ဆူဒန်စစ်ဘေးရှောင်များ၏ မရေရာအနာဂတ်

ဆူဒန်စစ်ဘေးရှောင်များ၏ မရေရာအနာဂတ်
Published 16 May 2023
TRANSLATED - ရာဇ

အက်စ်ဝန်မြို့၏ ရထားဘူတာရုံအပြင်ဘက်ရှိ ကော်ဖီဆိုင်တွင် ခရီးဆောင်အိတ်အများအပြားနှင့်အတူ ဆူဒန်မိသားစုများနှင့် ပြည့်နှက်နေပြီး ၎င်းတို့နိုင်ငံကို ပြိုကွဲပျက်စီးစေခဲ့ပြီး ၎င်းတို့ဘဝကိုဖျက်ဆီးခဲ့သည့် အကြမ်းဖက်မှုများမှလွတ်မြောက်ရန် ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ဖြစ်သည့် ကိုင်ရိုမြို့တော်သို့ သွားရောက်ရန် နောက်လာမည့်ရထားကို စောင့်ဆိုင်းနေကြသည်။

ဆူဒန်နယ်စပ်နှင့်အနီးဆုံး အီဂျစ်မြို့ဖြစ်သော အက်စ်ဝန်သည် ဆူဒန်စစ်တပ်နှင့် ပြိုင်ဘက်တပ်ဖွဲ့အကြား ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဆူဒန်မှ ထောင်နှင့်ချီသော ဆူဒန်နိုင်ငံသားများ  ထွက်ပြေးရန် လမ်းကြောင်းတစ်ခုဖြစ်လာခဲ့သည်။

ဝရုန်းသုန်းကားဖြစ်နေသည့် လမ်းမများပေါ်တွင် ရှစ်ရက်ကျော်ကြာ ခရီးနှင်လာရသဖြင့် မောပန်းနွမ်းနယ်နေသည့် စစ်ဘေးရှောင်များသည် အက်စ်ဝန်မြို့သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

လက်ရှိတွင် သူတို့သည် မည်သည့်အချိန် တွင် အိမ်ပြန်နိုင်မည်ဆိုသည်ကို မသိသေးမှုနှင့်အတူ မသေချာသည့်အနာဂတ်ကို မည်ကဲ့သို့ လျှောက်လှမ်းရမည်ကို အဖြေရှာရမည်ဖြစ်သည်။

ဆူဒန်၏ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးနှစ်ဦးအကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ဧပြီ ၁၅ ရက်တွင် အကြမ်းဖက်မှုများ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည့် အခြေအနေကို အက်စ်ဝန်မြို့၏ နက်ဆာကော်ဖီဆိုင်အတွင်းရှိ ဆူဒန်တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ နက်ဂလာအယ်ခါယာအာမက်က ယခုအချိန်အထိ အံ့အားသင့်နေဆဲဖြစ်သည်။

“စကားနဲ့ အပြန်အလှန်ပုတ်ခတ်မှုတွေက စစ်နဲ့ အဆုံးသတ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားပါဘူး။ စစ်တိုက်ဖို့ ဆုံးဖြတ်ချက်တစ်ခုက ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့လည်း ကျွန်မတို့ မမျှော်လင့်ခဲ့ပါဘူး” ဟု နက်ဂလာက ပြောကြားခဲ့သည်။

သူသည် သက်ကြီးရွယ်အိုဖခင်နှင့် သမီးဖြစ်သူနှင့်အတူ အီဂျစ်၏ မြို့တော်ကိုင်ရိုသို့ သွားရောက်မည်ဖြစ်သည်။ သူမ၏ခင်ပွန်းသည် ဆူဒန်၏ မြို့တော်ခါတွန်နှင့် အိမ်နီးချင်းဖြစ်သော အွမ်ဒါမန်မြို့တွင် ကျန်ရစ်ခဲ့သည်။

“ဆူဒန်က ထွက်ခွာတဲ့အချိန် တစ်လမ်းလုံး ငိုခဲ့ရတယ်။ ငါ မကြာခင်ပြန်လာမယ်။ သေချာပေါက် မကြာခင်ပြန်လာမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အားပေးခဲ့ရတယ်။ ဘယ်အချိန်မှန်းမသိပေမဲ့ အများဆုံးတစ်လလောက်ပဲ ကြာလိမ့်မယ်လို့ မျှော်လင့်ရတာပဲလေ” ဟု ၎င်းက ပြောကြားခဲ့သည်။

တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ ဆူဒန်နိုင်ငံသား ၇၆၀၀၀ ကျော်နှင့် အခြားနိုင်ငံသား ၅၀၀၀ ကျော်သည် အီဂျစ်နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း အီဂျစ်အစိုးရက ပြောကြားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဆူဒန်စစ်ဘေးရှောင်အရေအတွက် ၃၅၀၀၀၀ အထိ ရောက်ရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း စစ်ဘေးရှောင်များ ဝင်ရောက်မှုမှာ နှေးကွေးသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဆူဒန်ဒုက္ခသည်များ ဆက်လက်ရောက်ရှိလာဆဲဖြစ်သည်။

ဆူဒန်စစ်တပ်နှင့် Rapid Support Forces သို့မဟုတ် RSF ဟု လူသိများသော ပြိုင်ဘက်အုပ်စုသည် ဆော်ဒီဆိပ်ကမ်းမြို့ ဂျဒ်ဒါတွင် ညှိနှိုင်းမှုများပြုလုပ်နေသည်။ သို့သော် စစ်ဘေးရှောင်များသည်  အဆက်မပြတ် သေနတ်သံများ၊ ပေါက်ကွဲသံများနှင့် စစ်လေယာဉ်သံများကြားတွင် ၎င်းတို့၏နေအိမ်များအတွင်း ရက်အနည်းငယ်ကြာ ပိတ်မိခဲ့ကာ ထိတ်လန့်ကြောက်ရွံ့ခဲ့ပြီးနောက် မည်သည့်အချိန်တွင် လုံခြုံစွာပြန်လာရမည်ကို မသိကြသေးပေ။

အီဂျစ်ကို ရောက်ရှိလာသည့် စစ်ဘေးရှောင်အများစုသည် အနည်းဆုံး လက်ရှိအချိန်အထိ နေစရာနေရာအတွက် သို့မဟုတ် ဥရောပနှင့် ပင်လယ်ကွေ့နိုင်ငံများကို ခရီးဆက်ရန် ငွေကြေးရှိကြသူများဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ထောင်နှင့်ချီသည့် ဆင်းရဲချို့တဲ့သော ဆူဒန်နိုင်ငံသားများအတွက်မူ ခက်ခဲစွာ ရုန်းကန်ရမည်ဖြစ်သည်။

ကာကာကျေးရွာအနီးရှိ အက်စ်ဝန်ရထားဂိတ်နှင့် ဘတ်စ်ကားဂိတ်တွင် အီဂျစ်နှင့် ဆူဒန်စေတနာ့ဝန်ထမ်းများက ဒုက္ခသည်များကို သောက်သုံးရေများနှင့် ပူနွေးသော အစားအစာများ တိုက်ကျွေးကာ လက်ခံကြိုဆိုခဲ့ကြသည်။

အက်စ်ဝန်တွင် ၂၀၂၀ ပြည့်နှစ်ကတည်းက နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သော ဆူဒန်နိုင်ငံသား မိုဟာမက်ယာဟီယာက ၎င်း၏တိုက်ခန်းတွင် ဆွေမျိုးတစ်ဦးနှင့် သူ့သမီးသုံးယောက်ကို နေထိုင်စေခဲ့ပြီး သူသည် ဇနီးနှင့်သားငယ်နှင့်အတူ ကာကာကျေးရွာတွင်ရှိစဉ်က သူငှားနေသော အိမ်ငယ်လေးသို့ ပြောင်းရွှေ့ခဲ့သည်။

