စီးပွားရေးအကျပ်အတည်းများကြားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်အခွင့်အလမ်း

စီးပွားရေးအကျပ်အတည်းများကြားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်အခွင့်အလမ်း
Photo – Financial Times
Photo – Financial Times
Published 9 July 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) နိုင်ငံတစ်နိုင်ငံ၏ အလုံးစုံသော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပို့ကုန်ဝင်ငွေအရေး ကြီးကြောင်းကို နိုင်ငံအစိုးရတိုင်းက သဘောပေါက်နေကြပြီ။ ပို့ကုန် ဝင်ငွေ အခြေအနေကောင်းသည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပေါင်းလက္ခဏာဟုဆိုနိုင်သည်။ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးမှု ဆက်လက်ဖြစ်ပေါ်နေပါက အနာဂတ် စီးပွားရေးအတွက်ပါ အလားအလာကောင်းဟု မှန်းဆကြသည်။

ယခု  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးဗျူရို (Export Promotion Bureau – EPB) က  ၂၀၂၂ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ခုနှစ် အထိ နိုင်ငံ၏  ပို့ကုန်အချက်အလက် ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ရာ အသင့်ဝတ်အထည် (Readymade Garment - RMG) ချုပ်လုပ်တင်ပို့မှု စုစုပေါင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၆၃ ဘီလျံရှိပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၆၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။ 

(၂) အသင့်ဝတ်အထည်ချုပ် ပို့ကုန် တင်ပို့မှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဥရောပစျေးကွက်၌ ဒုတိယအဆင့်နှင့် အမေရိကန်စျေးကွက်တွင် တတိယအဆင့် အခြေအနေဖြင့် ရပ်တည်လျက်ရှိနေသည်။ နိုင်ငံ၏ အသင့်ဝတ်အထည်ချုပ်လုပ်တင်ပို့မှု စုစုပေါင်းပမာဏထဲတွင် ၄၉ ဒသမ ၇၈ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၂၂  ဘီလျံတန်ဖိုး) သည် အီးယူစျေးကွက်သို့လည်းကောင်း၊ ၁၀ ဒသမ ၇၇ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၄ ဒသမ ၅၉ ဘီလျံတန်ဖိုး) ကို ယူကေစျေးကွက်သို့လည်းကောင်း၊ ၁၈ ဒသမ ၁၄ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၃ ဘီလျံတန်ဖိုး) ကို အမေရိကန်စျေးကွက်သို့လည်းကောင်း၊ ၃ ဒသမ ၂၆ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံတန်ဖိုး) ကို ကနေဒါစျေးကွက်သို့လည်းကောင်း၊ ယခင်တင်ပို့နေကျ မဟုတ်သည့် စျေးကွက်များသို့လည်း ၁၈ ဒသမ ၀၄ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၇ ဒသမ ၆၉ ဘီလျံတန်ဖိုး) တင်ပို့နိုင်ခဲ့သည်။  

အီးယူ (ဥရောပသမဂ္ဂ) ဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အသင့်ဝတ်အထည်ချုပ် (Readymade Garment-RMG) တင်ပို့မှုအတွက် အကြီးမားဆုံး စျေးကွက်ဖြစ်သောကြောင့် အဆိုပါကဏ္ဍ တိုးတက်မှုအတွက် သိသိသာသာ ပံ့ပိုးပေးခဲ့သည့် ဒေသဟုပင် ဆိုနိုင်သည်။ ၂၀၂၂ ခုနှစ် မေလတွင် ၉ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်မှ ၂၀၂၂ ခုနှစ် မေလအထိ အခြေအနေများနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၃၀ ဘီလျံမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂၂ ဘီလျံ အထိ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

(၃) ပို့ကုန်မြှင့်တင်ရေးဗျူရို၏ ထုတ်ပြန်ချက်များအရ နှစ်လဆက်တိုက် ကျဆင်းခဲ့ပြီးနောက် မေလ ပို့ကုန်အခြေအနေပြန်တက်လာခဲ့သည်။

