အကာအကွယ်မဲ့နေသေးသည့် ကလေးလုပ်သားအရေး

အကာအကွယ်မဲ့နေသေးသည့် ကလေးလုပ်သားအရေး
ရန်ကုန်မြို့အတွင်းရှိ ကလေးလုပ်သားအချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ ကလေးလုပ်သားအချို့ကို တွေ့ရစဉ်
Published 9 July 2023

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သော်လည်း အဆင်းရဲဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်ပြီး လူဦးရေ၏ လေးပုံတစ်ပုံသည် ဆင်းရဲမှုမျဉ်းအောက် ရောက်ရှိနေသည်။

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ကလေးသူငယ်များကို အခကြေးငွေပေး၍ ခိုင်းစေလေ့ရှိသည့်အတွက် ကလေးလုပ်သားစျေးကွက်သည် သိသိသာသာ ကြီးမားလာသဖြင့် ကလေးလုပ်သားများမှာလည်း အကာအကွယ်မဲ့သော အနေအထားသို့ ရောက်ရှိနေသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်ထောင်စုလူဦးရေ ၄၈ သန်း ရှိသည့်အနက် ၂၇ ရာခိုင်နှုန်းသည် အသက်ငါးနှစ်မှ ၁၇ နှစ်အထိရှိသော ကလေးသူငယ်များ ဖြစ်သည်။

အဆိုပါ ၂၇ ရာခိုင်နှုန်း သို့မဟုတ်  ကလေးသူငယ်ဦးရေ ၁၂ သန်း တွင် မိန်းကလေးနှင့် ယောကျ်ားလေး ဦးရေသည် ခြောက်သန်းစီဖြင့် ဆတူရှိနေသည်။ ကလေးသူငယ်ဦးရေ ၇၄ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်သူများဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ မြို့ပြတွင် နေထိုင်သူများ ဖြစ်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကလေးသူငယ် ပါဝင်မှုသည် ရှမ်းပြည်နယ်တွင် ၁၃ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းတွင် ၁၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် သုည ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ဖြစ်ကြောင်းသိရသည်။ အခြားသော တိုင်းနှင့် ပြည်နယ်များတွင် ကလေးသူငယ် ပျံ့နှံ့ပါဝင်မှုသည် တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းရှိသည်။

ကျောင်းတက်ရောက်မှု

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ ၈၃ ရာခိုင်နှုန်းသည် ကျောင်းတက်နေသူများဖြစ်ပြီး အလုပ်လုပ်ကိုင်ခြင်း မရှိပေ။

ယင်းရာခိုင်နှုန်းသည် အသက် ငါးနှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေးသူငယ်များတွင် ၉၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ အသက် ၁၂ နှစ်မှ ၁၄ နှစ် အသက်အုပ်စုတွင် ၈၂ ဒသမ ၆ ရာခိုင်နှုန်းသည် ကျောင်းတက်နေပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ် အုပ်စုတွင်မူ ကျောင်းထွက်လိုက်ကြသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပညာသင်ကြားမှုနှုန်း ကျဆင်းရခြင်း၏ အကြောင်းရင်းကို လေ့လာ ကြည့်ပါက ဆင်းရဲနွမ်းပါးမှု၊ နေထိုင် မှုအဆင့်အတန်း၊ အိမ်ထောင်စုဝင်များ ပါဝင်ဆောင်ရွက်မှု ပိုမိုလိုအပ်သော စိုက်ပျိုးရေးနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများ၏ သဘောသဘာဝ၊ အလုပ်နှင့် ပညာရေးအကြား ဝေခွဲမရဖြစ်ခြင်းနှင့် ကျောင်းနေရန် လက်လှမ်းမမီခြင်း စသည့်အချက်များအပေါ်တွင် မူတည်နေသည်။

ကလေးသူငယ်များ၏ ၁၅ ရာ ခိုင်နှုန်းဖြစ်သော လူဦးရေ ၁၈ သိန်း ကျော်သည် ကျောင်းတက်နိုင်ခြင်း မရှိဘဲ ယင်းသို့ ကျောင်းမတက်သူဦးရေ၏ ၆၅ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၂ သိန်းကျော်မှာ အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း ရှိသူများ ဖြစ်နေသည်။

