ဒေါ်လာ ခပ်မာမာပဲလား၊ ဝေဒနာ တိုးလာတော့မှာလား

ဒေါ်လာ ခပ်မာမာပဲလား၊ ဝေဒနာ တိုးလာတော့မှာလား
Published 14 May 2023
 စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

ကိုဗစ်ကပ်ရောဂါ၏ အကျိုးဆက်၊ ကမ္ဘာ့ပထဝီနိုင်ငံရေး မတည်ငြိမ်မှု၊ ရုရှား-ယူကရိန်းစစ်ပွဲ၏ နောက်ဆက်တွဲအခြေ အနေများ ပေါင်းစပ်ဖြစ်ပေါ်လာခြင်းသည် အမေရိကန်ဒေါ်လာငွေကြေး၏ ရပ်တည် နိုင်စွမ်းကို ဘေးအန္တရာယ်ဖြစ်လာသည်။ သို့သော် အတိုက်အခိုက်များ၊ အနှောင့်အ ယှက်များကြားမှာပင် ဒေါ်လာသည် ခေါင်း ထောင်နေဆဲ။ အကြောမာနေဆဲကို တွေ့ရ သည်။ သုတေသီအချို့ကမူ နိုင်ငံတကာ စီး ပွားရေး၊ ကုန်သွယ်ရေးနယ်ပယ်တို့တွင် နှစ် ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည့် ဒေါ်လာ၏စွမ်းရည်ကို လျှော့တွက်၍မရဟုဆိုသည်။  စီးပွားရေးပညာရှင်အချို့ကလည်း လက်ရှိ အမေရိကန်ဒေါ်လာ၏ အခြေအနေနှင့် ဒေါ်လာကို ယှဉ်နိုင်ရေး အားထုတ်လာနေကြ သည့် ဘုံငွေကြေးသစ်အလားအလာများကို လည်း စိတ်ဝင်တစားရှိနေကြသည်။ 

(၂)

အမေရိကန်ဒေါ်လာတွင် အခြားငွေ ကြေးများတွင်မရှိသည့် အရည်အချင်းများ ရှိနေသည်။ အခြားငွေကြေးများနှင့်မတူသည့် ဒေါ်လာ၏အခြေအနေနှင့်ပတ်သက်၍ အောက်ပါ အချက်များကိုထောက်ပြကြသည်။ 

ပထမအချက်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အဆိုအရ  အမေရိကန်ဒေါ် လာသည် တစ်ကမ္ဘာလုံး နိုင်ငံခြားအရန်ငွေ ပမာဏ၏ ၆၀ ရာခိုင်နှုန်းရှိနေသေးသည်။  လွန်ခဲ့သည့်နှစ်များ အခြေအနေများနှင့် နှိုင်း ယှဉ်ကြည့်သော် ၂၀၀၀ ပြည့်နှစ်က ၇၀ ရာခိုင် နှုန်း ရှိနေရာမှ ယခုအချိန်တွင် ၆၀ ရာခိုင်နှုန်း ရှိသောကြောင့် နှစ်ပေါင်း၂၀ ကျော်အကြာ၌ ၁၀ ရာခိုင်နှုန်းသာ ကျဆင်းသေးသည်ဟုဆို နိုင်သည်။ 

ဒုတိယအချက်

ဒေါ်လာနှင့်ယှဉ်လာသည့်အကြီးမားဆုံးပြိုင်ဘက်ငွေကြေးဟုဆိုနိုင်သော တရုတ် နိုင်ငံငွေကြေးယွမ်သည် တရုတ်အစိုးရ၏ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် ငွေ ကြေးဖြစ်နေသည်။ ငွေကြေးလည်ပတ်မှုနှင့် ငွေဖြစ်လွယ်မှုကျဆင်းစေနိုင်သည့်အတွက် ယွမ်ကို အခြားငွေကြေးများနှင့် ဆက်စပ်ရာ တွင်လည်း လွတ်လွတ်လပ်လပ်အခြေအနေ ပေးမထားပေ။     

တတိယအချက်

အမေရိကန်၏ ကြွေးမြီစျေးကွက်များ၊ အစိုးရကျောထောက်နောက်ခံပြုသည့် ငွေ တိုက်စာချုပ်စျေးကွက်များသည် ကမ္ဘာပေါ် တွင် ဂုဏ်သိက္ခာအရှိဆုံးနှင့် ငွေဖြစ်လွယ်မှုအရှိဆုံးဖြစ်နေရာများ ဖြစ်နေသည်။ 

