နိုင်ငံရေးအကျပ်အတည်းကြောင့် ပိုမိုဆိုးရွားလာသော ပါကစ္စတန်၏ စီးပွားရေးပြဿနာ

နိုင်ငံရေးအကျပ်အတည်းကြောင့် ပိုမိုဆိုးရွားလာသော ပါကစ္စတန်၏ စီးပွားရေးပြဿနာ
Photo: Japan times
Photo: Japan times
Published 16 May 2023
TRANSLATED- ဖြိုးဟိန်းကျော်

ပြီးခဲ့သည့်သီတင်းပတ် အစောပိုင်းက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းဖမ်းဆီးခံရပြီးနောက် ပါကစ္စတန်ကို ကိုင်လှုပ်ခဲ့သည့် နိုင်ငံရေးအုံကြွမှုများသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ထံမှ အသက်ကယ်ဆေး သဖွယ် ဘဏ္ဍာရေးအထောက်အပံ့များ ရယူနိုင်ရေး ကြိုးပမ်းမှုများကို ရှုပ်ထွေးစေပြီး နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

လူဦးရေ သန်း ၂၂၀ နေထိုင်သည့် တောင်အာရှနိုင်ငံဖြစ်သော ပါကစ္စတန်တွင် ယမန်နှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း ရပ်တန့်သွားခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။ ပါကစ္စတန်နိုင်ငံသုံး ရူပီးငွေတန်ဖိုးသည် အကြီးအကျယ်ကျဆင်းခဲ့ပြီး အရန်ထားရှိသည့် နိုင်ငံခြားငွေကြေးသည်လည်း တစ်စတစ်စ လျော့နည်းလာခဲ့ရာ စားသောက်ကုန်ကဲ့သို့ မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းရန် ရုန်းကန်ခဲ့ရကာ လူသုံးကုန်ပစ္စည်းများ ဝေငှပေးသည့် စင်တာများတွင် လူအုပ်ပိသေဆုံးမှုများပင် ဖြစ်ပေါ်ခဲ့သည်။ ပါကစ္စတန်အနေဖြင့် ကြွေးမြီမဆပ်နိုင်သည့် အခြေအနေသို့ ရောက်လာနိုင်သည့်အပေါ်တွင် လည်း လနှင့်ချီကာ စိုးရိမ်မှုများ တိုးလာခဲ့သည်။

ခန်းကို အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းအခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ အရေးတကြီးလိုအပ်နေသော ဘဏ္ဍာရေးအကူအညီ ရရှိရေးနှင့်ပတ်သက်၍ မရေရာမှုများတိုးလာခဲ့သည်။ မေ ၁၂ ရက်က အာမခံဖြင့် ပြန်လွတ်လာခဲ့သော်လည်း မိမိ ထပ်မံဖမ်းဆီးခံရဖွယ်ရှိကြောင်း အီမရန်ခန်းက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အခြေအနေက တော်တော့်ကိုရှုပ်ထွေးလာတယ်။ နဂိုကတည်းက အလွန်ခက်ခဲနေတဲ့ အခြေအနေတစ်ရပ်အတွက် ဒါက တကယ့်သတင်းဆိုးပါပဲ”ဟု ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေးအလားအလာများကို သုံးသပ်ခန့်မှန်းသည့် Oxford Economic ၏ ထွန်းသစ်စစျေးကွက် မဟာဗျူဟာဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဆာဂျီလာနူးက ဆိုသည်။

တရုတ်ကဲ့သို့ ပြည်ပမြီရှင်များ၏ စိတ်ရှည် သည်းခံမှုကြောင့် ပါကစ္စတန်အစိုးရအနေဖြင့် လတ်တလော အခြေအနေကို ကစဥ့်ကလျား ကျော်လွန်နိုင်ဖွယ်ရှိသော်လည်း IMFနှင့် အမြန်ဆုံးသဘောတူညီမှု ရယူနိုင်ခြင်းမရှိလျှင် ကြွေးမြီ မဆပ်နိုင်သည့် အလားအလာ မြင့်တက်လာပေလိမ့်မည်။