ကလေးသူငယ်အားလုံး၏ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ကျောင်း လုံးဝ တက်ရောက်ဖူးခြင်း မရှိသူများဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အလုပ်လုပ်သော ကလေးများ

လူဦးရေစာရင်းအရ ကလေးသူငယ်များ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၁၂ သိန်း ကျော်သည် အလုပ်လုပ်နေသော ကလေးသူငယ်များဖြစ်ပြီး ယောကျ်ားလေးဦးရေ ခြောက်သိန်းကျော်နှင့် မိန်းကလေးဦးရေ ခြောက်သိန်း ကျော်ရှိသည်။

အလုပ်လုပ်သော ကလေးသူငယ်များ၏ ၇၅ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ကိုးသိန်းကျော်သည် အသက်အုပ်စု ၁၅ နှစ်မှ ၁၇ နှစ်အထိ ဖြစ်ပြီး ယောကျ်ားလေး ၅၃ ရာခိုင် နှုန်းနှင့် မိန်းကလေး ၄၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ကလေး လုပ်သားစစ်တမ်း အစီရင်ခံစာတွင် တွေ့ရှိရသည်။

အလုပ်လုပ်နေသော ကလေး သူငယ်များ၏ ရာခိုင်နှုန်း ၈၀ နီးပါးသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ထို့ပြင် အလုပ်လုပ်နေသော ကလေးသူငယ်များ၏  ၅၇ ရာ ခိုင်နှုန်းသည် လုပ်ခလစာရရှိသည့်  အလုပ်သမားများဖြစ်ကြပြီး ကျန်လူဦးရေသည် ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် အခကြေးငွေမရသော မိသားစုဝင် လုပ်သားများ ဖြစ်ကြသည်။

ကလေးသူငယ်များ အဓိက လုပ်ကိုင်ရသော လုပ်ငန်းများကို ရာခိုင်နှုန်းအားဖြင့် ကြည့်မည်ဆိုပါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ငါးလုပ်ငန်းများတွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ငန်းများတွင် ၁၂ ရာခိုင်နှုန်း၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ၆ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာက ဆိုသည်။

မြို့ပြနေ ကလေးသူငယ်များသည် လက်မှုပညာနှင့် ဆက်စပ်သော လုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့် အရောင်းလုပ်ငန်းများကို အများအားဖြင့် လုပ်ကိုင်လေ့ရှိကြပြီး ကျေးလက်ဒေသတွင်မူ လယ်ယာလုပ်ငန်းနှင့် အခြေခံလွယ်ကူသော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ကျေးလက်ဒေသနှင့် စိုက်ပျိုးရေးလုပ်ငန်းများသည် ကလေးများအပေါ်တွင် မှီတည်နေပြီး အဆိုပါ လုပ်ငန်းများသည် ကလေးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

အလုပ်ချိန်နှင့် လုပ်ခလစာ

ကလေးသူငယ်များသည် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ၅၂ နာရီ ခန့် အလုပ်လုပ်ကြရပြီး မိန်းကလေးများက ယောကျ်ားလေးများထက် အလုပ်ချိန် အနည်းငယ်ပိုသည်ဟု ၂၀၁၅ ခုနှစ် ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာက ဆိုသည်။

အလုပ်လုပ်နေသော ကလေးသူငယ်များ၏ ၂၄ ဒသမ ၄ ရာခိုင် နှုန်းမှ ၃၃ ဒသမ ၆ ရာခိုင်နှုန်းသည် တစ်ပတ်လျှင် အလုပ်ချိန် နာရီ ၅၀ မှ ၆၀ အကြား လုပ်ကိုင်ရသည့် ခက် ခဲပင်ပန်းသော လုပ်ငန်းများတွင်ရှိ နေသည်။ ထို့ကြောင့် ယင်းကလေး သူငယ်များသည် ရက်သတ္တတစ်ပတ် လျှင် အလုပ်လုပ်ရက် ခြောက်ရက်နှင့် တွက်ပါက တစ်နေ့လျှင် အလုပ် ချိန်ရှစ်နာရီမှ ၁၀ နာရီအထိ လုပ်ကိုင်နေရကြောင်း ဖော်ပြထားသည်။