စတုတ္ထအချက်

အခြားသော ဗဟိုဘဏ်များနှင့် ကမ္ဘာ တစ်ဝန်းရှိ အက်ဆက် (Asset) မန်နေဂျာများ ၏ အပြည့်အဝ ယုံကြည်စိတ်ချ ရမှုအားသာ ချက်ရှိသည်။ (သို့သော် ယခုအချိန်တွင် ထို အားသာချက်များသည် ဘေးအန္တရာယ်ရှိနေ ပြီဖြစ်သည်)။

(၃)

အမေရိကန်ဒေါ်လာ၏ ယခင်အခြေအ နေများက ယခုအချိန်၌ အားနည်းလာနေ သည်ကို တွေ့မြင်လာနေရသည်။ အမေရိကန် အစိုးရ၏ ကြွေးမြီအမေရိကန်ဒေါ်လာ ၃၁ ထရီလီယံ အခြေအနေသည် ပို၍ပို၍ ဆက် လက်ကြီးထွားလာနေသည်မှာ မျက်မြင်ပင်။ အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရား များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိနိုင်သော အခြေအနေသည် အစိုးရအတွက်ကြွေးမြီ ပို မိုဖြစ်ပေါ်စေနိုင်သည့်အနေအထားဆီသို့ ဦးတည်သွားနိုင်သည်။ ထိုဖြစ်ရပ်သည် တစ် ဆင့်ပြီးတစ်ဆင့် သက်ရောက်စေသော ဒိုမီနို အကျိုးသက်ရောက်မှု (domino effect) ဖြစ်လာမည်။ နောက်ဆုံးအကျိုးဆက်များကို မသိရသေး။ သို့သော် ရင်းနှီးမြှုပ်နှံသူများနှင့် ဗဟိုဘဏ်များ၏ ယုံကြည်မှုကို မကြုံစဖူး လောက်အောင် လှုပ်ခါသွားစေခဲ့သည်။ ဤ သို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေး ဒေါ် လာ၏ အနာဂတ်မှာ ဘေးအန္တရာယ် နီးကပ် လာနေတော့သည်။  

အမေရိကန်ပြည်တွင်းနိုင်ငံရေးသည်လည်း ထို့အတူပင်။ ဒီမိုကရက်နှင့် ရီပတ်ပ လစ်ကန် ပါတီကြီးနှစ်ခု၏ မူဝါဒရေးရာသမား များကြား၌ အယူအဆအကွဲအပြားများ ဆက် လက်ဖြစ်ပေါ်နေသည်။ နိုင်ငံရေးမတည် ငြိမ်မှုလည်း ရှိနေသည်။ အမေရိကန်ပြည် တွင်းအခြေအနေများက အမေရိကန်ဒေါ်လာ ရေရှည်ရပ်တည်နိုင်မှုနှင့် ပတ်သက်၍ ကမ္ဘာ့ အနှံ့ရှိ ဗဟိုဘဏ်များထံတွင် မေးခွန်းများဖြစ် လာစေသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် နိုင်ငံတကာအပေါ် ဗိုလ်ကျစိုးမိုးနိုင်ရန်အတွက် ဒေါ်လာငွေကြေးကို လက်နက်သဖွယ် ပေါ် ပေါ်ထင်ထင်ပင်မကြာခဏ အသုံးပြုနေသည် ဟုလည်း ရှုမြင်မှုများရှိကြသည်။ တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ဆိုလျှင် အမေရိကန် နိုင်ငံသည် ဒေါ်လာငွေကြေးကို လက်နက် အဖြစ်  အသွင်ပြောင်းလျက် နိုင်ငံတကာရေး ရာများတွင် ပါဝင်ပတ်သက်အသုံးချနေသည် ကို နှစ်များစွာကတည်းက လေ့လာခဲ့ကြသည်။ ထို့ကြောင့် ယခုကဲ့သို့အခြေအနေများဖြစ် ပေါ်လာချိန်၌ အမေရိကန်၏ ပြိုင်ဘက် နိုင်ငံများက နိုင်ငံတကာ ငွေပေးချေမှုများ အတွက် အခြားနည်းလမ်းများကို ရှာဖွေနိုင် ရေး အားထုတ်လာကြခြင်းသည် အဆန်း မဟုတ်ပေ။ ယူကရိန်းနိုင်ငံကို ရုရှား၏ကျူး ကျော်မှုပြုလုပ်ခဲ့စဉ်က ရုရှား၏ နိုင်ငံခြားငွေ လဲလှယ်ရေး အရန်ငွေ (ဒေါ်လာ ၃၀၀ ဘီ လျံခန့်) ထိန်းချုပ်ဟန့်တားသည်ကိုလည်း သတိပြုမိခဲ့ကြသည်။ ထိုအခြေအနေမျိုးကို ကြည့်၍  အမေရိကန်မူဝါဒများနှင့် မကိုက် ညီသည့် အခြားသောနိုင်ငံအစိုးရများအတွက် 

