မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး အောင်သူနှင့် တောင်ပံတိုက်စစ်မှူး မောင်မောင်လွင်တို့မှာ ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
တိုက်စစ်မှူး အောင်သူသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်းက ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် လမ်ဖွန်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
သို့သော် လမ်ဖွန်အသင်းသည် တိုက်စစ်မှူး အောင်သူကို ရာသီကုန်အထိသာ ကာလတိုစာချုပ်ချုပ်ဆိုခဲ့ပြီး ကစားသမား၏ စွမ်းဆောင်မှုအပေါ်မူတည်၍ သက်တမ်းတိုးသွားမည့်အချက်ကို ထည့်သွင်းထားကြောင်း သိရသည်။
အောင်သူသည် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေးကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရကြောင်း သိရသည်။
အောင်သူသည် ယခုရာသီတွင် လမ်ဖွန်အသင်း၌ ပုံမှန်ပွဲထွက်ကစားခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားခွင့်ရရှိခဲ့ကာ ၁ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်သူသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းလိဂ်ကလပ်အသင်းများတွင် သွားရောက်ကစာနေသူဖြစ်ပြီး လက်ရှိတွင် ထိုင်းကလပ်အသင်းလေးသင်း၌ ကစားထားပြီးဖြစ်ကြောင်း သိရသည်။
အောင်သူသည် ထိုင်းကလပ်အသင်းများဖြစ်သည့် ပူးလစ်တယ်ရို၊ မြောင်တောင်ယူနိုင်တက်၊ ဘူရီရမ်နှင့် လမ်ဖွန်အသင်းများတွင် ကစားထားသူဖြစ်သည်။
အောင်သူသည် လာမည့်ရာသီတွင်လည်း ထိုင်းလိဂ်တွင်သာ ဆက်လက်ကစားသွားရန်ဆန္ဒရှိနေကြောင်း သိရသည်။
တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီဝက်အပြောင်းအရွေ့ကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းက မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် စာချုပိဖျက်သိမ်းခဲ့ပြီး လမ်ဖွန်(ထိုစဉ်က ထိုင်းလိဂ်-၂) အသင်းထံသို့ တစ်နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
မောင်မောင်လွင်သည် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် အသင်းနှင့် လျင်မြန်စွာ အထိုင်ကျခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ကစားခွင့်ရရှိခဲ့သလို ကိုယ်တိုင်လည် းဂိုးများသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်လွင်သည် ၂၀၂၁-၂၂ ရာသီတွင် လမ်ဖွန်အသင်းအတွက် ၁၇ ပွဲ ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိပြုလုပ်ပေးခဲ့သည်။
ထို့ပြင် လမ်ဖွန်အသင်းမှာ ယင်းရာသီတွင် ထိုင်းလိဂ်-၂ ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့ပြီး ထိုင်း လိဂ်-၁ သို့ တန်တက်ခွင့်ရခဲ့ကာ မောင်မောင်လွင်မှာလည်း တစ်လတာ အကောင်းဆုံးကစားသမားဆု တစ်ကြိမ်ရရှိခဲ့သည်။
မောင်မောင်လွင်သည် ၂၀၂၂-၂၃ ရာသီတွင် လမ်ဖွန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားခဲ့ပြီး ၃ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီမှု ၁၁ ကြိမ်အထိ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။















