မိုးရာသီမှာ စိန်ခေါ်နေတဲ့ ကျန်းမာရေးပြဿနာ

မိုးရာသီမှာ စိန်ခေါ်နေတဲ့ ကျန်းမာရေးပြဿနာ
Published 10 May 2023
ဒေါက်တာလွင်သန့်

မိုးရွာလာပြီဆိုတာနဲ့ မုတ်သုံဝင်ရောက်ကာ ရေကြီးခြင်း၊ ရေလျှံခြင်း၊ မိုးရေတိုက်စား၊ မြစ်ရေတိုက်စားခြင်း၊ ကားလမ်းများပျက်စီးခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လျှပ်စစ်ဝါယာရှော့ (Shock) ဖြစ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ခြင်ကျားအန္တရာယ်၊ အအေးမိတုပ်ကွေးဖျားနာနဲ့ သဘာဝဘေးအန္တရာယ်တို့ ကြုံရနိုင်ပါတယ်။

မိုးရွာရင် ရေမြောင်းတွေပိတ်ဆို့ရာက လမ်းပေါ်မှာ ရေတွေလျှံသွားကာ ယာဉ်ကြောပိတ်ဆို့စေတယ်။ ရေလျှံမှု အဆမတန် ဖြစ်ပေါ်ရင် ကျောင်းတက်ကျောင်းဆင်း၊ ရုံးတက်ရုံးဆင်းအန္တရာယ် ဖြစ်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ယာဉ်အန္တရာယ်စိုးရိမ်ရသလို မြစ်ကမ်းနားနေသူတွေအတွက် မြစ်ရေတိုက်စားမှုအန္တရာယ် တွေးပူနေကြရတယ်။ ရွှေလုပ်ငန်း၊ ကျောက်စိမ်းနဲ့ ဓာတ်သတ္တုတူးဖော်လုပ်ငန်းတွေ မြေပြိုသေဆုံးမှု ရှိနိုင်ပါတယ်။

 မိုးရာသီမှာ ခြင်ကျားပေါက်ပွားမှု များလာတာနဲ့အမျှ ခြင်မှတစ်ဆင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလာတယ်။ အစာမသန့်၊ ရေမသန့်လို့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ သန်ရောဂါ ရနိုင်ပါတယ်။ ကျောင်းကျန်းမာရေး ဆောင်ရွက်တဲ့ကာလဖြစ်တာနဲ့အညီ ကျောင်းပရဝုဏ်အတွင်းရေစီးရေလာကောင်းမွန်ရေး၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ ခြင်ကျားခိုအောင်းနိုင်တဲ့ နေရာနည်းပါးပပျောက်ရေး၊ ကျောင်းတွင်းမုန့်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ရောင်းချခွင့်မပြုဖို့အတွက် စီမံချက်တွေနဲ့ မိဘဆရာ၊ ကျောင်းကျန်းမာရေး ဆရာဝန်တို့ ပူးပေါင်းကာ ထိရောက်စွာ ကြပ်မတ်သင့်ပါတယ်။ ကျောင်းသားတွေအတွင်း သန့်ရှင်းလတ်ဆတ်ပြီး ဓာတုဆိုးဆေးကင်းတဲ့ အစားအသောက်တွေ စီမံကာ စနစ်တကျ စားသောက်တတ်ဖို့ အာဟာရဖြည့်တင်းရေး၊ နို့နဲ့ နို့ထွက်ပစ္စည်း တိုက်ကျွေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါကူးစက်နေတဲ့ လူနာကို ခြင်ကျားကကိုက်ပြီး ကလေးတွေကို ပြန်ကိုက်တဲ့အတွက် ကူးစက်ရခြင်းဖြစ်ပါတယ်။ အသက် ငါးလမှ အသက် ၁၉ နှစ်အထိ ဖြစ်ပွားပြီး ငယ်ရွယ်တဲ့ကလေးတွေမှာ ခုခံမှုစနစ်အားနည်းတတ်လို့ ဆိုးကျိုးပိုမိုခံစားရကာ ရှော့ (Shock) ဖြစ်ပြီး သေဆုံးရတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေး၊ ရောဂါလက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အမည်းရောင်အန်ခြင်း၊ အနီစက်များထွက်ခြင်း၊ မှိန်းခြင်း၊ ခြေဖျား၊ လက်ဖျားအေးစက်နေခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာရင် မိသားစုဆရာဝန်ပြသခြင်း၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ကုသမှု ခြင်း ခံယူသင့်ပါတယ်။

 ခြင်ကျားအန္တရာယ်ကာကွယ်ရေးအတွက် အကျႌလက်ရှည်၊ လုံခြည် (သို့မဟုတ်) ဘောင်းဘီရှည်များ ဝတ်ဆင်စေခြင်း၊ ခြင်မကိုက်အောင်လိမ်းဆေး (Repeto ရပ်ပီတို) လိမ်းခြင်း၊ ခြင်မပေါက်ပွားနိုင်အောင် ရေစည်များဖုံးအုပ်ခြင်း၊ ရေကျန်များ သွန်ပစ်ခြင်း၊ ရေလဲပေးခြင်း၊ ရေစစ်ပေးခြင်း၊ သုံးရေ၊ သောက်ရေ ၊ ဘုရားပန်းအိုး၊ ညောင်ရေအိုးပါမကျန် ဆောင်ရွက်ခြင်း၊ ရေဝင်နိုင်တဲ့ ပန်းကန်ပဲ့၊ ကားတာယာဟောင်း၊ အုန်းမုတ်ခွက်တို့ကို မြေမြှုပ်ခြင်း၊ ရေမဝင်တဲ့နေရာရွှေ့ခြင်းတို့ ဆောင်ရွက်ပေးသင့်ပါတယ်။ ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ခြင်း လိုက်နာသင့်ပါတယ်။

၂ဝ၁၇ ခုနှစ် ဩဂုတ်လမှ မိုးကုန်တဲ့ အောက်တိုဘာလကုန်အထိ လူတုပ်ကွေး "A(H¹N¹)" ကူးစက်ခံလို့ မြန်မာနိုင်ငံမှာ လူအသေအပျောက်ရှိခဲ့ရာ ဖေ့စ်ဘွတ်ပေါ်မှာ၊ မီဒီယာမှာ ကာကွယ်ဆေးထိုးသင့်၊ မသင့် အငြင်းပွားခဲ့ကြရတယ်။ တကယ်တမ်း လူတုပ်ကွေး (ALH¹N¹) ဟာ ဗိုင်းရပ်တစ်မျိုးဖြစ်တာ နှစ်စဉ်ဗီဇပြောင်းလဲနေတာကြောင့် တုပ်ကွေးကာကွယ်ဆေးကလည်း နှစ်အလိုက်ပြောင်းလဲနေရာ တုပ်ကွေးကာကွယ်ဖို့ နှစ်စဉ်ကာကွယ် ဆေးထိုးရမလိုဖြစ်သွားနိုင်ပါတယ်။

