ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုလိုက်ပြီး YSXတွင် အဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာ

ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုလိုက်ပြီး YSXတွင် အဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာ
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက YSX သို့ MAEX မှ တာဝန်ရှိသူများ Listing Application တင်သွင်းစဉ်
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက YSX သို့ MAEX မှ တာဝန်ရှိသူများ Listing Application တင်သွင်းစဉ်
Published 14 June 2023

ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုလိုက်ပြီး YSX တွင် အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းသည်  မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Co.Ltd- MAEX)မှ တင်ပြလာသည့်လျှောက်လွှာများကို စိစစ်ခြင်းနှင့် စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းလုပ် ဆောင်ပြီးနောက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ အခန်း ၄၁ (ဂ) နှင့်ငွေချေးသက်သေခံလက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဉ်းများ၊ အပိုင်း(၇)နှင့်(၈)တို့နှင့်အညီ ကုမ္ပဏီအား စာရင်းဝင်ရန် ခွင့်ပြုလိုက်သည်။

MAEX ကုမ္ပဏီ၏ စာရင်းဝင်မည့်ရက် (Listing Date)အား ရင်းနှီးမြှုပ်နှံသူများအတွက် အချိန်နှင့်တစ်ပြေးညီ ထပ်မံကြေညာမည်ဖြစ်ကြောင်းနှင့် အခြေခံစျေးနှုန်း (Base Price) အား စာရင်းဝင်သည့်ရက် မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုတွင်ရန်ကုန် စတော့အိတ်ချိန်းဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၇၅  သန်း၊ တန်ဖိုးကျပ် ၇ ဒသမ ၅ ဘီလျံအရောင်းအဝယ်ဖြစ်ခဲ့ကာ စျေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ကျပ် ၆၄၃ ဒသမ ၄၇ ဘီလျံရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ သိရသည်။

အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများအရ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ရန်ကုန်စတော့အိတ်ချိန်းတည်ထောင်ဖွင့်လှစ်ခြင်း၊ ငွေချေးသက် သေခံလက်မှတ်ကုမ္ပဏီများအား လိုင်စင်ခွင့်ပြုခြင်း၊ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် အများပိုင်ကုမ္ပဏီများအား ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အရင်းအနှီးစျေးကွက်ကို စတင်ခဲ့ရာ ယခုအခါရှစ်နှစ်ကျော်ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ပြောကြားထားသည်။

ကော်မရှင်အနေဖြင့် အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစု ရှယ်ယာစျေးကွက်သာမက ငွေချေးစာချုပ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးပေး ဆောင်ရွက်လျက်ရှိရာ ငွေချေးစာချုပ် ဆင့်ပွားစျေးကွက်(Secondary Bond Market) တွင်ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများက အစိုးရငွေတိုက်စာချုပ် (Government Bond) နှင့်အစိုးရ ငွေတိုက်လက်မှတ် (Government Bill)များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေတိုက်ဦးစီးဌာနတို့က ပြုလုပ်သောပထမစျေးကွက်  (Primary Market Option)တွင် လေလံဆွဲဝယ်ယူပြီး တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ (Individual Investors) နှင့် အဖွဲ့အစည်းအလိုက်ရင်းနှီး မြှုပ်နှံသူများ (Institutional Investors) ကို ဝယ်ယူရောင်းချနိုင်သည့် ဒုတိယစျေးကွက် (Secondary Market) ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အရင်းအနှီးစျေးကွက်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားတစ်ခုဖြစ်ပြီး အရင်းအနှီးလိုအပ်သည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံသူများ အကြား ပေါင်းကူးဆက်သွယ်ပေးခြင်းဖြစ်ကြောင်း၊ အရင်းအနှီးစျေးကွက်ကို ကောင်းစွာအသုံးချနိုင်ပါက စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် လိုအပ်သည့် အရင်းအနှီးများကို အရင်းအနှီးစျေးကွက်မှ ရယူနိုင်သကဲ့သို့ ပြည်သူလူထုအနေဖြင့် မိမိတို့၏စုဆောင်းငွေများကို အရင်းအနှီးစျေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။             

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာများကို နေ့စဉ်ရောင်းဝယ်လျက် ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ(၄၅၂၈၄)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာစုစုပေါင်း (၁ ဒသမ ၇၅) သန်း၊ တန်ဖိုးကျပ် (၇ ဒသမ ၅) ဘီလျံ အရောင်းအဝယ်ဖြစ်ခဲ့ကာ စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ၆၄၃ ဒသမ ၄၇ ဘီလျံရှိကြောင်း သိရသည်။