ကမ္ဘာက စောင့်ကြည့်နေတဲ့ တူရကီသမ္မတသစ် ဘယ်သူဖြစ်မလဲ

ကမ္ဘာက စောင့်ကြည့်နေတဲ့ တူရကီသမ္မတသစ် ဘယ်သူဖြစ်မလဲ
Photo: Financial Times
Photo: Financial Times
Published 23 May 2023
TRANSLATED- ခက်ဝေ

သမ္မတကို ပြတ်ပြတ်သားသားရွေးချယ်ပေးမည့် ရွေးကောက်ပွဲ နောက်တစ်ကျော့ကို တူရကီနိုင်ငံတွင် တစ်ပတ်အတွင်း ကျင်းပတော့မည်ဖြစ်ပြီး  တူရကီမဲဆန္ဒရှင်များ၏ အဆုံးအဖြတ်က ကမ္ဘာတစ်ဝန်း ရိုက်ခတ်မှုများ ဖြစ်လာစေလိမ့်မည်။ တူရကီနိုင်ငံ၏အနာဂတ်က တက်လာမည့်သမ္မတအပေါ် မူတည်ပြီး များစွာ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။ ထိုသို့အရေးကြီးသည့်ရွေးကောက်ပွဲကို ကမ္ဘာကလည်း စောင့်ကြည့်နေသည်။

လက်ရှိသမ္မတ ရီဆပ်တေးရစ်အာဒိုဂန်က အာဏာရယူထားသည်မှာ နှစ်ပေါင်း ၂၀  ကြာမြင့်နေပြီဖြစ်ပြီး အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာနှစ်ခုစလုံးနှင့် ဆက်ဆံရေးခိုင်မာအောင် ကြိုးပမ်းထားသူဖြစ်သည်။ သို့သော်လည်း အာဏာရှင်ဆန်သည့်အုပ်ချုပ်မှုကြောင့် မဟာမိတ်အချို့နှင့် သဘောထားကွဲလွဲလာခဲ့သည်။

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် မဲ ၄၉. ၃၄ ရာခိုင်နှုန်းကို အာဒိုဂန်ကရပြီး အတိုက်အခံပြိုင်ဘက် ကမ်မယ်ကီလစ်ချ်ဒါရိုလူက ၄၄.၉၉ ရာခိုင်နှုန်းရခဲ့သည်။ သမ္မတနေရာအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးက မဲရာခိုင်နှုန်း ၅၀ ကျော်မှသာ ရွေးကောက်ခံအဖြစ် အနိုင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ခဲ့သည့် အတွက် မေ ၂၈ ရက်တွင် ရွေးကောက်ပွဲဒုတိယအကျော့ ထပ်ရှိလာသည်။

လူအသေအပျောက်နှင့် အထိအခိုက် အပျက်အစီးကြီးမားလှသည့် ဖေဖော်ဝါရီ ၆ ရက်မြေငလျင်ကို တူရကီ ခံစားခဲ့ရအပြီး ဝေဖန်ထိုးနှက်မှုများ ရင်ဆိုင်နေရသည့် အာဒိုဂန်အတွက် ယခုရွေးကောက်ပွဲသည် အကြီးမား ဆုံးစိန်ခေါ်မှုလည်း ဖြစ်နေသည်။

တူရကီနိုင်ငံတွင် ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပလေ့ရှိပြီး ပထမအကျော့ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၆၄ သန်းအနက် ငါးသန်းက အသက် ၁၈ နှစ်မှ ၂၂ နှစ် ကြား ပထမဆုံး မဲပေးကြသူများဖြစ်သည်။ အာဒိုဂန်နှင့် ၎င်း၏အာဏာရ AK ပါတီသည် ၂၀၀၂ ခုနှစ်ကတည်းက တူရကီကို အုပ်ချုပ်လာသည့်အတွက် ထိုလူငယ်မဲဆန္ဒရှင်များက ၎င်းတို့တစ်သက်တာတွင် AK ပါတီမှလွဲပြီး မည်သည့်အာဏာရနိုင်ငံရေးပါတီကိုမျှ မသိကြပေ။ ၂၀၀၂ ခုနစ်မတိုင်မီ ဆယ်စုနှစ်အတွင်း၌မူ ညွန့်ပေါင်းအစိုးရများက နိုင်ငံကို အုပ်ချုပ်လာခဲ့ကြသည်။

