ဘရိန်းပိန်း

ဘရိန်းပိန်း
Published 15 May 2023
နန္ဒဝင်း (ဆေး-၁)

ကျွန်တော် သချင်္ာ မမုန်းပါ။ သို့သော် အတွက်အချက်ထက် အတွေးအခေါ်ကိုသာ အားသာသူဖြစ်ခဲ့ပါသည်။ ထို့ကြောင့်လည်း တွေးတောဆင်ခြင်ကုသရမှုများသည့် ဆေးပညာလိုင်း (ဆရာဝန်ဘဝ)ကို လိုက်စားမိတာ ဖြစ်ပေမည်။

ဆရာဝန်ဘဝ လူနာများကိုဆေးကုသရင်း တောက်လျှောက်အတွက်အချက်ကို ပေါ့ပေါ့ထားမိသော ကျွန်တော့်အတွက် အုပ်ချုပ်သူစီမံခန့်ခွဲရသောဘဝသို့ ရောက်ခဲ့သောအခါ အချက်အလက်များကို အခြေခံ၍ တွက်ချက်ပြီးမှ တွေးဆဆင်ခြင် စီမံခြင်းသည် အရေးပါသောလုပ်ငန်းစဉ် တစ်ခုဖြစ်လာခဲ့ပါတော့သည်။ အချက်အလက်မှသည် သတင်း၊ ထိုမှတစ်ဆင့် ဆုံးဖြတ်ချက်နှင့် စီမံချက်တို့ တည်ဆောက်ရသည်ဟု ဆိုကြသည် မဟုတ်ပါလား။ (Data to Information then to Decision and Planning)

ကျွန်တော် တာဝန်ယူစီမံနေရသော မွန်ပြည်နယ်တွင် ဆေးရုံကြီးငယ် ၄၁ ရုံ ရှိလေသည်။ ယင်း ၄၁ ရုံအတွက် ခြောက်လတစ်ဖြတ် ဆေးရုံတက်လူနာစာရင်းများကို စိစစ်မိပါသည်။ ခြောက်လတစ်ဖြတ်အတွင်း ဆေးရုံများတွင် အတွင်းလူနာပေါင်း ၂၇၇၀၅ ဦး တက်ရောက်ကုသခဲ့ရာ ၎င်းတို့အထဲမှ ၁၇၂၀ ဦး တစ်နည်း အတွင်းလူနာစုစုပေါင်း၏ ၆ ဒသမ ၂ ရာခိုင်နှုန်းမှာ ဦးခေါင်းပိုင်းဒဏ်ရာရသူများ (Head Injury) ဖြစ်သည်ကို တွေ့ရှိရပါသည်။

အဆိုပါခေါင်းထိလူနာ ၁၇၂၀ ဦးတွင် အများဆုံးနှင့် အတော်များများသော ရာနှုန်းမှာ လမ်းခရီးထိခိုက်ဒဏ်ရာရမှု (Road Traffic Accdient) များကြောင့်ဖြစ်ကြပြီး ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် ခေါင်းထိခြင်းက ဒုတိယဖြစ်ကာ မတော်တဆချော်လဲ၍ ဦးခေါင်းပိုင်းထိခိုက်မှုက အနည်းငယ်သာ ရှိခဲ့ပါသည်။

လမ်းခရီးထိခိုက်ဒဏ်ရာရမှုထဲမှ ခေါင်းထိလူနာအများစု (အားလုံးနီးပါး)သည် တိုးတက်လာသော ခေတ်၏ပြယုဂ်တစ်ခုဖြစ်သော မော်တော်ဆိုင်ကယ်ကို ခေါင်းဆောင်း မပါဘဲ၊ သေချာမဝတ်ဘဲ မောင်းနှင်ရာမှ ဒဏ်ရာရသူများ ဖြစ်နေပါသည်။ မွန်ပြည်နယ်တွင်း ၁၀ မြို့နယ်တွင် ကျိုက်ထိုမြို့နယ်က ဦးခေါင်းထိခိုက်သူ အများဆုံးဖြစ်၍ ဆေးရုံတက်လူနာအားလုံး၏ ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ဘီးလင်းမြို့နယ်သည် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ မုဒုံမြို့နယ်သည် ၈ ဒသမ ၁ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပြီး ရေးမြို့နယ်သည် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံးရှိခဲ့သည်ကို တွေ့ရပါသည်။

သက်ဆိုင်ရာ လူနာအသီးသီး၏ ထိခိုက်ဒဏ်ရာရခြင်းကြောင့် စိုက်ထုတ်ရသော ကုန်ကျမှု ဆုံးရှုံးသွားသောတန်ဖိုး၊ လုပ်ငန်းပျက်ကွက်မှုများကြောင့် နစ်နာမှုများမပါသေးဘဲ နိုင်ငံတော်၏ ဘတ်ဂျက်ငွေကြေးထဲမှ ယင်းလူနာများအတွက် အသုံးပြုခဲ့ရသော ကုန်ကျစရိတ်ပေါင်းသက်သက်တွင်ပင် သိန်းပေါင်း ၂၁၀၀ နီးပါးရှိခဲ့သည်ကို တွက်ချက်မိပါသည်။ တစ်နည်းဆိုရသော် ဦးခေါင်းထိ လူနာတစ်ဦးအတွက် နိုင်ငံတော်မှပျမ်းမျှငွေ ကျပ်တစ်သိန်းနှစ်သောင်းစီ အကုန်ကျခံခဲ့ရသည်ကို စိစစ်တွေ့ရှိရပါသည်။

