ပီတာလင်ဂျာရွန်ရတ် ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သော်..

ပီတာလင်ဂျာရွန်ရတ် ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သော်..
Photo: AFP
Photo: AFP
Published 22 May 2023
TRANSLATED- ဖြိုးဟိန်းကျော်

ထိုင်းနိုင်ငံ၏ မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် ပီတာလင်ဂျာရွန်ရတ်၏ အံ့မခန်းအနိုင်ရလဒ်သည် ထိုင်းလူ့ဘောင်အဖွဲ့အစည်းမှ လူအတော်များများက နိုင်ငံရေးတွင် စစ်တပ်က လွှမ်းမိုးထားမှုနှင့် စစ် အာဏာသိမ်းမှုများကို ပြတ်ပြတ်သားသားပယ်ချလိုက်သည့် လက္ခဏာပင်ဖြစ်သည်။ လက်ရှိတွင် ပီတာသည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာရန် ကြိုးပမ်းနေသည်။

သို့သော် အသက် ၄၂  နှစ်အရွယ် ပီတာဦးဆောင်သော Move Forward (ရှေ့သို့ချီ) ပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ရုန်းကန်နေရပြီး တစ်ဖက်တွင်လည်း ဥပဒေကြောင်းအရ တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

၎င်း၏အနိုင်ရလဒ်ကို ဆန့်ကျင်ပယ်ရှားလိုသူများအနေဖြင့် အထမြောက်လိမ့်မည်မဟုတ်ဟု ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး တစ်ရက်အကြာတွင် ပီတာက ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။

“ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အများသဘောဆန္ဒအရ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ဖို့  ဒါမှမဟုတ် လူနည်းစု အစိုးရဖွဲ့ဖို့ စဉ်းစားနေတဲ့သူအတွက် ကြီးကြီးမားမားပေးဆပ်မှု ဖြစ်လာပါလိမ့် မယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် ၎င်း၏ Move Forward ပါတီသည် အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက်ယှဉ်ပြိုင် ရွေးကောက်ခံခဲ့ရာတွင် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အားလုံးအနက် မဲအများဆုံး ရရှိခဲ့သည်။

စစ်တပ်က တင်မြှောက်ထားသည့် အမတ်ဦးရေ ၂၅၀ ရှိ အထက်လွှတ်တော်သည် ပူပူနွေးနွေး ရွေးကောက်ခံထားရသည့် အောက်လွှတ်တော်နှင့်အတူ နောက်တက်မည့် ဝန်ကြီးချုပ်ကို ဇူလိုင် သို့မဟုတ် သြဂုတ်လထဲတွင် အတည်ပြုရွေးချယ်သွားဖွယ်ရှိသည်။

“ခေတ်ကာလရဲ့ရပ်တည်မှုက ပြောင်းလဲသွားပါပြီ။ ဒါက အချိန်ကိုက်ပါပဲ။ Move Forward ပါတီဟာ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းဖို့ အသင့်ရှိနေပြီဆိုတာကို ဒီနေရာကနေ ကြေညာချင်ပါတယ်” ဟု ပီတာက ကြွေးကြော်ခဲ့သည်။

ယခင်အတိုက်အခံ နိုင်ငံရေးသမားများသည်လည်း ပီတာကဲ့သို့ပင် ကြိုးပမ်းခဲ့ဖူးသော်လည်း ၎င်းတို့သည် အကျိုးစီးပွား ၀ိရောဓိဖြစ်မှုနှင့် ငြိစွန်းမှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ပယ်ဖျက်ခြင်း၊ ပိတ်ပင် တားမြစ်ခြင်းတို့နှင့် ကြုံတွေ့ရခြင်း သို့တည်းမဟုတ် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခွင့်ရခဲ့လျှင်လည်း နောက်ပိုင်းတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံရခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသည်။

အမေရိကန်ရှိ ဟားဗက်တက္ကသိုလ်နှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MTT)တို့တွင် တက်ရောက်ခဲ့စဉ်က ၎င်း၏အတွေ့အကြုံများကြောင့် အမေရိကန်နှင့် ထိုင်းနိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများကို ပိုမိုလွယ်ကူချောမွေ့စေဖွယ်ရှိသည်။ ထိုင်းသည် ပင်တဂွန်နှင့်လည်း ဆက်ဆံရေး ကောင်းများ ရှိနေသည်။

“ဆန္ဒမဲတွေက ကျည်ဆန်ထက် ပိုပြီးအစွမ်းရှိတယ်ဆိုတာကို ထိုင်းပြည်သူတွေက သက်သေပြသွားမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ က အမေရိကန်သမ္မတ အေဘရာဟမ်လင်ကွန်း ပြောခဲ့တဲ့အတိုင်း ဒီနှစ်ထိုင်းနိုင်ငံမှာ အဲဒီလို ဖြစ်လာပါလိမ့်မယ်”ဟု ABC ရုပ်သံနှင့်အင်တာဗျူးတွင် ပီတာက ပြောကြားခဲ့သည်။

