(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Published 2 June 2023

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၁ ရက်က နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။ 

 အဆိုပါအခမ်းအနားတွင်ဦးစွာ နစကဥက္ကဌက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုနှစ် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားက စားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေး နိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဘောလုံးပြိုင်ပွဲ၌ မိမိတို့အမျိုးသား၊ အမျိုးသမီးအသင်း နှစ်သင်းလုံးသည် အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြသည်မှာ ပြည်သူတစ်ရပ်လုံးအတွက် အားတက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီးဘောလုံး အသင်းမှာ အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိုဗိုလ်လုပွဲ၌ အာဆီယံတွင် အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့သည့်အတွက် အားကစားဝါသနာရှင် မိဘပြည်သူများကို အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုပေးစွမ်းနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း ပြောကြားသည်။

ထို့ပြင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာ အားကစားအဖွဲ့ ၏ ထူးခြားချက်အနေဖြင့် မြန်မာနိုင်ငံအနေနှင့် ၁၉၈၁ ခုနှစ်နောက်ပိုင်း အခြား အိမ်ရှင်နိုင်ငံများကို ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် SEA GAMES ပြိုင်ပွဲ များ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံး ရယူပေးနိုင်ခဲ့သည့် ပြိုင်ပွဲဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ​အားကစားပြိုင်ပွဲများ၌ အောင်မြင်မှုရခြင်းအတွက် ဝမ်းသာဂုဏ်ယူမိသကဲ့သို့ မြန်မာနိုင်ငံသားအားလုံးက လိုလားတောင့်တနေသည့် ဘောလုံးပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိ ရေးကိုလည်း အမျိုးသားရေးအဖြစ် ဦးတည်ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း၊ အလားတူ အရှိန်အဝါကြီးခဲ့သော အစဉ်အလာရှိခဲ့သည့် ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်များလွှမ်းနိုင်အောင် ကြိုးပမ်းကြရန် အားကစားသမားများနှင့် အဖွဲ့ချုပ်များကိုပါ တိုက်တွန်းလိုပါကြောင်း နစကဥက္ကဌက ပြောကြားသည်။

နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူ ပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးရာရောက်သည့်အပြင်  နိုင်ငံတကာ အလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့ အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်မယ်များအား ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီ ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေအတွက်ရော အားကစားသမား အရေအတွက်ပါ တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက် ပိုမိုအောင်မြင်မှုရရှိစေရေး ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်သွားကြရန် ဝန်ကြီးဌာနနှင့်အားကစားအဖွဲ့ချုပ်များကို ကြိုတင်အသိပေး မှာကြားလိုကြောင်း နစကဥက္ကဌက ထည့်သွင်းပြောကြားသည်။

ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူများကို နစကဥက္ကဌကလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိသူများကို နစကဒုတိယဥက္ကဌက လည်းကောင်း၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရရှိခဲ့သူများကို ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အတူ နစကဥက္ကဌက အထူးဆုအဖြစ်  ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကိုလည်းကောင်း၊ အကြိုဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံးအသင်း အား အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်း ၁၉ နည်းမှ ဗိုဗီနမ်၊ ဗိုဗီနမ် (ခွန်ဘိုကာတာ)၊ ဗိုဗီနမ်(အားနစ်)၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ရိုးရာလှေ၊ အလေးမ အားကစားနည်း ၈ နည်း၌ ရွှေတံဆိပ် ၂၁ ခု ရရှိခဲ့ကြောင်း၊ ကျန်အားကစား ၁၁ နည်းအနက် ဘော်လီဘောနှင့် တင်းနစ်အား ကစားနည်းများမှလွဲပြီး ကျန်အားကစားနည်း ၉ နည်းမှာ ငွေတံဆိပ် ၂၅ ခု နှင့်ကြေး တံဆိပ် ၆၈ ခုရရှိခဲ့ကြောင်း၊ တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူ များကို ကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၂၀၀ ၊ ကြေးတံဆိပ်ရရှိခဲ့ သူများကိုကျပ်သိန်း ၁၀၀ ၊ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်း သားတစ်ဦးလျှင်ကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ပါကကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီပေးအပ် ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့် ကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့် အမေရိကန် ဒေါ်လာ ခုနစ် သောင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent