ဘေဆယ် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ပထမအကျော့ရလဒ်က ဖီအိုရင်တီးနားအသင်းအတွက် Shock ဖြစ်စရာပါ။ အစောပိုင်းအဆင့်တွေတုန်းက ပြိုင်ဘက်ကို အပြတ်ထိုးနှက်လေ့ရှိတဲ့ ဖီအိုရင်တီးနားအသင်းရဲ့ပုံစံ ပျောက်ဆုံးနေခဲ့ပြီး ဦးဆောင်ဂိုးကို ထိန်းကစားနေရာကနေ မ ထင်မှတ်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာဖြစ်တယ်။ ဘေဆယ်ရဲ့ပထမအကျော့ စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုအပိုင်းတွေကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒါပေမဲ့ အိမ်ကွင်းမှာ ဘေဆယ်အသင်းခြေစွမ်းက ထင်သလောက်အနေအထား မဟုတ်တာကိုတော့ ထည့်တွက်ရမယ်ထင်တယ်။ ဖီအိုရင်တီးနား အနိုင်ပြန်ကစားဖို့များတယ်။
အယ်လ်ခမာ နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဝက်စ်ဟမ်းအသင်းက ပထမဆုံးမေဂျာဖလားတစ်လုံးရဖို့အိပ်မက်နဲ့ တဖြည်းဖြည်းနီးစပ်လာခဲ့တယ်။ ဒါပေမဲ့ ဒတ်ချ်မြေမှာ ဝက်စ်ဟမ်းရဲ့ရည်မှန်းချက်တွေက အလွယ်တကူတော့ ဖြစ်လာဖွယ်မရှိဘူး။ အယ်လ်ခမာအသင်းက လာဇီယိုအသင်းကို နှစ်ကျော့စလုံး အနိုင်ယူခဲ့သလို၊ အန်ဒါလက်ချ်ကိုလည်း အဝေးကွင်းမှာ (၂)ဂိုးပြတ်အရေးနိမ့်ပြီးမှ အိမ်ကွင်းမှာ ပြန်အနိုင်ယူကာ ပယ်နယ်တီနဲ့ ဆီမီးတက်ခဲ့တာဖြစ်တယ်။ ဝက်စ်ဟမ်းကွင်းမှာတုန်းကလည်း အယ်လ်ခမာအသင်းက အိမ်ရှင်ကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တာတွေ့ရတယ်။ အယ်လ်ခမာကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။
နယူးကာဆယ် နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)
နယူးကာဆယ်အသင်းက (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနည်းငယ်ပြန်စိုးရိမ်လာရတယ်။ နယူးကာဆယ်အနေနဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ အရေးနိမ့်ထားပေမဲ့ ဒီရာသီ စိန့်ဂျိမ်းပတ်ခ်မှာ အာဆင်နယ်၊ လီဗာပူးလ်(၂)သင်းတည်းကိုပဲ ရှုံးခဲ့တဲ့အထိ အိမ်ကွင်းမာကျောတဲ့ အသင်းပါ။ ဘရိုက်တန်အသင်းက ဥရောပဝင်ခွင့် မျှော်လင့်လို့ရတဲ့အခြေအနေဆိုပေမဲ့ အသင်းခြေစွမ်းကိုတော့ မှန်းဆရခက်နေတယ်။ ဖြစ်နိုင်ခြေရှိတာက ဘရိုက်တန်အဖို့ ဒီပွဲကို အိမ်ရှင် နယူးကာဆယ်လောက် အားထည့်မယ်မထင်ဘူး။ အိမ်ရှင် အနိုင်သေချာပါတယ်။