ပြည်ထောင်စု တရားရုံးချုပ်က ဥပဒေနှင့်မညီသောလုပ်ရပ်ဟု ဆုံးဖြတ်ခဲ့သော အီမရန်ခန်းကို ဖမ်းဆီးမှုသည် လူထု၏ အမျက်ဒေါသကို ပွင့်အန်ထွက်စေခဲ့သည်။ ၎င်းကို ထောက်ခံသူများက အဆောက်အအုံများကို စီးနင်းဝင်ရောက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း လူရှစ်ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ဆိုသည်။

ဒေါ်လာ ၆ ဒသမ ၅ ဘီလျံရှိ ဘဏ္ဍာရေး ထောက်ပံ့မှုအစီအစဉ်ကို ပြန်လည်စတင်ရေးအတွက် ပါကစ္စတန် အစိုးရနှင့် ဆွေးနွေးလျက်ရှိသော IMF ၏ ပြောခွင့်ရက အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရသည့် ပါကစ္စတန်အာဏာပိုင်များနှင့် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် မတည်ငြိမ်သော နိုင်ငံရေးအခြေအနေသည် လာမည့်ဆောင်းဦးတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ မရေရာမှုများ တိုးလာစေခြင်းကြောင့် ပါကစ္စတန်အနေဖြင့် အရေးတကြီး လိုအပ်နေသော ငွေကြေးအထောက်အပ့ံများအတွက် လမ်းပွင့်သွားစေမည့် သဘောတူညီမှုတစ်ရပ်ကို IMFနှင့် ရယူနိုင်ပါမည်လောဟု ရင်းနှီးမြှုပ်နှံသူများက သံသယဝင်လျက်ရှိသည်။

 

ပါကစ္စတန်၏ စီးပွားရေးထိုးကျမှု

          ပါကစ္စတန်အနေဖြင့် စိုးရိမ်ဖွယ်စီးပွားရေးအလားအလာနှင့် ရင်ဆိုင်နေရစဉ် နိုင်ငံရေးမငြိမ်သက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းသည် သိသိသာသာ တုံ့ဆိုင်းလျက်ရှိပြီး စိုးရိမ်ဖွယ်ဒေါ်လာလိုငွေပြမှုကြောင့် ပြည်တွင်းသို့ ကုန်ပစ္စည်း တင်သွင်းမှုများကိုလည်း အဟန့်အတား ဖြစ်စေခဲ့သည်။ စားသောက်ကုန် ရှားပါး မှုကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့် တက်လာခဲ့သည်။ ဧပြီလတွင် တစ်နှစ်တာ ငွေကြေးဖောင်းပွမှုနှုန်းသည် ၃၆ ဒသမ ၄ ရာ ခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး မြို့ပြဒေသများတွင် စားသောက်စရိတ် ၄၇ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ ကျေးလက်ဒေသများတွင် ၅၂ ရာခိုင် နှုန်းကျော် မြင့်တက်ခဲ့သည်။

ဗဟိုဘဏ်၏ လက်ကျန်နိုင်ငံခြား အရန်ငွေပမာဏဖြစ်သော ဒေါ်လာ ၄ ဒသမ ၄ ဘီလျံဝန်းကျင်သည် တစ်လစာ ပြည်ပသွင်းကုန်တင်သွင်းမှုများအတွက် လုံလောက်မှုရှိကြောင်း ကရာချိမြို့ရှိ ငွေကြေးဝန်ဆောင်မှု လုပ်ငန်း Arif Habibမှ သုတေသနဒါရိုက်တာ တာဟီယာ အာဘက်စ်က ဆိုသည်။

