ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်နောက်ခံလူ လီယိုနာဒိုဘိုနူချီက မိမိအနေဖြင့် လာမည့် ၂၀၂၃-၂၄ ဘောလုံးရာသီကုန်ဆုံးချိန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ ဘိုနူချီသည် ဂျူဗင်တပ်စ်အသင်း၏ သက်တော်ရှည်ဝါရင့်နောက်ခံလူတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ ဆုဖလားအောင်မြင်မှုများစွာရယူနိုင်ခဲ့သူလည်းဖြစ်သည်။
ဘိုနူချီသည် ဂျူဗင်တပ်စ်အသင်းအတွက် ၂၀၁၀-၁၁ ရာသီမှစတင်ကာ လက်ရှိ ၂၀၂၂-၂၃ ရာသီအထိ (၁၂)ရာသီကြာ (ကြားကာလ ၂၀၁၇-၁၈ ရာသီတွင် အေစီမီလန်အသင်းထံ တစ်ရာသီပြောင်းရွှေ့ကစားခဲ့) ကစားပေးထားသူဖြစ်ပြီးအသင်းအတွက် ပြိုင်ပွဲစုံပွဲ (၅၀၀)ကစားပေးထားရာတွင် (၃၇)ဂိုးသွင်းယူပေးထားသူဖြစ်သည်။
ဘိုနူချီသည် ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆု (၈)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလား (၁၇)လုံးအထိရယူနိုင်ခဲ့ပြီး အီတလီလက်ရွေးစင်အသင်းအတွက် ၂၀၁၀ ခုနှစ်မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အထိ နိုင်ငံတကာပွဲ (၁၂၀)ပွဲကစားပေးထားကာ ယူရို-၂၀၂၀ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။