ကလေးသူငယ်များ အလုပ် လုပ်ကိုင်လျက်ရှိသော အဓိကလုပ်ငန်းများတွင် အလုပ်ချိန်သည် ပျမ်းမျှ တစ်ပတ်လျှင် ၅၂ နာရီရှိသည်ကို တွေ့ရှိရသည့်အပြင် မြို့ပြနေကလေး သူငယ်များ၏ အလုပ်ချိန်သည် ကျေးလက်နေကလေးသူငယ်များ၏ အလုပ်ချိန်ထက် အနည်းငယ်ပိုသည်ကို တွေ့ရှိရသည်။

လုပ်ခလစာဖြင့် လုပ်ကိုင်လျက်ရှိသော ကလေးသူငယ်များ၏ ၆၁ ရာခိုင်နှုန်းခန့်သည် ၎င်းတို့ လုပ်ခလစာကို တစ်ရက်အတွက်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ယောကျ်ားလေးများသည် မိန်းကလေးများထက် မြင့်မားသည်ကို တွေ့ရှိရသည်။

မြို့ပြနေ ကလေးသူငယ်အများစုသည် လုပ်ခကို တစ်လတစ်ကြိမ်ရရှိကြပြီး ကျေးလက်နေ ကလေးသူငယ်များမှာမူ လုပ်အားခကို နေ့အလိုက် ရရှိကြသည်။ လခစားအဖြစ် လုပ်ကိုင်နေသော မြို့ပြနေ ကလေးသူငယ်များတွင် မိန်းကလေး ၆၅ ရာခိုင်နှုန်းနှင့် ယောကျ်ားလေး ၄၇ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရသည်။

အသက် ၁၅ နှစ် မှ ၁၇ နှစ် အုပ်စု ကလေးသူငယ်များတွင် လခစားနှင့် နေ့စားလုပ်ခရရှိမှုကို လေ့လာကြည့်မည်ဆိုပါက မိန်းကလေးများသည် ယောကျ်ားလေးများထက် လုပ်ခလစာ ပိုမိုမြင့်မားသည်ဟု ၂၀၁၅ ခုနှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့ပြနေ ယောကျ်ားလေးများသည် ကျေးလက်နေ ယောကျ်ားလေးများထက် လုပ်ခလစာ ပိုမိုရရှိပြီး တခြားတစ်ဖက်တွင်မူ ကျေးလက်ရှိ နေ့စားမိန်းကလေးများ၏ လစာထက် ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။

သို့သော် မြို့ပြနှင့် ကျေးလက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လေ့လာရာတွင် တစ်ရက်အတွက် သို့မဟုတ် တစ်လအတွက် လုပ်ခရရှိမှုတွင် ယောကျ်ားလေးများသည် မိန်းကလေးများထက် လုပ်ခလစာ ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။

ကလေးသူငယ်များကို အသက်အုပ်စုအလိုက် လေ့လာရာတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ အုပ်စုတွင် နေ့စား လုပ်ကိုင်သူ ပိုများပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အုပ်စုတွင် လခစားလုပ်ကိုင်မှု ပိုမိုများပြားကြောင်း ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာက ဆိုသည်။

ကလေးလုပ်သား တစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ကျပ် ၄၀၀ ရရှိပြီး သတ္တုနှင့် ကျောက်တူးဖော်ခြင်း လုပ်ငန်းများတွင် အမြင့်မားဆုံးအနေဖြင့် တစ်နာရီလုပ်ခ ကျပ် ၆၀၀ ရရှိကြောင်း တွေ့ရှိရသည်။

အန္တရာယ် လုပ်ငန်းခွင်ထဲက ကလေးများ

ကလေးသူငယ်များ၏ ကိုး ရာခိုင်နှုန်း သို့မဟုတ် ၁ ဒသမ ၁ သန်း ခန့်သည် ကလေးလုပ်သားများ ဖြစ်ကြသည်။ ၎င်းတို့တွင် ယောကျ်ားလေး သုည ဒသမ ၆ သန်းနှင့် မိန်းကလေး သုည ဒသမ ၅ သန်းရှိကြောင်း သိရသည်။

တိုင်းနှင့် ပြည်နယ် ခုနစ်ခုတွင် ကလေးလုပ်သား ရာခိုင်နှုန်းသည် ကိုးရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်း ကြားတွင် ရှိနေသည်။

မြို့ပြနေ ကလေးသူငယ် ၇ ဒသမ ၁ ရာခိုင်နှုန်း သို့မဟုတ် လူဦး ရေ နှစ်သိန်းကျော်ခန့်သည် ကလေး လုပ်သားများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် ယောကျ်ားလေး တစ်သိန်းနှစ် သောင်းကျော်နှင့် မိန်းကလေး ကိုးသောင်းကျော်ရှိသည်။

အသက်အုပ်စုလိုက် ကလေးလုပ်သား ပါဝင်မှုတွင် အသက် ၁၅ နှစ်မှ ၁၇ နှစ်အုပ်စု၌ ၇၃ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၄ နှစ် အုပ်စု၌ ၂၅ ရာခိုင်နှုန်းနှင့် အသက်ငါးနှစ်မှ ၁၁ နှစ်အုပ်စုတွင် နှစ်ရာခိုင်နှုန်းရှိသည်ဟု ၂၀၁၅ ခုနှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာကဆိုသည်။

ထို့အတူ အန္တရာယ်ရှိသော အလုပ်လုပ်နေသည့် ကလေးလုပ်သားများ၏ ၇၅ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်းရှိသူများ ဖြစ်ကြပြီး အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း အသက်အုပ်စုတွင် အန္တရာယ်ရှိသော အလုပ်လုပ်နေသည့် ကလေးလုပ်သား သုံးပုံတစ်ပုံ ပါဝင်ကြောင်း ဖော်ပြထားသည်။

အလုပ်လုပ်နေသော ကလေးသူငယ်များ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းခန့်သည် တစ်ပတ်လျှင် ၄၃ နာရီ ထက်ပိုမို၍ အလုပ်ချိန်များစွာ လုပ်ကိုင်ကြရပြီး ငါးရာခိုင်နှုန်းထက်ပိုသော ကလေးသူငယ်များသည် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်ကြရကြောင်း တွေ့ရှိရသည်။

မြို့ပြနေ ကလေးသူငယ်များထက် ကျေးလက်နေ ကလေးသူငယ်များတွင် ယောကျ်ားလေးများသာမက မိန်းကလေးများပါ ပို၍အန္တရာယ်များပြီး ထိခိုက်လွယ်သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့်အပြင် အလုပ်ချိန်လည်း ပို၍ကြာမြင့်စွာ လုပ်ကိုင်ကြရကြောင်း တွေ့ရှိရသည်ဟု ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာက ဆိုသည်။

အန္တရာယ်များသော လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင်နေသော အသက်အုပ်စုမှာ အသက် ၁၅ နှစ်မှ ၁၇ နှစ်အုပ်စုဖြစ်သည်။ ယင်းအသက်အုပ်စုအတွင်း လုပ်ကိုင်နေသော ကလေးသူငယ်များ၏ ၁၈ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရသည့်အပြင် ၂၇ ရာခိုင်နှုန်းသည် အလုပ်ချိန်များစွာကို လုပ်ကိုင်နေကြရပြီး ၃၂ ရာခိုင်နှုန်းမှာ အခြားကလေးလုပ်သား ပုံစံမျိုးဖြင့် လုပ်ကိုင်နေကြရသည်။