ပီတာ၏ အမာခံနိုင်ငံရေး အင်အားစုဖြစ်သည့် အားမာန်ပြည့်၍ တက်ကြွပြီး စိတ်ကူးစိတ်သန်းကောင်းသော လူငယ်များသည် ၎င်းတို့၏လူကြီးပိုင်း ဆွေမျိုးသားချင်းများကို Move Forward ပါတီအား မဲပေးရန် စည်းရုံး နိုင်ခဲ့သည်။

မေ ၁၅ ရက်က ပီတာသည် ထောင်နှင့်ချီသော ၎င်းကို ထောက်ခံသူများနှင့်အတူ ဘန်ကောက်မြို့ လမ်းမများဆီသို့ ထွက်လာခဲ့ပြီး ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြာခဏ ပြုလုပ်ရာနေရာဖြစ်သည့် ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်ကို လှည့် လည်အောင်ပွဲခံခဲ့သည်။

သူ၏ဖခင်သည် စိုက်ပျိုးရေးဝန်ကြီးဌာန အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး သူ၏ဦးလေးသည်လည်း ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ လက်ထောက် အဖြစ် တာဝန်ယူခဲ့သည်။

ငယ်စဉ်က နယူးဇီလန်တွင် ကာလတစ်ခုကြာ နေထိုင်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့ကာ ဟားဗက်တက္ကသိုလ်မှ လူထုရေးရာမူဝါဒ ဘာသာရပ်ဖြင့် မဟာဘွဲ့၊ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ MBA ဘွဲ့တို့ကို ရရှိခဲ့သည်။ သူသည် ပညာသင်ယူခဲ့စဉ်က ရရှိလာသည့် စိတ်ကူးစိတ်သန်းများကို ကွယ်လွန်သွားသော ဖခင်ဖြစ်သူ၏ ဖွဲနုဆီလုပ်ငန်းနှင့်အခြား စီးပွားရေး လုပ်ငန်းများတွင် လက်တွေ့အသုံးချခဲ့သည်။ သူသည် ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်ဖြစ်သည့် ဇနီးသည်နှင့် လမ်းခွဲပြီးနောက် နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင် ရောက်ခဲ့သည်။

ထို့နောက် ပီတာသည် စစ်တပ်ကို ဆန့်ကျင်သော လစ်ဘရယ်ပါတီသစ်ဖြစ်သည့် Future Forward (အနာဂတ်ရှေ့ဆောင်) ပါတီသို့ ဝင်ရောက်ခဲ့သည်။ ၎င်းပါတီသည် ၂၀၁၉ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၁ နေရာရရှိခဲ့ပြီး တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သော်လည်း လပိုင်းအကြာတွင် ဖျက်သိမ်းခံခဲ့ရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ၎င်းပါတီ၏ ခေါင်းဆောင် ဘီလျံနာတစ်ဦးဖြစ်သည့် ထာနာသွန်း ဂျူအန်ရုန်ရန်ကစ်ကို အကျိုးစီးပွား ၀ိရောဓိဖြစ်မှုအတွက် အပြစ်ရှိကြောင်း ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ခဲ့ပြီး ၎င်းကို နိုင်ငံရေးလောကမှ ပိတ်ပင်ခဲ့သည်။

အဆိုပါခုံရုံးက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် Future Forward ပါတီကို လုံးလုံးလျားလျား ဖျက်သိမ်းခဲ့ပြီးနောက် မကြာမီတွင် ၎င်းပါတီကို ဆက်ခံသည့်အနေဖြင့် ဖွဲ့စည်းခဲ့သည့် Move Forward ပါတီကို ပီတာက ဦးဆောင်ခဲ့သည်။

ပီတာဝန်ကြီးချုပ် ဖြစ်လာမည်ဆိုလျှင် အခွင့်ထူးခံမြို့တော်ဘန်ကောက်ကို ဗဟိုပြုခြင်းနှင့် အာဏာကို ဗဟိုက ချုပ်ကိုင်ထားခြင်းတို့မှ သွေဖည်ကာ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာတို့ကို ပြင်ဆင်ခွဲဝေပြီး နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများကို အကူအညီများဖြန့်ခွဲပေးရန် ၎င်းက ဆန္ဒရှိနေသည်။

ထို့ထက်ပို၍ ခက်ခဲသည်မှာ ၎င်းအနေဖြင့် အမတ်နေရာ ၂၅၀ ရှိ အထက်လွှတ်တော်အား စစ်တပ်က သြဇာလွှမ်းမိုးထားမှုကို အဆုံးသတ်ပြီး အထက်လွှတ်တော်ကို ရွေးကောက်တင်မြှောက်ခံ ဖြစ်လာစေရန်ရည် ရွယ်ထားခြင်းဖြစ်သည်။ အောက်လွှတ်တော်အတွက် ရွေးကောက်ခံရသည့် အမတ်များကို စိစစ်ထိန်းချုပ်ရန် ရွေးကောက်ခံရန်မလိုသည့် အထက်လွှတ်တော်အမတ် ၂၅၀ ကို စစ်တပ်က ရွေးချယ်တင်မြှောက်ထားသည်။

ထို့အပြင် ပီတာသည် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းချက်ကို အဆုံးသတ်ရန် ဆန္ဒရှိနေပြီး ထိုင်းနိုင်ငံတွင် ပိရိသိုသိပ်စွာ အကာအကွယ်ပေးခံထားရသည့် သြဇာကြီးမားသော စည်းမျဉ်းခံဘုရင်စနစ်ကို ပြင်ဆင် ပြောင်းလဲမှုများ လုပ်ဆောင်ရန်လည်း ပြတ်ပြတ်သားသား တောင်းဆိုထားသည်။

၂၀၂၀ ခုနှစ်က ဘန်ကောက်မြို့တွင် ထောင်နှင့်ချီသည့် လူငယ်များသည် ရဲတပ်ဖွဲ့ကို အန်တုကာ ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံရေးပြဿနာများကို သရော်သည့် ပြဇာတ်များစီစဉ်ခြင်း၊ ရန်ပွဲဖြစ်ပွားခြင်း၊ မီးရှို့ခြင်းနှင့် ရံဖန်ရံခါတွင် ဘုရင်စနစ် ပြင်ဆင်ပြောင်းလဲရေးအတွက် အဓိကရုဏ်း အသွင် ရောက်ရှိသွားတတ်သည့် တောင်းဆို လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့သည်။

ယင်းသို့လမ်းပေါ်ထွက် တောင်းဆိုဆန္ဒပြမှုများသည် ဖမ်းဆီးထောင်ချခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပြီး ဘုရင်စနစ်ကို ဝေဖန်ခြင်းမှ အကာအကွယ်ပေးထားသည့် တော်ဝင် အသရေဖျက်မှုဥပဒေ ပုဒ်မ ၁၁၂ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်ကိုလည်း ပီတာအဖို့ သိရှိထားမည်ဖြစ်သည်။

Move Forward ပါတီမှ ပီတာ၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်အချို့သည်လည်း ယင်းဆန္ဒပြလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

ရှိရင်းစွဲ အခြေအနေကို ကျေနပ်သဘောကျခြင်း သို့မဟုတ် ဥပဒေကြောင်းဆိုင်ရာ ပြဿနာများကို ရှောင်လွှဲလိုခြင်းတို့ကြောင့် ဘုရင်စနစ် ပြင်ဆင်ပြောင်းလဲမည့်ကိစ္စရပ်ကို ထိုင်းလွှတ်တော်အမတ်အများစုက ဆွေးနွေးလိုဖွယ်မရှိပေ။

ထိုင်းလူ့ဘောင်အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုများကို ကုစားရန်အတွက် အပြောင်းအလဲများကို လိုအပ်နေကြောင်းနှင့် Move Forward ပါတီအနေဖြင့် ပုဒ်မ ၁၁၂ ကို ဖျက်သိမ်းမည်မဟုတ်ဘဲ ပြင်ဆင်လို ခြင်းသာဖြစ်ကြောင်း ပီတာက အခိုင်အမာ ပြောဆိုထားသည်။

ပီတာနှင့် ၎င်းပါတီသည် လတ်တလောတွင် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အဓိကအရေးပါသော ဝန်ကြီးဌာနများကို ကိုင်တွယ်ခွင့်ရနိုင်ရန် ကြိုးပမ်းနေသည်။

စစ်တပ်နှင့် တော်ဝင်အသိုင်းအဝိုင်းအပေါ် အန်တုစိန်ခေါ်မှုကြောင့် အာဏာသိမ်းမှု ဖြစ်လာနိုင်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လျက်ရှိသည်။ သို့သော် ၎င်းကို တားဆီးရန်အတွက် လတ်တလောတွင် အာဏာသိမ်းမှု ဖြစ်လာနိုင်ဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ပြိုင်ဘက် ကွန်ဆာဗေးတစ်များက အစိုးရဖွဲ့နိုင်ရန် ပိုမိုလွယ်ကူနေခြင်းကြောင့်ဖြစ်သည်။

ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည့်အတွက် တာဝန်နှင့် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ၀ိရောဓိဖြစ်မှုနှင့် ငြိစွန်းနေသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရပြီး ၎င်းကမူ ထိုစွပ်စွဲ ချက်များကို အလေးမထားဟန် ပြသထားသည်။ ၎င်းတွင်အပြစ်မရှိသော်လည်း ဖွဲ့စည်းပုံခုံရုံးတွင် စစ်ဆေးခံရနိုင်ဖွယ်ရှိသည်ဟုလည်း ပီတာက ပြောဆိုထားသည်။

Ref: Asia Times

 

Most Read

Most Recent