ပြိုင်ဘက်အတိုက်အခံ ကီလစ်ချ်ဒါရိုလူက တူရကီ၏ဒီမိုကရေစီကို ပြန်ယူပေးမည်၊ လူ့အခွင့်အရေးတိုးတက်အောင် ကြိုးပမ်းပေးမည်ဟု မဲဆွယ်ကတိပေးထားသည်။ သို့သော် ပြည်သူအချို့က ၎င်းကိုယ်တိုင်ရော ကမ္ဘာ့စင်မြင့်ပေါ် ရောက်နေပါပြီလားဆိုသည့် မေးခွန်းကိုထုတ်နေကြသည်။

တူရကီ၏ အရေးပါမှု

အီးယူနိုင်ငံခြားရေးပေါ်လစီဆိုင်ရာ အကြီးအကဲဟောင်း  ဘယ်ရိုနက်အက်ရှ်တင်က တူရကီသည် ယခင်က ၎င်းပြောခဲ့သည့်အတိုင်းပင် အရေးတယူစောင့်ကြည့်ရသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဟု ဆိုသည်။  “တူရကီ မှာဖြစ်ပျက်နေတဲ့အရာတွေက ဥရောပ၊ အာရှနဲ့ ကြုံနေရတဲ့ ကမ္ဘာ့ရေးရာအားလုံးပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်။ အရမ်းအရေးကြီးပါတယ်”ဟု ဆိုသည်။

၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက ကျူးကျော်လိုက်ပြီးနောက် တူရကီသည် ၎င်း၏သံတမန်ပါ၀ါကိုအသုံးချကာ ညှိနှိုင်းကောင်းသူအဖြစ် သက်သေပြခဲ့သည်။ တူရကီကြောင့် စစ်မက်ဖြစ်နေသည့် နှစ်နိုင်ငံအကြား ကနဦးဆွေးနွေးမှုအချို့ လွယ်ကူခဲ့ပြီး တကယ့်တိုးတက်မှုက တူရကီ၏ညှိနှိုင်းတော်မှုကြောင့် ဂျုံစပါးသဘောတူညီမှုရခဲ့ပြီး ယူကရိန်းတင်ပို့ကုန်များ ပင်လယ်နက်ဒေသအတွင်း ဆက်လက်စီးဆင်းနိုင်ခဲ့သည်။

သမ္မတအာဒိုဂန်ကလည်း  ဗြိတိန်ဝန်ကြီး ချုပ်ရစ်ရှီဆူနတ်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ရုရှားသမ္မတပူတင်၊ တရုတ်သမ္မတရှီကျင်းပင်တို့ကဲ့သို့ ထိပ်သီးခေါင်းဆောင်အားလုံးနှင့် အဆက်အဆံရှိသူအဖြစ် မိမိကိုယ်မိမိ ဂုဏ်ယူထားသည်။

နေတိုးဆက်ဆံရေးနှင့် သမ္မတအပြောင်းအလဲ

နေတိုးစစ်မဟာမိတ်အဖွဲ့တွင် တူရကီတပ်က ဒုတိယအကြီးဆုံး စစ်တပ်ဖြစ်သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများက ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းလိုက်ပါက မဟာမိတ်အင်အား တောင့်တင်းလာ မည်ဟုဆိုကာ လိုလိုလားလား ရှိနေသော်လည်း ကန့်ကွက်သည့်တစ်ခုတည်းသော နိုင်ငံက တူရကီဖြစ်သည်။