ဒေါ်လာငွေကြေး အကျပ်အတည်းကြောင့် နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုမှာ မသေချာမှုများဖြစ်နေသည့်အချိန်တွင် ပို့ကုန်ဝင်ငွေအခြေအနေသည် နိုင်ငံကို ကောင်းသတင်းပေးလာခဲ့သည်။ ၂၀၂၂ ခုနှစ် ၁၁ လအတွင်း ရရှိခဲ့သည့် ပို့ကုန်ဝင်ငွေမှာ ၂၀၂၁ ခုနှစ် က ၁၂ လရရှိခဲ့သည့် ပမာဏအထိ ဖြစ်လာသည်။ ထိုအခြေအနေအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လအကုန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန် ဝင်ငွေပမာဏ စံချိန်တင်နိုင်သည်ဟု သုံးသပ်ကောက်ချက်ချနေကြသည်။ ထိုအခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်ရန်မှာ ကမ္ဘာ့စီးပွားရေး အခြေအနေ၊ ဒေါ်လာအပါအဝင် နိုင်ငံတကာသုံးငွေမာများ၏ အခြေအနေကို အဆက်မပြ တ်လေ့လာနေ ရန်လိုသည်။ အခြေအနေနှင့် လျော်ညီသော အပြောင်းအလဲများကို အကောင်အထည်ဖော်နေရန် လိုပေသည်။ 

(၄) ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများတွင်သိသာသော အပြောင်းအလဲအချို့ရှိခဲ့သည်။ နိုင်ငံတကာမှ လက်လီရောင်းချသူများ၏ ယုံကြည်မှုကိုလည်း ပြန်လည်ရရှိခဲ့သည်။ တိုက်ဆိုင်စွာပင် ကမ္ဘာ့အထည် အလိပ်စျေးကွက်များ အခြေအနေကျဆင်းနေသည့်ကာလ၊ ထုတ်လုပ်မှုစရိတ် မြင့်မားမှုနှင့် လုပ်သားရှားပါးမှုများကြောင့် ကမ္ဘာ့အကြီးမားဆုံး အထည်အလိပ်ပို့ကုန်သမားအချို့ စျေးကွက်ဝေစုများ ဆုံးရှုံးမှုကို ရင်ဆိုင်နေရချိန်၌  နိုင်ငံတကာမှ လုပ်ငန်းအမှာစာများသည် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံများသို့ လမ်းကြောင်းပြောင်းလဲရောက်ရှိလာနေသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လက်ရှိအားသားချက်ဖြစ်သည့် ထုတ်လုပ်မှုစရိတ်နည်းပါးခြင်းကို ကောင်းစွာအသုံးချရမည့် အနေအထားဖြစ်လာသည်။ 

(၅) မကြာသေးမီကပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ ကုန်ထုတ် စွမ်းရည်နိမ့်ကျမှု၊ အလယ်အလတ်အဆင့် စီမံခန့်ခွဲရေးကျွမ်းကျင်သူ ရှားပါးမှုနှင့် လုပ်ငန်း ရှေ့နောက် ချိတ်ဆက်မှုများတွင် အကန့်အသတ်များရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အသင့်ဝတ်အထည်ချုပ်ကဏ္ဍတိုးချဲ့မှုအတွက် အဓိကကျသော စိန်ခေါ်မှုများဟုဆိုသည်။ ကုန်ကြမ်းရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းများတွင် စက်ယန္တရား အသုံးပြုမှု၊ ဘဏ္ဍာရေး ထောက်ပံ့မှု အားနည်းခြင်းနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာများတွင်လည်း ကန့်သတ်ချက်များ၊  စိန်ခေါ်မှုများရှိနေသည်။ အစိုးရအနေဖြင့် စိန်ခေါ်မှုများကို အချိန်တိုအတွင်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် အကြံပြုမှုများ ရရှိထားသည်။ ထို့ပြင် လာမည့်နှစ်များအတွင်း အသင့်ဝတ်အထည်ချုပ်ကဏ္ဍရှိ လုပ်သားများကို ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက်လည်း  စီမံချက်များ ပြင်ဆင်ရေးဆွဲထားရန် လိုအပ်နေသည်။ 

