သဘာဝဘေးအန္တရာယ်ကို စီမံခန့်ခွဲခြင်း

သဘာဝဘေးအန္တရာယ်ကို စီမံခန့်ခွဲခြင်း
Published 15 May 2023

ကုလသမဂ္ဂ၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ သဘာဝဘေးအန္တရာယ်ဟူသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ လုပ်ငန်းဆောင်တာများကို အကြီးအကျယ် အဟန့်အတားဖြစ်စေခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်များတွင် လူများ၊ ပစ္စည်းဥစ္စာများ၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကို ထိခိုက်မှုများပါဝင်ပြီး ယင်းတို့ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ရင်းမြစ်များဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည့် အတိုင်းအတာကို ကျော်လွန်သွားခြင်းဖြစ်သည်။ ကြက်ခြေနီအဖွဲ့များက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကို သဘာဝဘေးအန္တရာယ်များ၏ ရိုက်ခတ်မှုလျော့ကျစေရန်အလို့ငှာ အထူးသဖြင့် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်နာလန်ထရေး လုပ်ဆောင်ခြင်းတို့၌ အရေးပေါ်လုပ်ငန်းများဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအမြင်အားလုံးနှင့်အတူ ရင်းမြစ်များနှင့် တာဝန်ယူမှုများကို စီမံခန့်ခွဲမှုဟု အဓိပ္ပာယ်သတ်မှတ်သည်။

သဘာဝဘေးအန္တရာယ်များသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ရေအရင်းအမြစ်၊ မိလ္လာနှင့် အမှိုက်သန့်ရှင်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့ကဲ့သို့သော မရှိမဖြစ်အရေးပါသည့် ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ဟန့်တားနိုင်သည်။ ယင်းနှောင့်ယှက်ဟန့်တားမှုသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းဝင်များ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာကွန်ရက်များကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ သဘာဝဘေးအန္တရာယ်များသည် လက်ငင်းသက်ရောက်မှုများ လျော့ပါးသက်သာသွားပြီးနောက် သက်ဆိုင်ရာလူ့အဖွဲ့အစည်းအပေါ်ကြီးမားပြီး ကာလကြာရှည်စွာ ထိခိုက်မှုများဖြစ်ပေါ်စေသည်။ ညံ့ဖျင်းစွာ စီမံထားသော ကယ်ဆယ်ရေးလုပ်ဆောင်ချက်များသည် သဘာဝဘေးအန္တရာယ်ခံရသော သူများအပေါ်တွင်သာမက အလှူရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များအပေါ်တွင်ပါ သိသိသာသာမကောင်းသော ရိုက်ခတ်ချက် ဖြစ်ပေါ်စေနိုင်သည်။

နေရာအလိုက်၊ ဒေသအလိုက်၊ နိုင်ငံအလိုက်နှင့် နိုင်ငံတကာအလိုက်အဖွဲ့အစည်းများအားလုံးသည် သဘာဝဘေးအန္တရာယ်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအဖြစ် ပါဝင်ကြသည်။ ၎င်းတို့အသီးသီး၌ ပြင်ဆင်ထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ် ရှိလိမ့်မည်ဖြစ်သည်။ ယင်းအစီအစဉ်များသည် ကာကွယ်ရန်၊ ကြိုတင်ပြင်ဆင်ရန်၊ သက်သာလျော့ပါးစေရန်နှင့် ပြန်လည်နာလန်ထရန် လုံလောက်မှုရှိရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ဆောင်ချက်များကို သဘာဝဘေးအန္တရာယ်များမှ အမြဲတမ်းကာကွယ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားရမည်ဖြစ်သည်။ လူများကို ဖယ်ရှားပေးရေးကောင်းမွန်သော အစီအစဉ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်နှင့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အစီအစဉ်တို့သည် လူအများ အသက်ဆုံးရှုံးရမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို လျော့ပါးစေနိုင်သည်။ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ဆောင်ချက်များသည်လည်း အသက်ဆုံးရှုံးရမှုနှင့် ထိခိုက်ပျက်စီးရမှုများကို လျှော့ချရန်ဖြစ်သည်။ ဥပမာအားဖြင့် အန္တရာယ်ရှိနိုင်သော နေရာတစ်ခုမှ လူများနှင့် ပစ္စည်းဥစ္စာများကို ဖယ်ရှားခြင်းဖြင့်လည်းကောင်း၊ အချိန်နှင့်တစ်ပြေးညီ ထိရောက်သော ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဖြင့်လည်းကောင်း ဆောင်ရွက်နိုင်သည်။ ကြိုတင်ပြင်ဆင်ခြင်းသည် သဘာဝဘေးအန္တရာယ်၏ ရိုက်ခတ်မှုကို လျှော့ချရန်အတွက် အဓိကနည်းလမ်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတွင် သဘာဝဘေးအန္တရာယ်၏ ရိုက်ခတ်ချက်များနှင့် ရေရှည်ထိခိုက်မှုများကိုလျှော့ချရန် အဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်းပါဝင်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကယ်ဆယ်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊ စားနပ်ရိက္ခာနှင့် ရေထောက်ပံ့ခြင်း၊ ရောဂါနှင့် ထိခိုက်မှုဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း၊ ကြေးနန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော မရှိမဖြစ်ဝန်ဆောင်မှုများကို ပြင်ဆင်ခြင်း၊ ယာယီနားခိုရာနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတို့ ထောက်ပံ့ခြင်းတို့ ပါဝင်သည်။

သဘာဝဘေးအန္တရာယ်မှ ပြန်လည်နာလန်ထရေးနှင့်ပတ်သက်၍ အရေးပေါ်လိုအပ်ချက်များပြည့်မီသွားပြီး အစောပိုင်းအကျပ်အတည်းများ ပြီးဆုံးသွားသည့်တိုင် သဘာဝဘေးအန္တရာယ်ကို ခံခဲ့ရသူများနှင့် ၎င်းတို့အား ထောက်ပ့ံခဲ့သည့် လူ့အဖွဲ့အစည်းများသည် အန္တရာယ်ရှိနေဆဲပင်ဖြစ်သည်။ ပြန်လည်နာလန်ထရေး လုပ်ဆောင်ချက်များတွင် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ပြန်လည်နာလန်ထရေးတို့ပါဝင်သည်။ ယင်းတို့ကို ကျန်းမာရေးအတွက် လူသားရင်းမြစ်များတည်ဆောက်ခြင်း၊ မူဝါဒများဖွံ့ဖြိုးလာစေခြင်း၊ နောင်အနာဂတ်တွင် အလားတူအခြေအနေရပ်များကို ရှောင်ရှားနိုင်ရန် ကျင့်သုံးရမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကဲ့သို့သော ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို ရောနှောလုပ်ဆောင်ရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လည်း ဆက်နွှယ်နေသည်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ် အကြီးအကျယ်သက်ရောက်မှုရှိသည်။ ည့ံဖျင်းသောစီမံခန့်ခွဲမှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ် ရေရှည်ထိခိုက်နိုင်မှုရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအား စနစ်တကျဆောင်ရွက်ကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

 

(ေမ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent