ဒီဒေါ်လာရိုက်ဇေးရှင်း အဆိုးအကောင်း

ဒီဒေါ်လာရိုက်ဇေးရှင်း အဆိုးအကောင်း
စောနိုင် (အသုံးချဘောဂဗေဒ)
စောနိုင် (အသုံးချဘောဂဗေဒ)
Published 17 June 2023
စောနိုင် (အသုံးချဘောဂဗေဒ)

  (၁)

နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင်လည်းကောင်း၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင်လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည့်ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန် အနိမ့်အမြင့်အပြောင်းအလဲများအပေါ်မူတည်၍  အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို ထိပါးမှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလတစ်လျှောက်လုံး ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ စီးပွားရေးအင်အားကြီးနိုင်ငံအချို့(အုပ်စုဖွဲ့နိုင်ငံအချို့) သည် ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများ ရှိလာနေသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့် ဆက်စပ်နေသည့်နိုင်ငံများသာမက အမေရိကန်အစိုးရကိုယ်တိုင်ပင် စဉ်းစားစရာ၊ စိုးရိမ်စရာများ ရှိလာသည်ဟု မှတ်ချက်ပြုကြသည်။   

    (၂)

အမေရိကန်ဒေါ်လာငွေကြေး အသုံးပြုမှုကိုလျှော့ချရေးခေါ် ဒီဒေါ်လာရိုက်ဇေးရှင်း (De- dollarization) ကို ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုများအပေါ်သက်ရောက်နိုင်ခြေများသည့် ကြီးမားသော ပြဿနာအဖြစ် အားလုံးက ထင်မြင်နေကြပြီဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာ အရန်အက်ဆက် (Reserve Asset) များတွင်ဒေါ်လာငွေ ပါဝင်မှုအပြောင်းအလဲများသည် နိုင်ငံအတော်များများတွင် ဘဏ္ဍာရေးမတည်ငြိမ်မှုများကို ဖန်တီးဖြစ်ပေါ်စေလျက် အရင်းအနှီးစီးဆင်းမှုများ၊ အက်ဆက် ဈေးနှုန်း အလှုပ်အရှားများဆီသို့ ဦးတည်နေသည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာငွေကြေးဖြင့် နိုင်ငံခြားကြွေးမြီပမာဏများပြားစွာယူထားသော နိုင်ငံများ၊ ထွန်းသစ်စ ဈေးကွက်နိုင်ငံများတွင် ဖြစ်လာနိုင်သည်။ နိုင်ငံအသီးသီးရှိ ပေါ်လစီရေးဆွဲသူများသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို အကာအကွယ်ပေးနိုင်ရေးနှင့် အပြောင်း အလဲများ ထိန်းချုပ်ရေးလုပ်ဆောင်နိုင်ရေးတို့အတွက် လုံ့လဝီရိယပိုမိုစိုက်ထုတ်ရန်လိုသည်ဟု အကြံပြုကြသည်။ 

    (၃)

အမေရိကန်ဒေါ်လာနေရာတွင် စိတ်ချရသည့် ငွေကြေးသစ်တစ်မျိုး အစားထိုးသုံးစွဲနိုင်ရန်မှာ ခိုင်မာသော စီးပွားရေးအဆောက်အအုံ၊ အရည်အသွေးစိတ်ချရသည့်ငွေကြေးဈေးကွက်များ၊ ကောင်းမွန်ထိရောက်သော ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒ မူဘောင်များရှိရန်လိုအပ်သည်ကို သတိပြုမိကြသည်။ လက်ရှိအခြေအနေတွင် အဆိုပါလိုအပ်ချက်များနှင့်ကိုက်ညီမှုရှိသည့် ငွေကြေးအမျိုးအစား မတွေ့ရသေးပေ။ သို့သော် နိုင်ငံတကာမှသတိပြုမိလောက်သည့် တိုးတက်မှုများရှိသော ငွေကြေးများ ပေါ်ထွက်လာနေသည်။ အထူးသဖြင့် ဥရောပ ငွေကြေးယူရိုနှင့် တရုတ်ငွေကြေးယွမ်တို့ကို ထောက်ပြကြ၏။    

ပေါ်လစီရေးဆွဲသူများအနေဖြင့် အမေရိကန်ဒေါ်လာငွေကြေးအသုံးပြုမှု လျှော့ချခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုလျှော့ချနိုင်ရေးအားထုတ်နေစဉ်မှာပင် ကွဲပြားခြားနားမှုကြောင့်ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်အတွက် ငွေကြေးမျိုးစုံအရန်ထားရှိသည့်စနစ်တစ်ရပ် ဖြစ်နိုင်ခြေရှိမရှိကိုပါ  လေ့လာဖော်ထုတ်သင့်သည်ဟု သုတေသီအချို့ကဆိုသည်။ လက်ရှိအခြေအနေတွင် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျက် ယုံကြည်စိတ်ချရမည့် အခြားသော ငွေကြေးတစ်မျိုး အစားထိုးနိုင်ရေး အားထုတ်မှုများသည် စတင်လုပ်ဆောင်ချိန်ကတည်းက အားလုံးအပေါ်တွင် ဖိအားဖြစ်စေသည့်ပြဿနာဖြစ်နေသည်။ 

    (၄)

အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချခြင်း (ဒီဒေါ်လာရိုက်ဇေးရှင်း) သည်ငွေကြေးလဲလှယ်မှုနှုန်းများကိုလည်း မတည်ငြိမ်မှု ပိုမိုဖြစ်လာစေနိုင်သည်။ အထူးသဖြင့် ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization) ပြုလုပ်သည့် အစောပိုင်းကာလများတွင် ပိုမိုဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။ ငွေကြေးလဲလှယ်နှုန်း အပြောင်းအလဲများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအနှီးစီးဆင်းမှုများအပေါ် သက်ရောက်လွှမ်းမိုးဖြစ်ပေါ်မှုများရှိလာနိုင်သည်။ အထူးသဖြင့်  ဘဏ္ဍာရေး စျေးကွက်အားနည်းနေသော နိုင်ငံများ သို့မဟုတ် ဈေးကွက်ကိုထိန်းကျောင်းပေးမည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် အားနည်းသောနိုင်ငံများတွင် ပို၍ အန္တရာယ်ရှိသည်။ မူဝါဒချမှတ်သူများနှင့် စျေးကွက်အတွင်း ပါဝင်ပတ်သက်နေသူများသည် အခြေအနေအပြောင်းအလဲများကို စဉ်ဆက်မပြတ် ဂရုတစိုက် စောင့်ကြည့်လေ့လာလျက် အနှောင့်အယှက်အဟန့်အတားတစ်စုံတစ်ရာ မဖြစ်ပေါ်လာစေရန် သင့်လျော်သော မူဝါဒအစီအမံများကို ကြိုတင်ပြင်ဆင်ထားရန် လိုပေသည်။

    (၅)

ဒီဒေါ်လာရိုက်ဇေးရှင်း၏ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံ၏ငွေကြေးမူဝါဒအပြောင်းအလဲဖြစ်လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးလျော့ကျလာနိုင်ကာ ၎င်းတို့၏ငွေကြေးဆိုင်ရာ အခွင့်အာဏာများကိုလည်း တိုးမြှင့်ရေးလုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ အကျိုးဆက်များသည် အဆိုးအကောင်း တန်းစီနေပေလိမ့်မည်။ ငွေရေးကြေးရေးစနစ်အားနည်းသောနိုင်ငံများတွင် ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာ၌ ယခင်ကထက်ခက်ခဲမှုများ ပို၍ရှိလာနိုင်သည်။ အပြောင်းအလဲများကြောင့် ရှားပါးသော အရင်းအမြစ်များအပေါ် ပိုမိုစူးစိုက်သုံးစွဲလာရသဖြင့် ကုန်ကျစရိတ်များပါမြင့်တက်လာနိုင်သည်။   

    (၆)

ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization) ကြောင့် စတင်ပျိုးထောင်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းသစ်များ အကျိုးဖြစ်ထွန်းမှုရှိလာနိုင်သကဲ့သို့ ခက်ခဲမှုများလည်း ပိုတွေ့လာနိုင်ပေသည်။ ထို့အတူ ပြည်တွင်းနှင့်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားပေးမှုများကြောင့် ဘဏ္ဍာငွေရရှိမှု အခြေအနေကောင်းမွန်လာနိုင်သော်လည်း ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ စီးဝင်မှုကို ဟန့်တားမှုများသည့် အခြေအနေများဖြစ်လာနိုင်သည်။ နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူများ၌ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ကုန်ကျစရိတ်များမြင့်မားကာ ရှုပ်ထွေးမှုများ ရှိလာပေလိမ့်မည်။  

    (၇)

စဉ်းစားစရာများ ရှိနေသေးသည်။ ငွေကြေးအမျိုးအစားသစ်တစ်ရပ်ကို ဈေးကွက်များက မည်သို့မည်ပုံတုံ့ပြန်နိုင်သနည်း။  လူတိုင်းစဉ်းစားနိုင်သည့်အချက်မှာ တီထွင်ဖန်တီးထားသည့် ငွေကြေးသစ်ကို ဈေးကွက်များက (မမှန်းဆနိုင်သည့်) နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်နိုင်သောကြောင့် ထူထောင်ခါစ လုပ်ငန်းများ အပါအဝင်လုပ်ငန်းအတော်များများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာဘေးအန္တရာယ်များ ကြုံတွေလာရနိုင်သည်။ လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်မည်မဟုတ်၊ ပြင်ဆင် အားထုတ်နေစဉ်မှာပင်  ဈေးကွက်မတည်ငြိမ်မှုကိုကြုံရနိုင်ပေသည်။ ကောင်းကျိုးများလည်း မျှော်လင့်နိုင်သည်။ စိန်ခေါ်မှုအသစ်များအောက်၌ နည်းပညာ သစ်များ၊ လုပ်ငန်းမဟာဗျူဟာသစ်များ၊ စီးပွားရေးလုပ်ငန်းပုံစံသစ်များနှင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးဝန်းကျင်သစ်တစ်ရပ်ကို ဖန်တီးပေးနိုင်ပါက စွန့်ထွင်လုပ်ငန်းရှင်များ၏ စွမ်းရည်ကို လှုံ့ဆော်တွန်းအားပေးသကဲ့သို့ ဖြစ်လာနိုင်ပေသည်။   သေချာသည့်အချက်မှာ ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization ) ဟု ခေါ်ဆိုနေကြသည့် အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချခြင်းကြောင့်ဖြစ်လာနိုင်သည့်သက်ရောက်မှုများကို မိုက်ခရိုစီးပွားရေးရှုထောင့် (လုပ်ငန်းတစ်ခုချင်းစီ၏ အခြေအနေကို ရှုမြင်မှု) မှဖြစ်စေ၊ မက်ခရိုစီးပွားရေးရှုထောင့် (နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေကို ရှုမြင်မှု) မှဖြစ်စေ ကြိုတင်မှန်းဆကြည့်ပါက အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးကို မြင်ရပေလိမ့်မည်။  

 

Most Read

Most Recent