(၆) ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် အကျပ်အတည်း အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။ စားသောက်ကုန်များမှအစပြု၍ ထုတ်ကုန်အမျိုးမျိုး၏ စျေးနှုန်းများအပေါ် ဖိအားသက်ရောက်မှုများရှိခဲ့သည်။ နိုင်ငံအစိုးရများသည် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်၍ မိမိတို့နိုင်ငံအကျိုးစီးပွားအတွက် ပြင်ဆင်လုပ်ဆောင်မှုများဖြင့် အားထုတ်နေကြသည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများကြားမှပင် စီးပွားရေးအခွင့်အလမ်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ စီးဝင်လာနေ၏။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အခြေအနေသိမြင်ကာ အခွင့်အလမ်းကို ရယူနိုင်ရေး အချိန်အခါသင့်လုပ်ဆောင်ရန်သာ လိုတော့သည်ဟု ဆိုရမည်။ ရရှိပြီးသော စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထားရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးမြင့်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်ရေး အခြေအနေတို့ကို ဆက်စပ်စဉ်းစားထားရန်လိုသည်။   

စီးပွားရေးအဆောက်အအုံအတွင်းရှိ ကွဲပြားနေသောကဏ္ဍများအကြား ဆက်စပ်အကျိုးစီးပွားများဖြစ်ထွန်းရေးနှင့် ရေရှည်ခိုင်မာမှုရရှိရေးအတွက် စျေးကွက်အသစ်များကို ဖော်ထုတ်နိုင်ရမည်။ မကြာသေးမီကပြုလုပ်ခဲ့သည့် ဆေးဝါး၊ စိုက်ပျိုးရေးထွက်ကုန်၊ ပလတ်စတစ်၊ အိုင်စီတီ၊ သင်္ဘောတည်ဆောက်ရေး၊ ပရိဘောဂများထုတ်ကုန်အပါအဝင် စျေးကွက်ထိုးဖောက်အားကောင်းသည့်ကဏ္ဍများ မြှင့်တင်နိုင်ရေး အစီအစဉ်များကိုလည်း  ဆက်လက်လုပ်ဆောင်နေသင့်သည်။

တစ်ချိန်တည်းမှာပင် ပို့ကုန် တိုးတက်မှုအရှိန်ကို ထိန်းထားနိုင်ရန် အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် အဖွဲ့အစည်းဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍လည်း တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဖြေရှင်းမှုများ ပြုလုပ်နေသင့်သည်။

(၇) ထုတ်ကုန်ရှုထောင့်အားဖြင့်လည်းကောင်း၊ စျေးကွက်ရှုထောင့်အားဖြင့်လည်းကောင်း လေ့လာမှုများပြုလုပ်၍ ကွဲပြားခြားနားသော ကဏ္ဍများ၏ ဆက်စပ်လုပ်ဆောင်မှုများကို အားပေးနိုင်သည့် သီးခြား မဟာဗျူဟာတစ်ရပ်ကို ပြင်ဆင်ထားနိုင်ရေး ပို၍အာရုံစိုက်ရမည်။ ဘက်စုံထောင့်စုံပြင်ဆင်ထားသော အလုံးစုံမူဝါဒ  အစီအစဉ်သည် ဘင်္ဂလားဒေ့ရှ် ပို့ကုန်လုပ်ငန်း ပိုမိုတိုး တက်လာစေရန် အထောက်အကူပေးနိုင်လိမ့်မည်။   

ကမ္ဘာတစ်ဝန်း၌ ခက်ခဲကျပ် တည်းမှုများကြုံနေရချိန်၊ အမေရိကန်ဒေါ်လာနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ ဘေးအန္တရာယ် မကင်းမှုများဖြစ်ပေါ်နေချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အသင့်ဝတ် အထည်ချုပ် ပို့ကုန်ကဏ္ဍမှာ အခြေအနေကောင်းများ ဖြစ်ပေါ်နေသည် တွေ့နေရ၏။ အစိုးရ၏ စီးပွားရေး အမြော်အမြင်များ၊ တွေးကြံဆမှု များအလုပ်ဖြစ်ပါက ကမ္ဘာ့စီးပွားရေး အခက်အခဲအကျပ်အတည်းများကြားမှာပင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံ၏ ပို့ကုန်ကဏ္ဍအတွက် အခွင့်အလမ်းကောင်းများကို မိမိရရ ဆုပ်ကိုင်နိုင်မည်ဖြစ်ပေသည်။  

https://www.eurasiareview.com/

Most Read

Most Recent