“သူတို့က ဆင်းရဲတယ်၊ သူ့ခင်ပွန်းကလည်း အနားမှာ မရှိဘူး။ ကျွန်တော်တို့အားလုံး (ဆူဒန်နှင့် အီဂျစ်လူမျိုးများ) က ဒီကိုရောက်လာတဲ့သူတိုင်းကို စားဝတ်နေရေးအတွက် ကူညီပေးနေကြပါတယ်” ဟု အသက် ၂၇ နှစ်အရွယ် မိုဟာမက်က ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်ကတည်းက အီဂျစ်တွင်နေထိုင်သော ဆူဒန်ရုပ်ရှင်ဒါရိုက်တာ ဂက်ဆမ်အမ်မင်သည် အက်စ်ဝန်သို့ လွန်ခဲ့သည့်သုံးပတ်ခန့်ကတည်းက ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်များကို ကူညီပေးခဲ့သည်။ အသစ်ရောက်ရှိလာသော ဆူဒန်လူမျိုးများအား နေစရာ စီစဉ်ပေးခြင်း၊ နောက်ထပ်သွားမည့် နေရာများသို့ လက်မှတ်များကြိုတင်စာရင်းသွင်းပေးခြင်း သို့မဟုတ် ဆေးကုသမှုခံယူရန် ကူညီပေးသော အခြားစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်ခဲ့သည်။

ဆူဒန်နိုင်ငံသားများအား ဘတ်စ်ကားလက်မှတ်ခ၊ ရထားလက်မှတ်ခများနှင့် အိမ်ငှားရမ်းခများကို စျေးနှုန်းမြှင့်တင်ခြင်းနှင့်အတူ မှောင်ခိုစျေးကွက်တစ်ခုလည်း ပေါ်ပေါက်ခဲ့သည်ဟု အမ်မင်က ပြောကြားခဲ့သည်။ ၎င်းတို့အဖွဲ့သည် နေ့စဉ်နံနက်တိုင်း ကားဂိတ်များနှင့် ရထားဂိတ်များတွင် ရာနှင့်ချီသည့် လက်မှတ်များကို ဝယ်ယူကာ ကိုင်ရို သို့မဟုတ် အလက်ဇန်းဒရီးယားသို့ သွားရောက်မည့် ဆူဒန်နိုင်ငံသားများကို ယင်းလက်မှတ်များပေးခဲ့သည်ဟု ဆိုသည်။

လက်မှတ်ခအတွက် ငွေကြေးပေးချေနိုင်သည့်သူများကို မူရင်းစျေးနှုန်းအတိုင်း ပြန်လည်ရောင်းချပြီး ငွေကြေးချို့တဲ့သူများကို အခမဲ့ပေးခဲ့ကာ ၎င်းတို့အဖွဲ့သည် နေစရာမရှိသူများအတွက်လည်း စျေးသက်သာသည့် အခန်းများကို ကူညီရှာဖွေပေးခဲ့သည်။

တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ နက်ဂလာက ဆူဒန်တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်တွင် ယင်းတိုက်ခိုက်မှုများသည် ယာယီသာကြာမြင့်လိမ့်မည်ဟု တွေးထင်ခဲ့ဖူးသည်ဟု ဆိုသည်။

သို့သော် တိုက်ပွဲများသည် ခါတွန်မြို့တော်နှင့် အွမ်ဒါမန်မြို့များသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

“တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်။ လူတွေအများကြီးသေတယ်။ ထိခိုက်ပျက်စီးမှုတွေ အများကြီးရှိခဲ့ပြီး ခိုးဆိုးလုနှိုက်တွေလည်း အများကြီးပါပဲ” ဟု နက်ဂလာက ဆိုသည်။

စစ်တပ်၏လေယာဉ်များသည် သူ့နေအိမ်အနီးရှိ RSF စခန်းကို မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ယင်းနေရာတစ်ခုလုံး တုန်ခါသွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားချိန်တိုင်း သူနှင့် သူ့မိသားစုသည် ခုတင်များအောက်တွင် ပုန်းအောင်းနေခဲ့ရသည်ဟု နက်ဂလာက ပြောကြားခဲ့သည်။

နက်ဂလာသည် သူ့အား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် သူ့အစ်ကိုများ၏ တိုက်တွန်းမှုကို သီတင်းနှစ်ပတ်ခန့် ငြင်းဆိုခဲ့သည်။ သို့သော် အိမ်နီးနားချင်းရပ်ကွက်များမှ ထောင်နှင့်ချီသည့်လူများ ထွက်ပြေးတိမ်း ရှောင်ခဲ့ချိန်တွင် နက်ဂလာသည်လည်း ဆူဒန်မှ ထွက်ပြေးတိမ်းရှောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ခရီးသွားအေဂျင်စီတစ်ခုကို ပိုင်ဆိုင်သည့် အိမ်နီးချင်းတစ်ဦးထံမှ သူအပါအဝင် ၁၅ နှစ်အရွယ်ရှိ သူ့သမီးနှင့် ဖခင်တို့အတွက် ကားလက်မှတ်များ ရရှိခဲ့ပြီးနောက် တစ်ခုသော နံနက်ခင်းတွင် လမ်းကြိုလမ်းကြားများမှ ဖြတ်လျှောက်ပြီး ဘတ်စ်ကားမှတ်တိုင်သို့ သွားရောက်ခဲ့သည်ဟု နက်ဂလာက ဆိုသည်။

