ဘဝအတွက်တာ ဆင်ခြင်စရာများ

ဘဝအတွက်တာ ဆင်ခြင်စရာများ
Published 10 May 2023
ဒေါက်တာခင်မောင်ညို

လောကကြီးဟာ ရှုပ်ထွေပွေလီလှတယ်။ ဖြစ်ချင်တာတွေမဖြစ်ပဲ မဖြစ်ချင်တာတွေလည်း ဖြစ်တတ်တယ်။ သံသရာမှာလည်နေပြီး ကရွတ်ကင်းလျှောက်တဲ့ စကားနဲ့ ပုံပြလေ့ ရှိတယ်။ သို့သော် လူတွေက အကောင်းဆုံး ကိုလုပ်နိုင်တယ်၊ ငရဲကိုလည်းဖန်တီးနိုင်သလို နတ်ဘုံနတ်ရွာကိုလည်း ဖန်တီးနိုင်တယ်။

အဲဒါကိုဘယ်လိုလုပ်မလဲ။ မိမိစိတ်ကို ပြောင်းလိုက်ရုံပဲ။ နည်းနည်းသာ ပြောင်းစရာ လိုတယ်။ တကယ်တော့ စိတ်ထားကိုပြုပြင်နိုင်သူတွေဟာလူတွေပဲရှိတယ်။ လူတွေမှာ စိတ်ရှိတယ်၊ စိတ်ကိုနှိုးဆွတဲ့ စေတသိက်ဆို တာရှိတယ်။ စေတသိက်က လောဘဒေါသ တွေကို လှုံ့ဆော်တယ်။

လူတွေက အသက်ရှင်ရပ်ရေးအတွက် လောဘ အစပျိုးတာပါပဲ။ ဒါပေမဲ့ သူတော် ကောင်းတွေနဲ့ ပေါင်းဖက်နေထိုင်ရရင်တော့ လူတွေရဲ့စိတ်တွေဟာ အဆုံးအမတွေကြား မှာ မွေ့လျော်လာတယ်။ ဒီတော့လူတော်တော် များများဟာ ပြောင်းလဲတဲ့စိတ်တွေ (စိတ် ကောင်းတွေ) နဲ့ နေထိုင်လာနိုင်ကြတယ်။

တိရစ္ဆာန်တစ်ကောင်ကိုကြည့်ပါ။ သတ္တ ၀ါအများကတော့ စိတ်စေတနာကောင်းဖြစ် ဖို့ ခက်ခဲတယ်။ သူတို့ဟာ အသက်ရှင်ရပ်တည် ရေးကိုပဲ အဓိကထားနေကြတယ်။ အတူ ကစားနေတဲ့ ခွေးနှစ်ကောင်အကြား အမဲတုံး ထည့်ပေးလိုက်ရင် ဒီနှစ်ကောင် မာန်ဖီမှာ သေချာတယ်။ လုမယ်၊ ယက်မယ်၊ ကိုက်ကြ မှာပဲ။

ဒါပေမဲ့ လူတွေမှာလည်း ဒီလိုစိတ်တွေ ဖြစ်အောင် လှုံ့ဆော်နိုင်တယ်။ (စေတသိက် ပါပဲ) စစ်တွေဖြစ်နေတာကတော့ ထင်ရှားတဲ့ ဥပမာပေါ့။ စစ်ဖြစ်တဲ့အခါ တစ်ယောက်ကို တစ်ယောက် သတ်ကြတယ်။ လုယက်ကြ တယ်။ ပိုင်ဆိုင်မှုတွေကို ရယူဖို့ကြိုးစားကြ တယ်။ ကမ္ဘာဦးကတည်းက စစ်တွေအများ ကြီးဖြစ်နေတာ ယနေ့ထက်တိုင်ပဲ။ နေရာ တကာမှာ စစ်မဖြစ်လည်း လူတွေအကြား ဒီပြဿနာတွေအများကြီးရှိတယ်။ လူတွေ မငြိမ်းချမ်းဘူး။ ဒီအတွက် ငြိမ်းချမ်းတဲ့နည်း လမ်းတွေကို စာတွေကနေ ညွှန်ကြားတာ တွေ အများကြီးပါပဲ။

လူတွေကိုစေတသိက်က ညွှန်ပေးတဲ့ တဏှာဆိုတဲ့ တပ်မက်မှုတွေကနေ လွတ် မြောက်ဖို့နည်းလမ်းတွေကို  ပညာရှင်တွေက ညွှန်ကြတယ်။ ကျွန်တော်သဘောကျတဲ့ အချက် ၂၀ ရှိတယ်။ ဖတ်ရင်း တွေးရင်းကနေ မိမိစိတ်ကို မိမိမြင်လာအောင် ကြည့်နိုင် တယ်။ စိတ်ထဲမှာ ရလာတဲ့ အရသာက တစ်မူ ထူးခြားနေပါလိမ့်မယ်။

 

 (၁) စိတ်ဓာတ်ကို ခိုင်မာစေပါ။

အပြင်ပန်းသဏ္ဌာန်ကိုတော့ သိမ်မွေ့ ပါစေ။ ပျော့ပျော့ပျောင်းပျောင်း ဆိုတာက နွဲ့နွဲ့နောင်းနောင်း ဖြစ်ရာမလိုပါ။

 

(၂) ကိုယ်ချင်းစာပါ

လောကမှာ ဘာကိုမှ အလကားမရပါ ဘူး။ ဒီတော့ ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါ နဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက် လွှတ်တတ်ဖို့ နားလည်ပါ။

 

(၃) ကိုယ့်ကိုယ်ကိုယ် လေးစားပါ။

သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။မိမိကိုယ်ကိုယ် လေးစားဖို့ဆိုတာက  သိက္ခာရှိ တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတာပါ။ သူ တစ်ပါးကိုလေးစားတာက လူတွေရဲ့ လိုအပ် ချက်ပါ။ လူတွေဟာ လူမှုရေးသတ္တဝါတွေပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီနေကြတာ ပါ။ ဒီတော့ကျေးဇူးခံကျေးဇူးစားတွေမို့ လေး စားရမှာပါ။ ဘဝတစ်လျှောက်လုံး သိက္ခာ ကင်းမဲ့တဲ့အလုပ်ကို မလုပ်ပါနဲ့။

 

(၄) ငွေဆိုတာ ရေလိုပဲ။

ငွေခန်းရင် ငတ်သေတတ်တယ်။ ငွေ မက်လွန်းရင် နစ်သေတတ်တယ်။

 

(၅) ပြဿနာတွေကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ အဖြေရှာတွေ့ မှာပါ။

 

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုး နဲ့ ကိုယ့်အပြစ် ကိုယ့်အမှားတွေကို ဖုံးကွယ် တတ်တဲ့ အလေ့အကျင့်ကို ရှက်ပါ။ ကြောက် ပါ။

 

(၇) လောဘမကြီးနဲ့။

ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

 (၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ် ချင်းမျိုး ရှိဖို့ပဲလိုတယ်။

 

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် တစ်ဖက်လူရဲ့ခံစားချက်ကို လည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပို စဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစား ရာလည်း ရောက်တယ်။

 

(၁၀) လူတွေသိနိုင်တဲ့ အမှားမျိုးဟာ တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးဟာ တကယ့်ချစ်သူ မဟုတ်သေးဘူး။

 

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

 

(၁၂) သင်ယူခြင်းက တစ်ခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက် ဖြစ်တယ်။ ဒါ ကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

 

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ် ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ် နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲ ဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီး နောက် နောင်တမရဖို့ပါပဲ။

 

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်း သွင်းစရာ မလိုဘဲ လူတိုင်းတတ်ရတဲ့ ကျောင်း ဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

 

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည် အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက် ကိုလည်း လက်မခံ၊ ဆိုးကွက်ကိုလည်း နား လည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက် တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူ တွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမဲ့ လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

 

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာ တွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်း ကိုတော့ ဆုံးရှုံးသွားစေမှာ။

နည်းနည်းသည်းခံလိုက်၊ နည်းနည်း တောင့်ခံလိုက် တစ်နေ့နေ့မှာ သင်သည်းခံခဲ့ တဲ့ နာကျင်မှုက သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

 

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီ မပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက် မထားပါနဲ့။ ရွေးချယ်တတ်ဖို့တော့လိုတာပေါ့။

 

(၁၉) တစ်ယောက်တည်း နေတဲ့အခါ တစ်ယောက်တည်း နေတတ်အောင် သင်ယူ တယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင် ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံး ယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ် နုတ် ထွက်တတ်အောင် သင်ယူပါတယ်။

 

(၂၀) တစ်ကိုယ်တည်းသမားလို့ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက်စာရင် ပိုအမြော်အမြင်ရှိ တယ်လို့ ဆိုရမယ်။

 

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။ တရား ဟော ဆရာတစ်ယောက်ဟာ သူ့ဆီမှာ လာ ရောက်ဆည်းပူးတဲ့သူတွေကို ပိတ်ဖြူတစ်စ ကိုပြတယ်။ ပိတ်ဖြူအလယ်မှာ အမည်းစက် တစ်စက်ရှိတယ်။ သူက လူတွေကိုမေးတယ်။

ဘာကိုမြင်လဲ

အမည်းစက်

အားလုံးက အမည်းစက်လို့သာ ဖြေ တယ်။ အဖြူ ဒီလောက်တောင်များနေတာ ပဲ။ သူတို့က အမည်းစက်ကိုပဲ အာရုံထားမိကြ တယ်။ ဘဝမှာ ပျော်ရွှင်စရာတွေ အများကြီး ရှိပါလျက်နဲ့ ကျွန်တော်တို့ရဲ့အာရုံနဲ့အကြည့် တွေဟာ ပျော်ရွှင်တဲ့နေရာမှာ မထားဘူး။  မပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်ထား ကြတယ်။ ရေခွက် တစ်ဝက်ပြည့်နေရင် ခွက် တစ်ဝက်လျော့တာကိုပဲ မြင်တာပဲ။ အားလုံး ဟာ သင့်အပေါ်မှာသာ မူတည်တာပဲ။

 

နိဂုံး

ဒီတော့ တင်ပြထားတဲ့ အချက် ၂၀ ကို သေသေချာချာလေ့လာပါ။ ကျွန်တော့်ကိုယ် ပိုင်မဟုတ်ပါဘူး။ တစ်ယောက်က မျှဝေထား တာပါ၊ ကူးယူပါ။ ပြန်လည် ဝေမျှပါ သို့မဟုတ် မကြာ မကြာပြန်ဖတ်ပါ။ ကြိုက်တာကို ယူပါ။

ကျွန်တော့်အဘိုးဟာ အသက် ၁၀၀ ကျော်မှာမှ သေဆုံးတာပါ။ သူအမြဲပြောတာ တာက ငါ့ကံ အင်မတန်ဆိုးတယ်တဲ့။

ကျွန်တော်လည်း လက်ခံပါတယ်။ အိမ် ကြီးမှာ ခုတင်ကောင်းကောင်း မွေ့ရာကောင်း ကောင်း အခြွေအရံတွေနဲ့နေခဲ့တဲ့ ဘဝကို သူ ပိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ကံမကောင်း တာတွေ အများကြီးရှိတာပါပဲ။

ကံမကောင်းခြင်းဆိုတာ စာရင်းသွင်း စရာမလိုဘဲ လူတိုင်းတက်ရတဲ့ ကျောင်းဖြစ် တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာ ထက်မြက်သူဖြစ်ကြရပါတယ်။ ကိုယ့်ကိုပေး တဲ့ အရာရာကို လက်ခံလိုက်ပါ။ အဲဒီမှာကံ ဆိုးခြင်း၊ ကံကောင်းခြင်းတွေပါလာမှာပါပဲ။ဘာပဲပါလာပါလာ သင့်တင့်လျောက်ပတ်စွာ လက်ခံနေထိုင်တတ်ဖို့ လိုတယ်။

ပြဿနာကိုမကြောက်ပါနဲ့။ ဥပမာ သချင်္ာမှာ  ပုစ္ဆာဆိုတာပြဿနာတွေပါပဲ။ ပုစ္ဆာ တွက်တာဟာ ပြဿနာဖြေရှင်းတာပဲ။ ပုစ္ဆာ အများကြီးတွက်တာဟာ ဘဝမှာ ပြဿနာ များစွာကို ဖြေရှင်းသလိုပါပဲ။ ပုစ္ဆာအများကြီး တွက်နိုင်ရင် သင်ဟာ သချင်္ာပါရဂူဖြစ်လာနိုင် သလို ဘဝမှာပြဿနာတွေဖြေရှင်းရင်း သင် လည်း လူတော်ဖြစ်လာမှာပဲ။

Most Read

Most Recent