ဖင်လန်အဖွဲ့ဝင်ဖြစ်ရေးကို တူရကီက နှောင့်နှေးစေကာ ဆွီဒင်အဖွဲ့ဝင် ဖြစ်မလာ ရန်လည်း ဆက်လက်ပိတ်ပင်နေသည်။ PKK (၁၉၈၄ ခုနှစ်နောက်ပိုင်း တူရကီအစိုးရကို လက်နက်ကိုင်တော်လှန်လာသည့် ကာ့ဒ်သူပုန်အဖွဲ့) အဖွဲ့ဝင်များကို လွှဲပြောင်းမပေးမချင်း ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် ထောက်ခံမည်မဟုတ်ဟု တူရကီဘက်က ပြောနေသည်။ ယခုရွေးကောက်ပွဲတွင် သမ္မတအပြောင်းအလဲဖြစ်လာပါက နေတိုးမဟာမိတ်အဖွဲ့နှင့်ဆက်ဆံရေးကလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ 

ကီလစ်ချ်ဒါရိုလူက S-400 ကိစ္စကို ဖြေရှင်းမည်ဟု ကတိပေးထားသည်။ S-400 ရု ရှားဒုံးကျည်ကာကွယ်ရေးစနစ်ကို တူရကီကဝယ်ရန်လက်မလျှော့သဖြင့် အမေရိကန်က ၎င်းင်းတို့၏ F-35 တိုက်ဂျက်လေယာဉ်စီမံကိန်းနှင့် မအပ်စပ်ဟုယူဆကာ ၂၀၁၉ ခုနှစ်တွင် တိုက်လေယာဉ်ရောင်းမည့်အစီအစဉ်နှင့် ပတ်သက်ပြီး တူရကီနှင့်ပူးတွဲလုပ်ဆောင်နေသည်များကို ရပ်တန့်ပစ်ခဲ့သည်။ ထိုအစီအစဉ်ပြန်ဖြစ်မြောက်လာရေးကို ကီလစ်ချ်ဒါရိုလူက ကတိပေးနေခြင်းဖြစ်သည်။

အီးယူနှင့် ဆက်ဆံရေး

တူရကီသည် အီးယူအဖွဲ့ဝင်ဖြစ်ရေးအတွက် ၁၉၉၉ ခုနှစ်တွင် တရားဝင်အသိအမှတ် ပြုခံထားရသော်လည်း တူရကီအစိုးရ၏ လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ရာဇဝင်များကို ဘယ်လ်ဂျီယံနိုင်ငံက ဝေဖန်ခဲ့မှုကြောင့် ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်တန့်ခဲ့ရသည်။ အတိုက်အခံ ကီလစ်ချ်ဒါရိုလူကမူ အဖွဲ့ဝင်ဖြစ်ရေးကို  နောက်တစ်ကြိမ် ကြိုးစားမည်ဟု ဆိုသည်။

သမ္မတအာဒိုဂန်၏ အတိုင်ပင်ခံချုပ် အီနောချယ်ဗစ်ကမူ ယင်းကတိကို အယုံအကြည်ရှိမနေဘဲ အတိုက်အခံခေါင်းဆောင်က စိတ်ချောက်ချားပြီး လျှောက်ပြောနေသည်ဟုသာ ဆိုသည်။ “အီးယူဟာ တူရကီအဖွဲ့ဝင် ဖြစ်လာရေးလမ်းကြောင်းမှာ အမြဲပိတ်ကာနေတာ။ မစ္စတာ ကီလစ်ချ်ဒါရိုလူက ပြောတယ်။ သူသာ အာဏာရခဲ့ရင် သုံးလအတွင်း တူရကီနိုင်ငံသားတွေကို ဥရောပသမဂ္ဂက ဗီဇာမဲ့ သွားလာခွင့်ပြုမယ့်အခြေအနေရောက်အောင် ဖန်တီးပေးပါမယ်တဲ့။ ပေါက်ကရတွေ”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာကို ခေါင်းခဲစေမည့် ဆီးရီးယားဒုက္ခသည်အရေး

