အင်တာမီလန်၏ ချေးငွေ ယူရို (၂၇၅)သန်းကို စတီဗင်ကျန်း ပြန်ဆပ်နိုင်ရန် မလွယ်ကူကြောင်း သုံးသပ်မှုများရှိနေ

အင်တာမီလန်၏ ချေးငွေ ယူရို (၂၇၅)သန်းကို စတီဗင်ကျန်း ပြန်ဆပ်နိုင်ရန် မလွယ်ကူကြောင်း သုံးသပ်မှုများရှိနေ
Photo: Getty Images
Photo: Getty Images
Published 22 May 2023

အင်တာမီလန်အသင်း အထွေထွေမန်နေဂျာဟောင်း အာနက်စတိုပါအိုလိုင်လိုက ချေးငွေယူရို (၂၇၅)သန်းကို လက်ရှိအသင်းဥက္ကဋ္ဌ စတီဗင်ကျန်း အချိန်မီပေးဆပ်နိုင်ရန် မလွယ်ကူကြောင်း သတိပေးခဲ့သည်။

လက်ရှိရာသီတွင် အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ဖိုင်နယ်နှင့် ကိုပါအီတာလီယာဖိုင်နယ်သို့ တက်ရောက်ထားနိုင်သော်လည်း ဘဏ္ဍာရေးအကျပ်အတည်းများ ရင်ဆိုင်နေရသည်။

ကိုဗစ်ကပ်ဘေးအလွန်တွင် အင်တာမီလန်အသင်း၏ အရှုံးငွေပမာဏမြင့်တက်လာသလို၊ ချေးငွေများလည်း ရယူခဲ့ရသည်။ အင်တာမီလန်အသင်းသည် အမေရိကန်ရင်း နှီးမြှုပ်နှံမှုကုမ္ပဏီ Oaktree Capital ထံမှ ယူရို (၂၇၅)သန်းချေးယူခဲ့ရပြီး ၂၀၂၁ ခုနှစ်အတွင်း ချေးယူခဲ့သော အဆိုပါချေးငွေကို လာမည့် ၂၀၂၄ ခုနှစ်၊ မေလနောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

အင်တာမီလန်အသင်းသည် အဆိုပါချေးငွေအတွက် နှစ်စဉ်အတိုးနှုန်းမြင့်မားစွာပေးချေနေရပြီး သတ်မှတ်ချိန်အတိုင်းပြန်လည်ပေးဆပ်ပါက စုစုပေါင်း ယူရိုသန်း (၃၅၀)အထိ ပေးရမည်ဖြစ်ကြောင်း သိရသည်။

အာနက်စတိုပါအိုလိုင်လိုက "အင်တာမီလန်ရဲ့ ကြွေးမြီပမာဏဟာ စိုးရိမ်စရာကောင်းပါတယ်။ လက်ရှိ အင်တာမီလန်ရဲ့ အကျိုးအမြတ်နဲ့ နှိုင်းယှဉ်ရင် အကြွေးတွေပြန်လည် ပေးဆပ်ဖို့ရာ မလွယ်ကူပါဘူး။ စတီဗင်ကျန်းအတွက် အခြားဝင်ငွေရလမ်းတွေလည်း အများကြီးမရှိပါဘူး။ ဒီတော့ အင်တာမီလန်ရဲ့ အနာဂတ်ဟာ Oaktree Capital လက်ထဲရောက်သွားနိုင်ပါတယ်" ဟု ဆိုခဲ့သည်။

အင်တာမီလန်အသင်း၏ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းမှာလည်း လီယောင်ဟွန်ဟုအမည်ရသည့် တရုတ်လူမျိုးတစ်ဦးမှ အချက်အလက်အတုများဖြင့် ဝယ်ယူခဲ့သဖြင့် ဘဏ္ဍာရေး အရှုပ်အထွေးများနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အမေရိကန်အခြေစိုက် Elliott စီမံခန့်ခွဲမှုကုမ္ပဏီမှ ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်။

Most Read

Most Recent