မြန်မာ့အရေး စိုးမိုးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး

မြန်မာ့အရေး စိုးမိုးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး
မေ ၁၀ ရက်က အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်(Photo: asean.org)
မေ ၁၀ ရက်က အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်(Photo: asean.org)
Published 14 May 2023

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရန် ရက်ပိုင်းအလို မေ ၇ ရက် တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့၌ အာ ဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA CENTRE)မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံးမှ ကိုယ်စားလှယ်များ လိုက်ပါလာသည့် ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

AHA CENTREမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံးမှ ကိုယ်စားလှယ်များ လိုက်ပါလာသည့် ယာဉ်တန်းအနေဖြင့် မေ ၇ ရက်က ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့ကို ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ရန် သွားရောက်ရာတွင် လမ်း၌ ပစ်ခတ်တိုက် ခိုက်ခံရခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် လုံခြုံရေးလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး လက်နက်ငယ်ကျည် ထိမှန်ခဲ့ကြောင်း နစကဘက်က ထုတ်ပြန်သည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation)ကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နစက,က ဆိုသည်။

 

နိုင်ငံတကာ ရှုတ်ချ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်တွင် နေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ရန် သွားရောက်သည့် အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုအပေါ် နိုင်ငံတကာက ရှုတ်ချ ကြောင်း အသီးသီးထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)ဆီ ဆိုင်မြို့နယ်တွင် နေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ရန် သွားရောက်သည့် အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ်အပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်နေပြီး လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာ ရန်လိုကြောင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အတားအဆီးမရှိ စေရန် သက်ဆိုင်သူအားလုံးကို တောင်းဆိုကြောင်း ကုလသမဂ္ဂက တိုက်တွန်းသည်။

ထို့ပြင် အမေရိကန်နိုင်ငံကလည်း ယင်းဖြစ်စဉ်အပေါ်တွင် အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အမည်မသိလက်နက်ကိုင်အဖွဲ့များက အာဆီယံလူသား ချင်းစာနာမှုဆိုင်ရာ အကူအညီပေး ရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA CENTRE)ယာဉ်တန်းကို မြန်မာတပ်မတော်က စောင့်ကြပ်ပေးနေသည့်ကြားမှ ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် အလွန်စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများကို အ တားအဆီးမရှိ ဝင်ရောက်နိုင်စေရေးအပါအဝင် အာဆီယံ၏ ဘုံသဘောတူညီ ချက်ငါးရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ထပ်မံတိုက်တွန်းကြောင်း အမေရိကန်နိုင်ငံက ဆိုသည်။

ထို့အတူ အာဆီယံသံတမန် ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကလည်း ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါယာဉ်တန်းတွင် ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးမှ သံရုံးဝန်ထမ်းနှစ် ဦးလိုက်ပါသွားပြီး ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရခြင်းမျိုးမရှိဘဲ ရန်ကုန်ပြန် ရောက်ခဲ့သော်လည်း ယင်းပစ်ခတ် တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်သည်။

စင်ကာပူနိုင်ငံအနေဖြင့် ယင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်းနှင့် လူသားချင်းစာနာမှုအကူအညီပေးနေသူများနှင့် သံတမန်လူပုဂ္ဂိုလ်များအနေဖြင့် လိုအပ်နေသူများထံ အကူအညီရောက်ရန် လုပ်ဆောင်ရာတွင် ဘေးကင်းလုံခြုံစွာဖြင့် အကူအညီများပေးနိုင်ရန် အရေးကြီးကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် အာဆီယံဘုံသဘော တူညီချက်အရ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံး အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရန်တိုက်တွန်းခဲ့ပြီး မြန်မာ့အရေးတွင် သက်ဆိုင်သူအားလုံး အပြုသဘောဆောင်သည့် ဆွေး နွေးမှုပြုလုပ်မှသာ မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်မည်ဖြစ်ကြောင်းကို လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတကလည်း ယင်းတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး တိုက် ခိုက်ခံရမှုကြောင့် မြန်မာ့အရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ အားထုတ်မှုကို အဟန့်အတားဖြစ်စေမည်မဟုတ်ဘဲ သက်ဆိုင်သူအားလုံးအနေဖြင့် စားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းလိုက်သည်။