ဒေါ်လာငွေကြေးဆိုင်ရာကဏ္ဍများတွင် စိုးရိမ် စရာရှိလာနိုင်သည်ကို အားလုံးသဘော ပေါက်နေခဲ့ကြပြီဖြစ်သည်။  

(၄)

အမေရိကန်ဒေါ်လာ အရှိန်အဝါကျ ဆင်းမှုဖြစ်လာစေရန် အခြေအနေအရပ်ရပ် ပေါင်းဆုံဖြစ်လာခဲ့ပြီလား။ အမေရိကန် အစိုးရ၏ ကြွေးမြီများတိုးမြင့်လာမှု၊ ကြွေးဆပ် မှုပျက်ကွက်ခြင်းအန္တရာယ်၊ ပြည်တွင်းနိုင်ငံ ရေး ကွဲပြားမှုနက်ရှိုင်းလာခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှု၊ နိုင်ငံခြားရေးပေါ်လစီ ရည်မှန်း ချက်များအတွက် ဒေါ်လာကို လက်နက်ကိရိ ယာသဖွယ် အသုံးပြုနေမှု စသည့်အခြေအနေ များသည် ငြင်းဆိုစရာမလိုသည့် သမိုင်းမှတ် တမ်းများရှိနေပြီဖြစ်သည်။ အမေရိကန်စီး ပွားရေး အကျပ်အတည်းကာလ၊ ကမ္ဘာ့စီးပွား ရေး မရောရာမှုများပြားလာချိန်တွင် အမေ ရိကန်၏ ပြိုင်ဘက်နိုင်ငံများကို နိုင်ငံတကာ ငွေပေးချေမှု ယန္တရားသစ်တစ်ခု ဖန်တီးနိုင် ရေး စေ့ဆော်မှုများကလည်း တဖြည်းဖြည်း အားကောင်းလာနေခဲ့ပြီဖြစ်သည်။ 

(၅)

နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများ၏အဆိုအရ ကမ္ဘာကြီးသည် နှစ်နိုင်ငံဗဟိုပြု စနစ် (bipolar system) 

 သို့မဟုတ် (multi-polar system)  နိုင်ငံစုံပါဝင်ပတ်သက်လာမည့် စနစ်သို့ အပြောင်းအလဲဖြစ်ပေါ်လိမ့်မည်ဟု ယူဆနေကြသည်။ တစ်ချိန်က တစ်ကမ္ဘာလုံး နီးပါး အသုံးပြုနေသော ဒေါ်လာကို အမေရိ ကန်၏ မဟာမိတ်နိုင်ငံများက ဆက်လက် အသုံးပြုနေနိုင်သော်လည်း တူရကီ၊ ဆော်ဒီ အာရေးဗီးယား၊ တောင်အာဖရိက၊ အိန္ဒိယ၊ ဘရာဇီးကဲ့သို့ ထွန်းသစ်စနိုင်ငံများက ဒေါ် လာအသုံးပြုမှုကို ရှောင်ဖယ်၍ အခြားသော ရွေးချယ်စရာများ ပိုမိုရှာဖွေလာကြလိမ့်မည်။ 

ထို့ကြောင့် အမေရိကန်ဒေါ်လာငွေ ကြေးသည် တစ်ဖက်တွင် အားသာချက်များ ရှိနေဆဲဖြစ်သော်လည်း အခြားတစ်ဖက်တွင် အားနည်းချက်များနှင့်အတူ ခြိမ်းခြောက်မှု များလည်း တိုးလာနေပြီဖြစ်သည်။ ဒေါ်လာ ငွေကြေး၏ ရပ်တည်နိုင်စွမ်းကျဆင်းလာပါက အမေရိကန်နိုင်ငံ၏ စီးပွားရေးစွမ်းရည်အား ပျော့လာခြင်းနှင့်အတူ နိုင်ငံတကာအပေါ် သြဇာလွှမ်းမိုးနိုင်မှုများလည်း သေချာပေါက် ကျဆင်းလာနိုင်သည်ကို  အားလုံးသဘော ပေါက်နေကြပြီဖြစ်သည်။    



https://www.eurasiareview.com/

Most Read

Most Recent