သုတေသနစစ်တမ်းများအရ ဦးခေါင်းထိခိုက်သူများ၏ ၉၅ ရာခိုင်နှုန်းသည် ရှောင်လွှဲ၍ရသော ကာကွယ်နိုင်သောအကြောင်း တရားများကြောင့်ဖြစ်ရသည်ဟု ဆိုကြပါသည်။ မြေပြင်တွင် တွေ့ရှိရမှုများမှာ ထိုသုတေသနစစ်တမ်းများနှင့် ထပ်တူညီသည်ကို တွေ့ရပါသည်။ ကာယကံရှင်များ၏ အသက်၊ လုပ်ငန်း၊ ပစ္စည်းဆုံးရှုံးမှုနစ်နာမှုများကို ထည့်မတွက်ဘဲ နိုင်ငံတော်၏ စိုက်ထုတ်မှုကို ကြည့်လျှင်ပင် မွန်ပြည်နယ်တစ်ခုထဲ၌ အကယ်၍များ ရဟန်းရှင်လူပြည်သူများက ဦးခေါင်းထိ ခိုက်ဒဏ်ရာရစေတတ်သော အကြောင်းခြင်းရာများကို သတိပြု၍ ရှောင်ကြဉ်ကြမည် (ဥပမာ-ဆိုင်ကယ်ဦးထုပ်ကို စနစ်တကျ ဝတ်ဆင်ခြင်း၊ အရက်သေစာ သောက်စားလျှင် မော်တော်ယာဉ်/ဆိုင်ကယ် မမောင်းခြင်း၊ ခိုက်ရန်မဖြစ်ပွားရန်နေထိုင်ခြင်း) ဆိုလျှင် နိုင်ငံတော်၏ ကျန်းမာရေးအသုံးစရိတ်ထဲတွင် အခြားသောကိစ္စများအတွက် လစဉ်ငွေကျပ်သိန်း ၃၅၀ ပိုမိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။

သချင်္ာနည်းအရသာ တွက်လိုက်လျှင် ထိုတစ်လတစ်လ ပိုမိုလာမည့် ငွေများကို သုံးလမျှသာ စုလိုက်လျှင် မွန်ပြည်နယ်တစ်ခုလုံးမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ စာရင်းကောက်ယူထားသော မျက်စိအတွင်းတိမ်လူနာ ၁၂၄၅ ဦးအတွက် တစ်ပြိုင်တည်းအခမဲ့ ကုသရန်စရိတ်ရနိုင်ပါသည်။ (ယခုတွင်လည်း မော်လမြိုင်ဆေးရုံကြီး၌ သောကြာနေ့တိုင်း နိုင်ငံတော်စရိတ်ဖြင့် “မရှိ၍ မလင်းသူ မရှိစေရ” ဟု ဆောင်ပုဒ်တင်လျက် အတွင်းတိမ်လူနာ ခုနစ်ဦးမှ ၁၅ ဦးအထိ အပတ်စဉ် အခမဲ့ခွဲစိတ်ပေးနေပါသည်)။

ဦးခေါင်းပိုင်း ထိခိုက်လူနာများသည် ထိခိုက်မှုအတိမ်အနက်အလိုက် နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်ပါသည်။ ထိခိုက်မှုပြင်းထန်၍ ဦးနှောက်အတွင်းတုန်ခါမှု (Concussion) ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့လျှင် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ခေါင်းမကြာခဏကိုက်ခြင်း၊ အိပ်မပျော်ခြင်း (သို့မဟုတ်) အအိပ်များခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) တုန်လှုပ်ခြင်း၊ အလင်းနှင့် အသံကို မခံနိုင်ခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်းတို့ကို ခံစားရတတ်ပြီး လူနေမှုဘဝနှင့် လုပ်ငန်းခွင်တို့အပေါ် ဆိုးကျိုးများစွာ သက်‌ရောက်နိုင်ပါသည်။

အမှန်စင်စစ် ဦးခေါင်းပိုင်းထိခိုက်မှုများမှ ကာကွယ်ရန် ဆန်းဆန်းပြားပြားများများ စားစားမလိုအပ်ပါ။

(၁) မော်တော်ဆိုင်ကယ်နှင့် စက်ဘီးစီးတိုင်းနှင့် စကိတ်နှင့် မြင်းစီးတို့မှသည် လက်ဝှေ့၊ တိုက်ကွမ်ဒို စသည့် ကိုယ်ခံပညာအားကစားများအထိ အသက်အရွယ် အရွယ်အစားနှင့် လုပ်ရပ်အတွက် ကိုက်ညီသော ခေါင်းအဆောင်း (Helmet) ကို စနစ်တကျ ဝတ်ဆင်ရပါမည်။