 

အာဆီယံ ထိပ်သီးအစည်းအဝေး

(၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ်ကျွန်းပေါ်ရှိ လာဘူအန်းဘာဂျိုအပန်းဖြေစခန်း၌ မေ ၉  ရက်က စတင်ကျင်းပခဲ့သည်။

အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို မေ ၁၀ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သော် လည်း မေ ၉ ရက်ကတည်းက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အာဆီယံထိပ်သီးအကြို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၉ ရက်က ကျင်းပရာတွင် မြန်မာနိုင် ငံအရေးနှင့် အာဆီယံသံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုကိစ္စတို့က လွှမ်းမိုးခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ရှစ်ဦး တက်ရောက်ခဲ့ သည်။ မြန်မာနိုင်ငံကို ဖိတ်ကြားခြင်း မရှိသကဲ့သို့ မေ ၁၄ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ထိုင်း နိုင်ငံမှ နိုင်ငံတော်အကြီးအကဲမှာလည်း တက်ရောက်ခြင်းမရှိဘဲ လက်ထောက်ဝန်ကြီးချုပ် ဒွန်ပရာ မွတ်ဝီနိုင်း သာ တက်ရောက်ခဲ့သည်။

မြန်မာအရေးနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးဆိုင်ရာညှိနှိုင်းရေး ဝန်ကြီး အမ်ဒီမာဖက်က “အာဆီယံသည် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသည်” ဟု ပြောကြားခဲ့သည်။

“အသိုက်အဝန်းတစ်ရပ်အဖြစ် ကျွန်တော်တို့ရဲ့ အင်အားကို အကျပ်အတည်းတစ်ရပ်ပြီးတစ်ရပ်က စမ်း သပ်နေပါတယ်။ အဲဒီအကျပ်အတည်းတွေကို ဖြေရှင်းဖို့ မအောင်မြင်ခြင်းဟာ ကျွန်တော်တို့ရဲ့ ယုံကြည်အားထားရမှုကို ပျက်စီးစေမှုအန္တရာယ် ကျရောက်လာပါလိမ့်မယ်” ဟု မာဖက်က အာဆီ ယံအဖွဲ့ရင်ဆိုင်နေရသည့် အရေးပေါ်ကိစ္စများစာရင်း၌ မြန်မာနိုင်ငံအရေးကို ထည့်သွင်းလျက်ပြောကြားခဲ့သည်။

အာဆီယံ၏ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စကို ညှိနှိုင်းနေသည့် သံတမန်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ဆောင်လာသည့် ယာဉ်တန်း မေ ၇ ရက်တွင် တိုက် ခိုက်ခံခဲ့ရပြီးနောက် မြန်မာအရေးနှင့်ပတ်သက်သည့် အာဆီယံအပေါ်ဖိအားမှာ ပိုမိုကြီးမားလာခဲ့သည်။

 

အကြမ်းဖက်မှုများ အဆုံးသတ်ရန် အာဆီယံတိုက်တွန်း

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအ စည်းအဝေးပထမနေ့ဖြစ်သည့် မေ ၁၀ ရက်တွင် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်တက်နေစဉ် အပြန်အလှန်ဆွေးနွေးရေးနှင့် လူသားချင်းစာနာမှုအ ကူအညီများပေးပို့နိုင်ရေးအတွက် အခွင့်အလမ်းများဖန်တီးရန် အာဆီယံက ကြိုးပမ်းလျက်ရှိကြောင်း ဆိုသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် မိမိတို့အနေနဲ့ အလွန်အမင်းစိတ် မကောင်းဖြစ်မိပါတယ်။ အကြမ်းဖက်မှု အသွင်သဏ္ဌာန်မျိုးစုံနဲ့ အင်အားသုံးမှုတွေ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်း ပါတယ်”ဟု အာဆီယံခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဘေးကင်းလုံခြုံ စွာဖြင့် အချိန်မီပေးပို့နိုင်ရေးနှင့် ကျယ် ပြန့်သော နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲများအတွက် အထောက်အကူပေးနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်ထွန်းရေးအတွက်လည်း ခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။

ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ဒေသခံများအတွက် လူသားချင်းစာနာမှု အကူအ ညီများသယ်ဆောင်လာပြီး အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့မှ  သံတမန်များ လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကိုလည်း အာဆီယံခေါင်းဆောင်များက ပြစ်တင်ရှုတ်ချခဲ့သည်။

လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒေသတွင်း၌ ရင်ဆိုင်နေ ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

“အာဆီယံအနေနဲ့ နှုတ်ဆိတ်ပြီးပဲနေသွားမလား ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင် အားဖြစ်လာနိုင်မလား”ဟူ၍ ဂျိုကိုဝီ ဒိုဒိုက မေးခွန်းထုတ်ခဲ့သည်။            

“ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ စစ်မှန်ပြီးအဓိပ္ပာယ် ပြည့်ဝတဲ့ တိုးတက်မှုတွေ ကင်းမဲ့နေဆဲ အခြေအနေအပေါ် မလေးရှားနိုင်ငံအနေနဲ့ စိတ်ပျက်မိတယ်”ဟု ထိပ်သီးအစည်းအဝေးပြင် ပတွေ့ဆုံမှုတစ်ခုတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားအနေဖြင့် မြန်မာ့တပ်မတော်၊ အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများ သိုသိုသိပ်သိပ်လုပ်ဆောင်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ထွန်း လာအောင် အကူအညီပေးရန် ကြိုးပမ်းလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြီး ခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

“အာဆီယံအနေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ မြေပြင်ကို ရောက်တဲ့အခါ အဲဒါကသိပ်ပြီးမလွယ် ကူပါဘူး”ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အန်းနရစ်မာနာလိုကဆိုသည်။

မေ ၁၀ ရက်က အာဆီယံခေါင်းဆောင်များသည် လူကုန်ကူးမှုတိုက် ဖျက်ရေး၊ ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးရေးနှင့် အာဆီယံဒေသတစ်ဝန်း လျှပ်စစ်မော်တော် ယာဉ်ထုတ်လုပ်မှုကဏ္ဍကို အထောက် အပံ့ပေးရေးအတွက် စုပေါင်းကတိက ဝတ်များအပါအဝင် ပူးတွဲကြေညာချက်အများအပြား ထုတ်ပြန်ခဲ့သည်။

 

မြန်မာ့အရေး လွှမ်းမိုးခဲ့သော ထိပ်သီးအစည်းအဝေး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ်ကျွန်းပေါ်ရှိ လာဘူအန်း ဘာဂျိုအပန်းဖြေစခန်းတွင် မေ ၁၀ ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးကို အဓိကထားဆွေး နွေးသုံးသပ်ခဲ့ကြပြီး မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး နည်းလမ်းရှာကြရန် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက် မှုမရှိကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကြီး မားတဲ့တိုးတက်မှု မရှိခဲ့ဘူး။ ဒါကြောင့် ရှေ့ခြေလှမ်းက ဘာဖြစ်မလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ အာဆီယံနိုင်ငံအားလုံးရဲ့ စုစည်းညီညွတ်မှုကို လိုအပ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

တစ်ချိန်တည်း၌ပင် မြန်မာနိုင်ငံ ပြဿနာကြောင့် အာဆီယံအသိုက်အဝန်းတည်ထောင်ရာတွင် အတားအ ဆီးမဖြစ်သင့်ကြောင်း ဂျိုကိုဝီဒိုဒိုက ဆိုသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်ကလည်း အာဆီယံအနေဖြင့် အရေးကြီးပြဿနာများကို ဖြေ ရှင်းနိုင်ခြင်း မရှိသည့်အတွက် စိတ်ပျက်မိကြောင်း ပြောကြားသည်။