တူရကီရှိ ဆီးရီးယားဒုက္ခသည် ၃.၆ သန်း (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ထုတ်ပြန်သည့်အရေအတွက်) အရေးကို ဖြေရှင်းရေးက သမ္မတကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး အဓိက ကိုင်တွယ်ရမည့် ပြဿနာများထဲ ပါနေသည်။

ပထမအကျော့မဲဆွယ်စည်းရုံးမှုများ ပြုလုပ်စဉ်ကတည်းက အာဒိုဂန်နှင့် ကီလစ်ချ် ဒါရိုလူတို့ နှစ်ဦးစလုံးက တူရကီရှိ ဆီးရီးယား ဒုက္ခသည်များကို အမြန်ဆုံးနေရပ်ပြန်ပို့နိုင်အောင် ဆောင်ရွက်မည်ဟု ကတိပေးထား သည်။ ရွေးကောက်ပွဲနောက်တစ်ကျော့ နီးကပ်လာလေလေ ထိုအရေးမှာ ပိုအဓိကထား ပြောစရာဖြစ်လာပြီး နှစ်ဦးစလုံးက သူ့ထက်ငါ ထိုအရေးကို အတင်းကျပ်ဆုံး ကိုင်တွယ်မည့်သူအဖြစ် ယှဉ်ပြိုင်နေကြသည်။

 ဆီးရီးယားဒုက္ခသည်များအတွက်မူ ၎င်းတို့အတွက် မလုံခြုံသေးသည့်နိုင်ငံကို ပြန်ပို့ ခံရမည့်အပေါ်စိုးထိတ်နေကြလိမ့်မည်။ ကမ္ဘာ့နိုင်ငံများအတွက်လည်း ယင်းပြဿနာက ခေါင်းခဲစရာဖြစ်ပြီး တူရကီက ၎င်းဒုက္ခသည်များအား လက်ခံကူညီထားမှုကို ရပ်တန့်လိုက်ပါက နိုင်ငံတကာက ဒုက္ခသည်များ လက်ခံရေးကို စဉ်းစားရတော့မည်ဖြစ်သည်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေး အဖွဲ့ (Ankara Policy Center)မှ ဆီလင်နာဆီက “အစိုးရသစ်လက်ထက်တွင်  ဒီမိုကရေစီအခွင့်အရေးများနှင့် လွတ်လပ်စွာဖော်ထုတ်ပြောခွင့်တို့ တိုးတက်လာပါက နိုင်ငံတကာအလယ် တူရကီ၏ပုံရိပ်လည်း တိုးတက်လာလိမ့်မည်၊ အာဒိုဂန် ထပ်နိုင်ပါက နိုင်ငံရေးအကျဉ်းသားများ ထောင်ထဲတွင် ဆက်နေရလိမ့်မည်”ဟု သုံးသပ်သည်။

မေ ၁၄ ရက်အထွေထွေရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရခဲ့သည့် ဆီနန်အိုဂန်ကမူ လက်ရှိသမ္မတ အာဒိုဂန်ကိုသာ ထောက်ခံမည်ဟု အတိအလင်းကြေညာထားသည်။ “မေ ၂၈ ရက် ရွေးကောက်ပွဲဒုတိယ အကျော့မှာလည်း ကျွန်တော်က အာဒိုဂန်ကိုပဲ ထောက်ခံမှာပါ။ ပထမအကျော့မှာ ကျွန်တော်တို့ကို ထောက်ခံမဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေကို အခုတစ်ခေါက်မှာ အာဒိုဂန်ကို မဲပေးကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ၎င်းက ရုပ်သံမှတစ်ဆင့် မေတ္တာရပ်ခံထားသည်။

Ref: AFP / BBC

Most Read

Most Recent