(၂) မော်တော်ယာဉ်စီးနင်းတိုင်း လုံခြုံရေးခါးပတ် (Seat Belt) ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ပါ။

(၃) အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲ၍ မည်သည့်ယာဉ်မျှ မမောင်းရပါ။

(၄) သက်ကြီးရွယ်အိုများ လဲကျခြင်းမှ ကာကွယ်ပေးရန် မျက်စိအမြင်အာရုံစစ်ဆေး ကုသပေးခြင်း၊ ခြေထောက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ အတက်အဆင်း လှေကားထစ်များအား သက်ကြီးရွယ်အိုများနှင့် ကိုက်ညီစေရန် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးရပါမည်။

(၅) ကစားကွင်းများတွင် ကလေးများ ထိခိုက်ခြင်းမှ ကင်းဝေးရန် စနစ်တကျ ပြင်ဆင်ပေးထားရပါမည်။ ဥပမာ ထိခိုက်နိုင်သည့်နေရာများတွင် ဖော့ခံထားသော နံရံများ စီမံထားခြင်းစသည့် အချက်များသာ လိုအပ်ပါသည်။

အတိုချုပ်ဆိုရမည်ဆိုလျှင် ‘သတိနှင့် စနစ်’ ကိုသာ လက်ကိုင်ထားခဲ့ပါလျှင် လွန်ခဲ့သော ခြောက်လအတွင်း မွန်ပြည်နယ်အတွင်း မိသားစုပေါင်း ၂၀၀၀ နီးပါး၏ လူနေမှုဘဝ ထိခိုက်မှုကင်းဝေးကာ နိုင်ငံတော်အတွက် ကျန်းမာရေးအသုံးစရိတ်သိန်းပေါင်း ၂၁၀၀ ကျော်သည်လည်း လူတိုင်းသက်တမ်းစေ့ အနာကင်းစွာ နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက်စွာ အသုံးဝင်မည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် ငွေကြေးချမ်းသာသူများ၏ သားသမီးများသည် အဆင့်မြင့်ပညာများကို နိုင်ငံရပ်ခြားတွင် သွားရောက် သင်ကြားတတ်ကြပါသည်။ (စာတော်၍ ပညာသင်ဆုရကြသော လူလတ်တန်းစား သားသမီးများလည်း ရှိကြပါသည်)။ သူတို့သည် ထိုအဆင့်မြင့်နိုင်ငံကြီးများမှ ပညာသင်ယူပြီးလျှင် ထိုနိုင်ငံများ သို့မဟုတ် ထိုနိုင်ငံထက် အဆင့်မြင့်သော နိုင်ငံကြီးများတွင်သာ ဆက်လက်အလုပ်လုပ်ကိုင်ကြသည်က များကြပါသည်။ အချို့သောပြည်တွင်းပေါက် ပညာတတ်အချို့သည်လည်း ခံယူချက်၊ ရည်မှန်းချက် မတူညီသောအကြောင်းအရာများကြောင့် ပြည်တွင်းကိုစွန့်ခွာ၍ အလုပ်အကိုင်အခွင့်အလမ်းသာသော နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်တတ်ကြပါသည်။ ယင်းဖြစ်စဉ်ကို ဘရိန်းဒရိမ်း  (Brain Drain) ဦးနှောက်ယိုစီးခြင်းဟု ခေါ်ရပေမည်။ မည်သို့ဆင်ခြေအကြောင်းပြချက်ပေးသည်ဖြစ်စေ နိုင်ငံတိုးတက်ရေးအတွက် ဦးနှောက်ယိုစီးခြင်းသည် အပြုသဘောနည်းသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည်ဟု ကျွန်တော်ယုံကြည်မိပါသည်။

ဦးနှောက်ယိုစီးခြင်း (ဘရိန်းဒရိန်း) ပြဿနာရှိနေချိန်ဝယ် တိုင်းပြည်တည်ဆောက်ရန်ကျန်ခဲ့သော လုပ်နိုင်ကိုင်နိုင်အရွယ်များသည် သတိနှင့် စနစ်ကို လျစ်လျူရှုမိ၍ လမ်းခရီးထိခိုက်မှုများဖြင့် ဦးနှောက်ထိခိုက်မှု (ဘရိန်းပိန်း-Brain Pain) များဖြင့် ထပ်တိုးလိုက်သောအခါ ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ တိုင်းပြည်တိုးတက်ရေးအတွက် များစွာထိခိုက်နစ်နာစေပါတော့သည်။ ဘရိန်းပိန်းများ လျော့နည်းပပျောက်ပါစေသတည်း။

“ဆိုင်ကယ်စီးလျှင် သတိယှဉ်၊ ခေါင်းကို သေချာဆောင်း”