ယင်းမှတ်တိုင်မှတစ်ဆင့် အခြားစစ်ဘေးရှောင်များနှင့်အတူ ၁၅ နာရီကြာ ကားစီးပြီး အက်စ်ဝန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ခရီးစဉ်တစ်လျှောက် ဘတ်စ်ကားရပ်နားသည့်နေရာတိုင်းတွင် ကျေးရွာသူ၊ ကျေးရွာသားများက ကားပေါ်တွင် ပါလာသည့် ခရီးသည်များကို အစားအစာနှင့် ရေများထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

“စေတနာရှင်တွေ အများကြီးတွေ့ခဲ့ရပါတယ်။ သူတို့ကိုကြည့်ရတာ ချို့တဲ့ပုံပေါ်ပေမဲ့ စေတနာကောင်းကြပါတယ်” ဟု နက်ဂလာက ပြောကြားခဲ့သည်။

အာဂျင်းနယ်စပ်စခန်းသို့ ရောက်ရှိသည့် အချိန်တွင် နယ်စပ်ဖြတ်ကျော်မှုသည် လွယ်ကူသဖြင့် အံ့သြမိသည်ဟု ၎င်းက ဆိုသည်။ တစ်ချိန်တည်းမှာပင် အီဂျစ်အစိုးရသည် ယင်းနယ်စပ်တွင် ဘတ်စ်ကားများနှင့် ကားများ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရမည့် အခြေအနေကို ဖြေရှင်းရန် သက်ဆိုင်ရာဝန်ထမ်းအင်အားကို တိုးမြှင့်ချထားခဲ့သည်။

အီဂျစ်သို့ ဝင်ရောက်သည့် အခြားလမ်းကြောင်းတစ်ခုမှာ ပိုမိုခက်ခဲသည်။ ယင်းလမ်းသည် အီဂျစ်နယ်စပ်မှ ကားမောင်းချိန် နာရီဝက်ခန့်သာကြာမြင့်သည့် ဆူဒန်၏ ၀ါဒီဟယ်လ်ဖာမြို့မှ ဖြတ်သန်းရသည့်လမ်းဖြစ်သည်။ ဟော်တယ်အနည်းငယ်သာရှိသည့် ယင်းမြို့တွင် သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များနှင့် ပြည့်နေပြီး စစ်ဘေးရှောင်များသည် ဗလီများ၊ စာသင်ကျောင်းများနှင့် လေဟာပြင်အားကစားကွင်းများထဲတွင် နားခိုနေရသည်။

အမျိုးသားများသည် ဗီဇာရရှိရန် အီဂျစ်ကောင်စစ်ဝန်ရုံးတွင် တန်းစီစောင့်ဆိုင်းနေရသည်။ ဆူဒန်အမျိုးသမီးများသည် အီဂျစ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ဗီဇာမလိုသော်လည်း အသက် ၁၆ နှစ်မှ ၄၉ နှစ်ကြား ဆူဒန်အမျိုးသားများသည် အီဂျစ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ဗီဇာလိုအပ်သည်။

ယင်းမြို့မှတစ်ဆင့် စစ်ဘေးရှောင်များသည် အီဂျစ်နိုင်ငံအတွင်းဝင်ရောက်ပြီးအဘူ ဆမ်ဘယ်လ်မြို့သို့ သွားရောက်ရန် ကူးတို့သင်္ဘောစီးပြီး နက်ဆာရေကန်ကို ဖြတ်သန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် ကီလိုမီတာ ၃၀၀ (မိုင် ၁၈၀) ကွာဝေးသည့် အက်စ်ဝန်မြို့ သို့မဟုတ် ကာကာကျေးရွာသို့ ခရီးနှင်ကြခြင်းဖြစ်သည်။