ကလေးလုပ်သားစစ်တမ်း ကောက်ယူရာတွင် အလုပ်ချိန်များစွာ လုပ်ကိုင်နေရခြင်းကို တစ်ပတ်အတွင်း အလုပ်ချိန်နှင့် တိုင်းတာ တွက်ချက်ခဲ့ကြောင်း ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အသက် ငါးနှစ်မှ ၁၂ နှစ်အတွင်း တစ်ပတ် တစ်နာရီနှင့်အထက် ခိုင်းစေခြင်း၊ အသက် ၁၃ နှစ်မှ ၁၄ နှစ်အတွင်း တစ်ပတ် ၂၄ နာရီနှင့်အထက် ခိုင်းစေခြင်းနှင့် အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း တစ်ပတ် ၄၄ နာရီအထက် ခိုင်းစေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

ကျောင်းလုံးဝ တက်ရောက်ဖူးခြင်းမရှိသည့် ကလေးသူငယ်များ၏ ၁၀ ရာခိုင်နှုန်းခန့်သည် အလုပ်လုပ်နေသော ကလေးသူငယ်များဖြစ်ကြသည်။

၎င်းတို့အနက် ၈ ဒသမ ၅ ရာ ခိုင်နှုန်းသည် ကလေးလုပ်သားများ ဖြစ်ကြပြီး ကလေးလုပ်သား ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေကြသည့် ကလေးလုပ်သားများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ကလေးလုပ်သား စစ်တမ်းအစီရင်စာက ဆိုသည်။

ကျောင်းလုံးဝ တက်ရောက်ဖူးခြင်းမရှိသည့် ကလေးလုပ်သားနှင့် အန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေကြသည့် ကလေးလုပ်သားများအဖြစ် လုပ်ကိုင်နေသော ကျေးလက်ဒေသရှိ ကလေးသူငယ်များ၏ အရေအတွက်သည် မြို့ပြကလေးသူငယ်များထက် နှစ်ဆခန့်ရှိကြောင်း တွေ့ရှိရသည်။

ကလေးလုပ်သားများ၏ လုပ်ငန်းခွင်အခြေအနေ

လခစား အလုပ်သမား ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၉၀ တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းသည် အန္တရာယ်များသော အလုပ်အကိုင်အခြေအနေများတွင် လုပ်ကိုင်နေကြရပြီး ၄၂ ဒသမ ၁ ရာခိုင်နှုန်းသည် အခြားသော ကလေးလုပ်သားများဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခကြေးငွေမရဘဲ မိသားစုဝင်လုပ်သားအဖြစ် လုပ်ကိုင်နေသည့် ကလေးသူငယ် ၂၃ ဒသမ ၂ ရာခိုင်နှုန်းသည်ပင် အန္တရာယ်ရှိသော လုပ်ငန်းခွင်အခြေအနေတွင် လုပ်ကိုင်နေကြရသူများ ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့် ကလေး ၆၃ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ငါးသောင်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် သစ်တောလုပ်ငန်းများတွင် လုပ်ကိုင်နေကြရသူ ကလေးသူငယ် ၅၄ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ခုနစ်သိန်းခွဲသည် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများအဖြစ် ပါဝင်သည်။

ထို့ပြင် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံးပါဝင်နေပြီး လျှပ်စစ်နှင့် ဓာတ်ငွေ့ဆိုင်ရာလုပ်ငန်းများတွင်မူ အနည်းဆုံး ပါဝင်သည်ကို တွေ့ရှိရကြောင်း ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာက ဆိုသည်။

ကလေးလုပ်သား ၉၂ ရာခိုင်နှုန်းသည် အဓိက အလုပ်အကိုင် သုံးမျိုးဖြစ်သည့် ကျွမ်းကျင်လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောလုပ်သားတွင် ၄၈ ရာခိုင်နှုန်း၊ အခြေခံအလုပ်အကိုင်များတွင် ရာခိုင်နှုန်း ၃၀ နှင့် လက်မှုပညာနှင့် ဆက်စပ်လုပ်ကိုင်သူများတွင် ၁၃ ရာခိုင်နှုန်းတို့ အသီးသီး ပါဝင်လုပ်ကိုင်နေသည်။