“အာဆီယံဟာ အငြင်းပွားဖွယ်ဖြစ်တဲ့ ပြဿနာအများစုကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဟာ ကြားဝင်စွက်ဖက်မှု မပြုရေးမူကြောင့် ရှေ့ကိုတိုးမရဖြစ်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စွက်ဖက်မှုမရှိဘူးဆိုရင် ကျွန်တော်တို့အားလုံး ရှေ့ဆက်သွား လို့ရမယ့် မျှော်မှန်းချက်အသစ်တစ် ခုခုတော့ရှိဖို့ လိုပါလိမ့်မယ်”ဟု ၎င်း ကဆိုသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီက ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု တန်ဖိုးများသည် အာဆီယံပဋိညာဉ်ထဲတွင် ထည့်သွင်းပြဋ္ဌာန်းထားသော စံတန်ဖိုးများဖြစ်သည့်အတွက် မြန်မာနိုင်ငံအရေးတွင် တိုးတက်မှုမရှိသော်လည်း အာဆီယံအနေဖြင့် လက်မလျှော့သင့်ကြောင်း ညီလာခံအပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် လူ့အခွင့် အရေးချိုးဖောက်မှုများကို သည်းခံ၍မဖြစ်တော့ကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံလို့မဖြစ်ပါဘူး။ အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေအရ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အာဆီယံရဲ့ ယုံကြည်လေးစားထိုက်မှုဟာ ယိုယွင်းနေတဲ့အတွက် အာဆီယံအနေနဲ့ အားလုံးပါဝင်မှုရှိအောင် ပိုပြီးကြိုးစားရမှာ ဖြစ်ပါတယ်။ အင်ဒို နီးရှားနိုင်ငံအနေနဲ့ကတော့ အားလုံးနဲ့ စကားပြောဖို့ အသင့်ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အာဆီယံအနေဖြင့် ထိတွေ့ဆက်ဆံမှုများလုပ်သည်ကို လက်ခံအသိအမှတ်ပြုသည့်သဘောအဖြစ် မယူဆရန်ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

“အရေးအကြီးဆုံးက ထိတွေ့ဆက်ဆံမှုလုပ်တာဟာ အသိအမှတ်ပြုတဲ့ သဘောမဟုတ်တဲ့အကြောင်း၊ ချဉ်းကပ်ဆက်သွယ်တာဟာ အသိအမှတ်ပြုပေးတာ မဟုတ်တဲ့အကြောင်း ထပ်ပြီးပြောလိုပါတယ်။ ဒီညီလာခံမှာ ကျွန်တော်ပြောခဲ့သလိုပဲ အာဆီယံရဲ့ စုစည်းညီညွတ်မှုက အရေးကြီးပါတယ်။ စုစည်းညီညွတ်မှုမရှိရင် အပြင်လူတွေက အာဆီယံကို အလွယ်တကူပဲ ဖြိုခွဲသွားပါလိမ့်မယ်”ဟု ဂျိုကိုဝီဒိုဒိုက ဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီအဗ္ဗဒူကဒီရာက အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံအကျပ်          အတည်းကို အလေးအနက်ထားကြသော်လည်း အဖွဲ့တစ်ခုလုံးအနေဖြင့် မည်သို့တစ်စုတစ်စည်းတည်း တုံ့ပြန် ဆောင်ရွက်ကြမည်ကို သဘောတူညီမှုရရန် ခက်ခဲနေကြောင်း ပြောကြားသည်။

အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကိုကူညီရန် ပြင်းပြသည့် ဆန္ဒရှိသော်လည်း အမှန်တကယ်လုပ်ရန် မလွယ်ကူသည့်အပြင် အချိန်ယူရန်လိုကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူး ကာအိုကင်မ် ဟောင်က ပြောကြားခဲ့သည်။

လက်ရှိတွင် အာဆီယံထိပ်သီး အစည်းအဝေးပြီးဆုံးသွားပြီဖြစ်သည်။ သို့သော် အာဆီယံထိပ်သီးအစည်းအ ဝေး၌ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြသော်လည်း မည်သို့ရှေ့ဆက်လုပ်ဆောင်မည်ကို အာဆီယံနိုင်ငံများ           အကြားတွင် ၀ိ၀ါဒကွဲပြားနေဆဲပင် ဖြစ်သည်။

ထို့ကြောင့် အာဆီယံအနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အလုပ်မတွင်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်စွဲကိုင်မည်လား (သို့မဟုတ်) မည်သည့် လမ်းကြောင်းအသစ် ရှာဖွေသွားမည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ 

Most Read

Most Recent