ကိုယ်ဝန်ငါးလရှိပြီဖြစ်သည့် ရီအမ်အဗ္ဗဒယ်အမည်ရှိ အမျိုးသမီးတစ်ဦးသည် ခါတွန်မြို့တော်၏ တိုက်ပွဲများပြင်းထန်ခဲ့သည့် အိမ်နီးချင်း အယ်ဆာဖီယာရပ်ကွက်ရှိ ၎င်း၏ ယောင်းမတိုက်ခန်းတွင် ရက်အနည်းငယ်ကြာပိတ်မိခဲ့သူဖြစ်သည်။ အိမ်နီးနားချင်းများကို ကျည်ဆံများထိမှန်ခဲ့ပြီး RSF စစ်သားများက ၎င်းတို့လမ်းကို သိမ်းပိုက်ခဲ့ကာ လူနေတိုက်ခန်းများကို ဝင်ရောက်ပြီး တိုက်ခန်းနေပြည်သူများကို နှင်ထုတ်ခဲ့သည်ဟု ရီအမ် က ဆိုသည်။ RSF စစ်သားများသည် စစ်ဆေးရေးဂိတ်တစ်ခု တည်ဆောက်ပြီး လမ်းပေါ်တွင် ဖြတ်သန်းသွားလာသူများထံမှ တန်ဖိုးကြီးပစ္စည်းများကို သိမ်းယူခဲ့ကြသည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်မတို့ဟာ တခြားလူတွေလိုပဲ အိမ်ထဲမှာပိတ်မိပြီး သေဆုံးရမယ့်အခြေအနေအထိ ရောက်ခဲ့ပါတယ်” ဟု NGO အဖွဲ့တစ်ဖွဲ့ ၏ ပရောဂျက်မန်နေဂျာတစ်ဦးဖြစ်သူ ရီအမ်က ပြောကြားခဲ့သည်။ သူသည် သူ့ခင်ပွန်း၊ သူ့ယောင်းမ၏မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားများအတွက် ဗီဇာရရှိရန် စောင့်ဆိုင်းရသဖြင့် သူတို့အုပ်စုသည် ၀ါဒီဟယ်လ်ဖာမြို့တွင် ရက်အနည်းငယ်နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် သူတို့သည် ကြမ်းတမ်းသည့်လမ်းပေါ်တွင် ကုန်တင်ကားတစ်စီးကို စီးနင်းပြီး အရ်ှကစ်-ကက်စတယ် နယ်စပ်ဂိတ်သို့ ရောက်ရှိခဲ့ကြသည်။ ယင်းနယ်စပ်ဂိတ်ကိုဖြတ်သန်းရန် ကုန်တင်ကားများ တန်းစီစောင့်ဆိုင်းနေသဖြင့် ကားပေါ်မှ ဆင်းပြီး သုံးနာရီကြာလမ်းလျှောက်ကာ နယ်စပ်ကို ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသည်။

“သုံးနာရီလောက် လမ်းလျှောက်ရတာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် အန္တရာယ်ရှိပေမဲ့ ကျွန်မတို့မှာ တခြားရွေးစရာမရှိခဲ့ဘူးလေ” ဟု ရီအမ်က ဆိုသည်။

ထို့နောက် ရီအမ်နှင့် သူ့မိသားစုသည် ကိုင်ရိုသို့ရောက်ရှိခဲ့ပြီး တိုက်ခန်းတစ်ခန်းငှားရမ်းကာ နေထိုင်ခဲ့ကြသည်။ သူတို့၏အစီအစဉ်မှာ သူကလေးမွေးပြီးသည့်အချိန်အထိ အီဂျစ်တွင် ဆက်နေရန်ဖြစ်သည်။ ထိုအချိန်အတောအတွင်း သူနှင့် သူ့ခင်ပွန်းသည် အလုပ်အကိုင်ရှာဖွေမည်ဖြစ်သည်။

“ဘယ်အချိန် အိမ်ပြန်ရမလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ဂျဒ်ဒါဆွေးနွေးပွဲမှာ သဘောတူညီမှုတစ်ခုခုရရှိခဲ့ရင်တောင် တိုက်ပွဲတွေက အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ သူတို့က ယုံရတာမှ မဟုတ်တာ” ဟု ရီအမ်က ပြောကြားခဲ့သည်။

Ref:AP