ကလေးလုပ်သားများ၏ တစ်ပတ်ပျမ်းမျှအလုပ်ချိန်သည် ၅၄ ဒသမ ၂၂ နာရီဖြစ်ပြီး တစ်ရက်လျှင် ကိုးနာရီအထက် လုပ်ကိုင်နေရကြောင်း တွေ့ရှိရသည်ဟု ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

အသက်အုပ်စုအလိုက် အလုပ်ချိန်များကို ကြည့်မည်ဆိုပါက အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အသက် အုပ်စုတွင် ၅၅ ဒသမ ၂၂ နာရီ၊ အ သက် ၁၂ နှစ်မှ ၁၄ နှစ်အထိ အသက်အုပ်စုတွင် ၅၂ ဒသမ ၃၃ နာရီ ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ ကြောင့် အသက်အုပ်စု ၁၅-၁၇ နှစ် နှင့် ၁၂-၁၄ နှစ်အတွင်းရှိ အလုပ် လုပ်နေသော ကလေးများ၏ တစ်ပတ်ပျမ်းမျှ အလုပ်ချိန်မှာ ၅၂ နာရီ ဖြစ်သည်။

ထို့ပြင် အန္တရာယ်ရှိသော လုပ် ငန်းများတွင် လုပ်ကိုင်နေသည့် ကလေးစုစုပေါင်းသည် ခြောက်သိန်း ကျော်ရှိပြီး ၎င်းတို့၏ ပျမ်းမျှအလုပ်ချိန်သည် တစ်ပတ်လျှင် ၅၁ ဒသမ ၉ နာရီ လုပ်ကိုင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့ သော် မြို့ပြရှိ အန္တရာယ်ရှိသော လုပ်ငန်းများကို လုပ်ကိုင်နေကြရသည့် ကလေးသူငယ်များ၏ ၁၇ ရာခိုင်နှုန်းမှာမူ ပျမ်းမျှတစ်ပတ်လျှင် ၅၄ ဒသမ ၄ နာရီအထိ အလုပ်လုပ်နေကြရကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အသက်ငါးနှစ်မှ ၁၇ နှစ်အကြား ကလေး လုပ်သားတစ်သန်းကျော်ရှိပြီး ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှင့် အကျပ်အတည်းများကြောင့် ကလေးလုပ်သား တစ်သန်းကျော်ရှိပြီး ယင်းကလေးငယ်များကို ကူညီရန်အတွက် အရေးတကြီးလိုအပ်နေကြောင်း ILO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အသက်ငါးနှစ် မှ ၁၇ နှစ်ကြား ကလေးတစ်သန်း ကျော်သည် ကလေးလုပ်သားဘဝတွင် ပိတ်မိနေပြီး ထက်ဝက်ကျော်သည် ၎င်းတို့၏ ကျန်းမာရေး၊ ဘေးကင်းရေးနှင့် စာရိတ္တဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အန္တရာယ်ဖြစ်စေသည့် အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေရကြောင်း ILO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်းရဲနွမ်းပါးမှုနှင့် အကျပ်အတည်းများသည် ကလေးများအား လုပ်ငန်းခွင်အတွင်းသို့ တွန်းပို့ရန် အဓိကသော့ချက်ဖြစ်ပြီး ကောင်းမွန်သောအလုပ်နှင့် လူမှုတရားမျှတမှုသည် ကလေးလုပ်သားဖြစ်ရသည့် အကြောင်းရင်းများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ILO ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ဌာနေကိုယ်စားလှယ် Mr.Donglin Li က “မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေက ကလေးအလုပ်သမားအဖြစ် မိသားစုတွေရဲ့ အားနည်းချက်ကို နက်နက်ရှိုင်းရှိုင်း မြင့်တက်လာစေပြီး အဆင်းရဲဆုံး မိ သားစုတွေရဲ့ ကလေးတွေကို ထိခိုက်မှုအများဆုံးဖြစ်တာကြောင့် အခုချိန်မှာ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရင်ကထက် ပိုကြိုးစားဖို့ လိုအပ်နေပါတယ်”ဟု ပြောကြားသည်။

ကလေးအလုပ်သမား ဖျက်သိမ်းရေးသည် လူမှုတရားမျှတမှုရရှိရေး မျှော်မှန်းချက်၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ILO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားသက်ဆိုင်သော အကြောင်းအရာများ

မြန်မာနိုင်ငံတွင် အိမ်ထောင်စု အရေအတွက် ၁၁ သန်းနီးပါးရှိသည့်အနက် အိမ်ထောင်စုများ၏ ရာခိုင်နှုန်း ၆၀ တွင် ကလေးတစ်ဦးရှိပြီး ကလေးရှိသည့် အိမ်ထောင်စုများ၏ ခြောက်ပုံတစ်ပုံတွင် အနည်းဆုံး အလုပ်လုပ်နေသည့် ကလေးတစ်ဦး ရှိသည်ကို တွေ့ရှိရကြောင်း ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအိမ်ထောင်စုများ၏ ၁၂ ရာခိုင်နှုန်းသည် အကြွေးတင်နေကြောင်းကိုလည်း တွေ့ရှိရသည်ဟု ပါရှိသည်။

ကလေးသူငယ်လုပ်သားများ လုပ်ကိုင်ကြသည့် အန္တရာယ်ရှိသော အလုပ်အကိုင်များကို ကြည့်မည်ဆိုပါက ဖုန်များနှင့် အခိုးအငွေ့များကြားတွင် အလုပ်လုပ်ကိုင်သူက ရာခိုင်နှုန်း ၄၀၊ အန္တရာယ်ရှိသော စက်ကိရိယာများဖြင့် လုပ်ကိုင်သူက ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ အပူအအေး ပြင်းထန်မှုများသည့် လုပ်ငန်းများ တွင် ၁၁ ရာခိုင်နှုန်းနှင့် ဓာတုဗေဒပစ္စည်းများဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများတွင် ၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများသည် ကလေးငယ်အများစုကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိသော စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့် ဓာတုဗေဒပစ္စည်းများကို ထိတွေ့စေသည့် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ဖြစ်စေသည့် အဓိကလုပ်ငန်းကဏ္ဍများ ဖြစ်သည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများသည် ကလေးငယ်အများစုကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိသော စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့် ဓာတုဗေဒပစ္စည်း များကို ထိတွေ့စေသည့်အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ဖြစ်စေသည့် အဓိကလုပ်ငန်း ကဏ္ဍများ ဖြစ်သည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာကဆိုသည်။

အဆိုပါ အန္တရာယ်ရှိသော လုပ်ငန်းများတွင် ကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ပိုမိုဝင်ရောက် လုပ်ကိုင်နေကြရသည်။ အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ အသက်အုပ်စုနှင့် အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အသက်အုပ်စုများအတွင်းရှိ ကလေးအများစုသည် အန္တရာယ်ရှိသော အလုပ်များကို ပိုမိုလုပ်ကိုင်နေကြရကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အလုပ်လုပ်နေသော ကလေးများ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်အတွင်း အော်ဟစ်ပြောဆိုခြင်းနှင့် ဆဲဆိုခြင်းများကိုလည်း ခံနေရသည်။

 

ILOအစီရင်ခံစာ

မြန်မာနိုင်ငံရှိ ကလေးလုပ်သားများအနေဖြင့် ဘေးအန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရမှုအခြေအနေ မြင့်မားလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်သည်။

ILO မြန်မာရုံး၏ Asia Regional Chile Labour စီမံကိန်း (ARC) မှ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့သည့် အကဲဖြတ် လေ့လာမှုတွင် တွေ့ဆုံမေးမြန်းခဲ့သော အလုပ်လုပ်ကိုင်နေသည့် ကလေးသူငယ်များအနက် ရာခိုင်နှုန်း ၇၀ ကျော်သည် အဓိကအားဖြင့် မိသားစု ငွေကြေးအခက်အခဲများကြောင့် အလုပ်လုပ်ကိုင်နေရကြောင်း ဖော်ပြထားသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ကျောင်းများပိတ်ခဲ့ရသဖြင့် ကလေးသူငယ်များကို လုပ်ငန်းခွင်အတွင်းသို့ ရောက်စေခဲ့ပြီး ကလေးအလုပ်သမား အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့ကြောင်းနှင့် ကျောင်းများ ပြန်ဖွင့်သည့်တိုင်အောင် နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ ဘေးကင်းလုံခြုံရေး စိုးရိမ်ဖွယ်အခြေအနေများကြောင့် ကလေးသူငယ်အများအပြားသည် ကျောင်းပြန်မတက်နိုင်ကြကြောင်း ILO က ဆိုသည်။

