မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်းရေအိုင်ဖြစ်သည့် အင်းတော်ကြီးအိုင် စံချိန်တင်လုနီးပါး ရေခန်းခြောက်မှုဖြစ်ပွားပြီး ရွှေမဥ္ဇူ စေတော်အနီးရှိ နတ်လမ်း ဒုတိယအကြိမ် ပေါ်လာခဲ့ကြောင်း သိရသည်။
မေ ၃၀ ရက် ဝန်းကျင်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၂ ရက်အထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။
ရွှေမဥ္ဇူ ဂေါပကအဖွဲ့ဝင် ဦးလူဝင်းက “ပေါ်လာတာ သုံးရက်လောက်ရှိပါပြီ။ ရေခန်း ခြောက်သွားတာပေါ့။ အရင် ၂၀၁၉ တုန်း ကလည်း တစ်ကြိမ်ပေါ်တယ်။ အဲဒီလောက်တော့ အများကြီး မပေါ်ဘူးပေါ့”ဟု ဆိုသည်။
မိုးညှင်းမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဦးသန်းဝင်းက မိုးညှင်း ဒေသ၏ မေလကုန်အထိ ပျမ်းမျှ မိုးရေချိန်မှာ ၁၂ လက်မဖြစ်ပြီး လက်ရှိတွင် ၁၀ ဒသမ ၂၇ လက်မသာရှိသဖြင့် နှစ်လက်မနီးပါးလျော့နည်းနေကြောင်း၊ ကချင်ပြည်နယ်နှင့် မြန်မာ နိုင်ငံ မြောက်ပိုင်းဒေသရှိ မြို့ကြီးအချို့တွင် အပူချိန်သစ်များစံချိန်တင်ခြင်း၊ climate change အကျိုးဆက်များကြောင့် အပူချိန် မြင့်သည့်ရက်များ တစ်နှစ်ထက်တစ်နှစ် တ ဖြည်းဖြည်းများလာခြင်းများကလည်း ရေခန်း ခြောက်မှုကို ဖြစ်စေနိုင်ကြောင်း သုံးသပ် ပြောကြားသည်။
စံချိန်တင်လုနီးပါး ရေခန်းခြောက်မှုများ ကြောင့် ငါးသားပေါက်ရာသီဖြစ်သဖြင့် ငါး သယံဇာတကို ထိခိုက်နိုင်ကြောင်း အင်းတော် ကြီးမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးမျိုးညွန့် မောင်က ပြောကြားသည်။
၎င်းက “အခုအချိန်အထိ မိုးက ကောင်း ကောင်းမရွာတော့ ငါးသားပေါက်တဲ့ ချောင်း တွေ ရေမရှိသေးဘူး။ ငါးမျိုးဥတဲ့ ငါးတွေတော့ ကမ်းစပ်တို့ ချုံတို့ ခိုနေကြတာပေါ့။ အင်းကြီး ကောလာတာတော့ အင်းဘေး သဘာဝတော တွေ၊ ချောင်းတွေ ပျက်စီးလာတာလည်း ပါ တာပေါ့ဗျာ”ဟု ပြောကြားသည်။
အင်းတော်ကြီးအိုင်သည် ၂၀၁၉ ခုနှစ် မေလအတွင်းက စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ပြီး ရေအမှတ်အသားပြတိုင် level 0 အောက် ဒသမ ၅ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ တွင် အကြီးဆုံးကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ရေပြင်အကျယ် ၁၀၀ စတုရန်းမိုင်အပါအဝင် ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို ၁၉၉၉ ခုနှစ် မတ် ၄ ရက်တွင် တည် ထောင်ခဲ့သည်။ အင်းတော်ကြီးဘေးမဲ့တော တွင် နို့တိုက်သတ္တဝါ ၃၇ မျိုး၊ ငှက် ၃၅၀ မျိုး၊ ရေပျော်ငှက် ၉၉ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၈၈ မျိုး၊ ငါး ၈၀ မျိုး၊ လိပ်ပြာ ၅၀ မျိုး ရှင်သန် လျက်ရှိပြီး သစ်ပင် ၈၅ မျိုး၊ ဘယဆေး ၅၆ မျိုး၊ ၀ါး ၁၁ မျိုး၊ မြက် ၁၄ မျိုး၊ ကြိမ် ငါးမျိုး၊ သစ် ခွ ၇၀ မျိုး ပေါက်ရောက်လျက်ရှိကြောင်း သိရ သည်။















