ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံ၌ ပူးတွဲကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လိုဂိုကို မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲလိုဂိုကြေညာသည့် အခမ်းအနားကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပခဲ့ပြီး FIFA ဥက္ကဋ္ဌ အင်ဖန်တီနို၊ ပူးတွဲအိမ်ရှင်နိုင်ငံများမှ တာဝန်ရှိသူများအပါအဝင် ဘောလုံးလောကမှ ထင်ရှားကျော်ကြားသူများ တက်ရောက်ခဲ့ကြသည်။
FIFAသည် ပြိုင်ပွဲလိုဂိုကို ရိုးရှင်းစွာ ဒီဇိုင်းရေးဆွဲထားပြီး ၂ နှင့် ၆ အက္ခရာကို အဖြူရောင်ဖြင့် အထက်အောက်ပုံစံဖန်တီး၍ ကမ္ဘာ့ဖလားချန်ပီယံဆုကို အလယ်တွင် ထည့်သွင်းထားသည်။
ထို့ပြင် ပြိုင်ပွဲဆောင်ပုဒ်ကို ''WE ARE 26'' ဟု အမည်ပေးထားပြီး ၂၀၂၆ ခုနှစ် ဇွန်-ဇူလိုင်တွင် ၄၈ သင်းပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။