အကဲဖြတ်လေ့လာမှုပြုလုပ်ခဲ့သည့် ဒေသသုံးခုရှိ ကလေးသူငယ် သုံးပုံတစ်ပုံသည် အိမ်အကူအလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေပြီး အခြားကလေးသူငယ်များသည် အဓိကအားဖြင့်  စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့်အပြင် ၎င်းတို့အနက် အများစုသည် နည်းပါးသည့်လုပ်ခဖြင့် အလုပ်ချိန် နာရီကြာမြင့်စွာ လုပ်ကိုင်နေရကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသော အလုပ်အကိုင်နှင့် အလုပ်တာဝန်များကို မကြာခဏ လုပ်ကိုင်နေရသည်ကိုလည်း အကဲဖြတ်လေ့လာမှုတွင် လေ့လာတွေ့ရှိရကြောင်း၊ အကဲဖြတ်လေ့လာမှုတွင် တွေ့ဆုံမေးမြန်းခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ကလေးသူငယ်ရာခိုင်နှုန်း ၉၀ ခန့်သည် လေးလံသည့်ဝန်များကို သယ်ရခြင်းနှင့် ရာခိုင်နှုန်း ၈၀ ကျော်သည် နေပူထဲတွင် အနားမရဘဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရပ်ရွာလူထုနှင့် အလုပ်ရှင်များသည် အများအားဖြင့် ကလေးသူငယ်များကို အလုပ်အကိုင်ခန့်ထားရန်အတွက် အလုပ်လုပ်ကိုင်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်ဆိုင်ရာ ဥပဒေများကို သတိပြုမိခြင်းမရှိ‌ဟု ယူဆရကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍရှိ အလုပ်ရှင်အချို့က ၎င်းတို့သည် ကလေးသူငယ်များကို ပို၍အလုပ်ခန့်လိုကြောင်း၊ အကြောင်းမှာ ကလေးသူငယ်များကို ထိန်းချုပ်ရလွယ်ကူခြင်း၊ အခကြေးငွေ အနည်းငယ်ဖြင့် ခိုင်း၍ရခြင်း၊ တိုင်တန်းမှု သိပ်မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်းနှင့် အခြားအလုပ်ရှင်များက အိမ်တွင်နေလျှင် ဘေးကင်းလုံခြုံရေး စိုးရိမ်ရသောကြောင့် မိဘများနှင့်အတူ လုပ်ငန်းခွင်သို့ အတူပါလာသော ကလေးသူငယ်များကို အလုပ်ခန့်ထားကြောင်း ILO ၏ အစီရင်ခံစာကဆိုသည်။

ထို့ပြင် တွေ့ဆုံမေးမြန်းခဲ့သည့် ကလေးသူငယ်အများစုက မတော်တဆ ထိခိုက်ဒဏ်ရာများ ရရှိဖူးကြောင်းနှင့် အသေးစားထိခိုက်ဒဏ်ရာများသည် မကြာခဏ အများဆုံး ဖြစ်လေ့ရှိကြောင်း ပြောဆိုခဲ့ကြသည်ဟု ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအကဲဖြတ်လေ့လာမှုမှာပါဝင်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက်သင်ယူလိုကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့ စိတ်ဆန္ဒကို အလုပ်က ဘယ်လောက် အတိုင်းအတာအထိ အဟန့်အတားဖြစ်စေသလဲဆိုတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်” ဟု ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ဌာနေကိုယ်စားလှယ် Mr.Donglin Li က ပြောကြားသည်။

Most Read

Most Recent