“ပြည်ပငွေပေးငွေယူရှင်းတမ်း ပြဿနာ”ဟု လူသိများသော အခြေအနေသည် ယမန်နှစ်တွင် ပျက်စီးဆုံးရှုံးမှု ကြီးမားသော ရေဘေးကြောင့် ယိမ်းယိုင်နေဆဲ ပါကစ္စတန်၏ လူနေမှုအဆင့်အတန်းကို တစ်စတစ်စ ဆုတ်ယုတ်ကျ ဆင်းစေခဲ့သည်။ ယင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ကျ လာသည့် အခြေအနေကို ကပြောင်းကပြန်ဖြစ်စေနိုင်ပြီး ဆင်းရဲသော အိမ်ထောင်စုများ၏ ဝင်ငွေကိုလည်း ပိုမိုထိခိုက်စေနိုင်သည်။

ပါကစ္စတန်၏ ကြွေးမြီပြန်ဆပ်နိုင်စွမ်း အပေါ်တွင်လည်း သံသယများ ကြီးထွားလာခဲ့သည်။ ကြွေးမြီပေးဆပ်နိုင်စွမ်းရှိမှုအပေါ် စိစစ်အကဲဖြတ်သည့် Moody’s Corporation က ယခုနှစ် ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ပါကစ္စတန်၏ ကြွေးမြီပေးဆပ်နိုင်စွမ်းကို အဆင့်လျှော့ချခဲ့ပြီး အရန်ထားရှိသော နိုင်ငံခြားငွေ ကြေးသည် ကာလတိုနှင့် ကာလလတ်အတွက် သွင်းကုန်လိုအပ်ချက်နှင့် ပေးဆပ်ရန်ရှိသော ပြည်ပကြွေးမြီများအတွက် လိုအပ်သည်ထက် များစွာလျော့နည်းနေသည့် အချက်ကို ထောက်ပြခဲ့သည်။

နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားနေသည့်အတွက် ထိုပြဿနာသည် ပို၍ပင် ကြီးထွားလာနိုင်သည်။ အဓိကရုဏ်း အခြေအနေများကို ထိန်းသိမ်းရန် အာဏာပိုင်များက မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကို ပိတ်ပင်ခဲ့ခြင်းသည် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည်ဟု မိုဘိုင်းဆက်သွယ်ရေ ဝန်ဆောင်မှုလုပ်ငန်းများကို ကိုယ်စားပြုသည့်GSMA အုပ်စုက အပြစ်တင်ခဲ့သည်။

“နိုင်ငံရေးမရေရာမှုနဲ့ ဆန္ဒပြမှုတွေ အပါအဝင် အကျပ်အတည်းသဖွယ် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ နဂိုကတည်းက ပြဿနာအများအပြားရှိနေတဲ့ စီးပွားရေးကို ပိုမိုယိုင်နဲ့စေခဲ့တယ်” ဟု အာဘက်စ်က သုံးသပ်ခဲ့သည်။

 

မည်သို့ ဆက်ဖြစ်လာနိုင်သနည်း

ပါကစ္စတန်အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ရပ်တန့်နေခဲ့ပြီး ဇွန်လတွင် သက်တမ်းကုန်ဆုံးမည့် ချေးငွေရယူရေး အစီအစဉ်ကို ပြန်လည်စတင်ရန် IMFနှင့် ချိတ်ဆက်လုပ်ဆောင်နေသည်။ IMF ၏ ပြင်ပ ဆက်ဆံရေးဒါရိုက်တာ ဂျူလီကိုဇက်ကမူ ပါကစ္စတန်သည် အလွန်များပြားသည့် ချေးငွေပမာဏကို လိုအပ်နေသည်ဟု ဆိုသည်။

“ပါကစ္စတန်ရဲ့ ပြည်ပမိတ်ဖက်နိုင်ငံများက ကတိပြုထားတဲ့ ငွေကြေးအထောက်အပံ့တွေက ဝမ်းမြောက်စရာ ဖြစ်ပေမဲ့လည်း ပါကစ္စတန် အာဏာပိုင်တွေရဲ့ မူဝါဒချမှတ် ဖော်ဆောင်မှုကို ထောက်ကူပေးဖို့ နောက်ထပ် အကူအညီ အမြောက်အမြားကို မုချလိုအပ်နေတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာပြီး လူထု၏ မကျေနပ်ချက်များကြီး ထွားလာစဉ် IMF တောင်းဆိုထားသကဲ့သို့ တိုင်းပြည်၏ဘဏ္ဍာရေး အခြေအနေတိုးတက်အောင် လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲမှုများသည် လတ်တလောတွင် စီးပွားရေးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် ယင်းနှင့် ပတ်သက်၍ လိုက်လျောနိုင်ဖွယ်မရှိဟု ရင်းနှီးမြှုပ်နှံသူများက ယူဆလျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံသုံး ရူပီးငွေ တန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် စံချိန်တင် ကျဆင်းခဲ့ပြီး ရူပီး ၃၀၀ နီးပါး ရှိလာခဲ့သည်။ ထိုစဉ်အတောအတွင်း ဒေါ်လာနှင့်တန်ဖိုးဖြတ်သည့်  အစိုးရ ငွေတိုက်စာချုပ်များကိုလည်း အားရဖွယ်မရှိသည့် နှုန်းထားဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။

“အသုံးစရိတ် လျှော့ချတာတို့၊ အခွန်နှုန်းထားတိုးမြှင့်တာတို့က လုံးဝကိုမလွယ်ကူတဲ့ နည်းလမ်းတွေပါ။ ရွေးကောက်ပွဲအကြိုကာလမျိုးမှာ အဲဒီအရာတွေကို ဘယ်သူကမှလိုလား ကြမှာမဟုတ်ပါဘူး”ဟု ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ပါကစ္စတန်၏ လတ်တလော စီးပွားရေးပြဿနာများသည် ၎င်း၏အလျင် တာဝန်ယူခဲ့သူလက်ထက်တွင် အစပြုခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်ရှာဘတ်ဇ်ရှရစ်ဖ်က ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။ ယခင်အစိုးရသည် IMF နှင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး မိမိတို့က ထိုအခြေအနေကို ပြန် လည်ကုစားရန် ကြိုးပမ်းနေရသည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ပါကစ္စတန်အနေဖြင့် ဇူလိုင်လမှစတင်ကာ လာမည့်နှစ်ဇွန်လအထိ ကြာမြင့်သည့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် လိုအပ်နေသည့် ပြည်ပငွေကြေးအထောက်အပံ့ ပမာဏသည် ဒေါ်လာ ၃၅ ဘီလျံမှ ၃၆ ဘီလျံကြားရှိနေ သည်ဟု Moody’s Corporation က ခန့်မှန်းထားသည်။

အစိုးရ၏ အခွန်ဘဏ္ဍာ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့်နှစ်အနည်းငယ်အတွက် ကြွေးမြီများ၏ အတိုးကိုဆပ်ရန် အသုံးပြုရလိမ့်မည် ဖြစ်သည့်အတွက် စီးပွားရေးပြဿနာများကို ပိုမိုဆိုးရွားစေပြီး နိုင်ငံရေးမကျေနပ်မှုများကို မြင့်တက်စေနိုင်သည်ဟု ၎င်းင်းကုမ္ပဏီက ဖေဖော်ဝါရီလထဲတွင် ပြောကြားခဲ့သည်။

“လူထုအတွက် မဖြစ်မနေအသုံးပြုရမယ့် လူမှုရေးအသုံးစရိတ် လိုအပ်ချက်တွေ ပြည့်မီအောင် လုပ်ဆောင်နေရချိန်မှာ နိုင်ငံ့ဘဏ္ဍာငွေ အမြောက်အမြားကို အတိုးပြန်ဆပ်ဖို့အသုံး ပြုရခြင်းဟာ အစိုးရရဲ့ ကြွေးမြီပြန်ဆပ်နိုင် စွမ်းအပေါ် အကန့်အသတ်ဖြစ်မှုကို ပိုဆိုးသထက်ဆိုးလာစေမှာဖြစ်တယ်”ဟု Moody’s ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  Ref: CNN

 

Most Read

Most Recent