင်တော့ခြင်း (Uncertain governance outcomes) တို့ ဖြစ်ကြပါသည်။

တတိယအနေဖြင့် အထက် ဖော်ပြပါစိန်ခေါ်မှုများကို ကျော်လွှားလွန်မြောက်စေရန်မှာ စနစ်ကျသည့် မူဘောင်တစ်ရပ်ကို အဆိုပြု ဖော်ထုတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။ အုပ်ချုပ်မှုရည်မှန်းချက်အတွက် အံဝင်ခွင်ကျဖြစ်စေသည့် လုပ်ထုံးလုပ်နည်း၊ နည်းလမ်း၊ ယန္တရားများ၏ ချွတ်ယွင်းချက်၊ အားနည်းချက်များကို ရှာဖွေလေ့လာဖော်ထုတ်ရန်အတွက် အရေးကြီးသည့်အဆင့် သုံးဆင့် ပါဝင်သည့် မူဘောင်တစ်ရပ်ကို ပုံတွင် ဖော်ပြထားပါသည်။

အသေးစိတ်ကိုမူ ယခု ဆောင်းပါးအဆင့်နှင့် ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါသဖြင့် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် ယနေ့အချိန်တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် အခြေ အနေများသည် ယခုဆောင်းပါးတွင် ပါဝင်သည့် အကြောင်းအရာများနှင့် သက်ဆိုင်ခြင်း မရှိပါသော်လည်း နောင်အနာဂတ်တွင် ပေါ်ထွက်လာစေမည့် တိုင်းပြည် နိုင်ငံတော်ကြီး၏ အချုပ်အခြာ အာဏာကို တာဝန်ယူကြမည့် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ အနေဖြင့် စည်းမျဉ်း အခြေပြု ပတ်ဝန်းကျင် သို့မဟုတ် စည်းမျဉ်းအခြေပြု အခင်းအကျင်းကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပြီးလျှင် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အုပ်ချုပ်မှုရည်မှန်းချက်အတွက် အံဝင်ခွင်ကျဖြစ်စေခြင်း (Fit for Purpose Governance) ကို အစဉ်အမြဲ ထည့်သွင်းပါဝင်စေပြီး အကောင်အထည် ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Jeroen Rijke, Rebekah Brown, Chris Zevenbergen, Richard Ashley, Megan Farrelly, Peter Morison, Sebastiaan Van Herk (2012), ]]Fit-for-purpose Governance: A Framework to Make Adaptive Governance Operational}}Environmental Science and Policy 22 (2012), pp 73 – 84.

Most Read

Most Recent