ရောဂါရှိတဲ့လူရဲ့ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားကျယ်ကျယ်ပြောခြင်း၊ လိင်ဆက်ဆံခြင်း၊ သွေးသွင်းကုသခြင်း စတာတွေက ကူးစက်နိုင်တာ ကြောင့် တုပ်ကွေးဖြစ်တဲ့လူ၊ ကျောင်းသားကို လုပ်ငန်းခွင်မှ ခွင့်ယူစေခြင်း၊ ကျောင်းမှခွင့်ယူခြင်းတို့က တခြားသူထံ ကူးစက်မှုဖြတ်တောက်စေမှာပဲဖြစ်တယ်။၂၀၂၁ ခုနှစ် မိုးရာသီမှာ ကမ္ဘာ့ကိုဗစ်ကပ်ရောဂါ (COVID-19) အသွင်ပြောင်းဗီဇခေါင်းထောင်ကူးစက်ပျံ့နံ့လာလို့ကြိုတင်ကာကွယ်ဆေးများထိုးနှံဖို့လိုအပ်သလို နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွါခြင်း၊ လူစုလူဝေးရှောင်ခြင်း၊အိမ်ထဲမှာနေခြင်းတို့ကေ ရာဂါမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မိုးတွင်းကာလမှာ အစာမသန့်၊ ရေမသန့်မှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူရောင်ငန်းဖျားရောဂါ ဖြစ်တတ်လို့ ရေကို ကျိုချက်သောက်ကာ၊ ယင်နားစာ အမှည့်လွန်အသီးတွေ မစားဖို့ လိုအပ်သလို စားသောက်ဆိုင်များ၊ ကျောင်းမုန့် ဈေးတန်းတွေမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ရှောင်တခင်စစ်ဆေးသင့်တယ်။ ကျောင်းမုန့်ဈေးတန်းတွေမှာ အမျိုးအမည်မသိ တရုတ်နိုင်ငံထုတ် အသင့်အစားအစာတွေရှိနေပြီး ပါဝင်တဲ့ပစ္စည်း၊ ပါဝင်မှု ပမာဏ၊ ဓာတုဆိုးဆေးကင်းရှင်းကြောင်း၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ အကောင်းဆုံးစားနိုင်မယ့်ရက်၊ အလေးချိန်တို့မပါဝင်တာကြောင့် မစားသုံးသင့်ပါဘူး။ ဈေးကွက်ကနေ ဖယ်ရှားပစ်ရပါမယ်။ ယင်နားစာနဲ့ အမှည့်လွန် သစ်သီးတွေ မစားသင့်ဘူး။ ရက်လွန်မုန့်နဲ့ သက်တမ်းလွန် အေးခဲအသား၊ အကင်ချောင်းတွေ ပိတ်ပင်ထားရပါမယ်။

 မိုးတွင်းကာလမှာ အစာမသန့်၊ ရေမသန့်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တတ်လို့ ရေကိုကျိုချက် သောက်သုံးကာ ယင်နားစာရှောင်ရမယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးအပိုင်းမှာ ရေကောင်းရေသန့်ရရှိရေး၊ အညစ်အကြေး၊ မစင်များ စနစ်တကျစွန့်ပစ်ရေး၊ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ယင်၊ ခြင်၊ ကြွက်နဲ့ အခြားကူးစက်နိုင်တဲ့ပိုးများ နှိမ်နင်းရေး၊ ရောင်းဝယ်ချက်ပြုတ်နေတဲ့ အစားအသောက်သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အဆောက်အအုံများ ဆောက်လုပ်နေထိုင်ရေး၊ အလင်းရောင်ကောင်းစွာ ရရှိရေး၊ ဆူညံသံများ ကင်းဝေးရေးတို့ လိုက်နာသင့်ပါတယ်။

ရေကောင်းရေသန့်ရရှိရေးဟာ အလွန်အရေးကြီးတယ်။ မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်မြေအောက်ရေတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ အာဆင်းနစ် (Arsenic) ပါဝင်မှုများပြားနေလို့ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ပြီးမှ အာဆင်းနစ်ကင်းမှ သောက်သုံးသင့်ပါတယ်။ ရေသန့်ဆိုတာ အနယ်အနှစ်၊ အရောင်အဆင်း၊ အနံ့၊ အရသာကင်းစင်ပြီး ထုံးဓာတ်၊ သံဓာတ်၊ ခဲဓာတ်စတဲ့ သတ္တုဓာတ်တွေ လိုတာထက်မပိုဖို့နဲ့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ အူရောင်ငန်းဖျား၊ ကာလဝမ်း၊ သန်ကောင်ရောဂါ၊ ပိုလီယိုစတဲ့ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ ဖြစ်စေနိုင်တဲ့ ပိုးမွှားများနဲ့ အီးကိုလိုင်း (E-Coli) ကင်းစင်ခြင်းနဲ့ ပြည့်စုံရပါမယ်။ ပီအိပ်ခ်ျ (၇) ရှိရမယ်။

 ရေသန့်မရနိုင်ရင် ရေကိုကျိုချက် သောက်သုံးသင့်ပါတယ်။

 လူတွေစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးနဲ့ မစင်တွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ပိုးမွှားတွေရှိပါတယ်။ မစင်တွေ ပြီးစလွယ် မစွန့်သင့်ဘူး။ ရောဂါပိုးတွေက မြေကြီး၊ ရေကတစ်ဆင့် (သို့မဟုတ်) မစင်ကို ယင်ကနားပြီး လူတွေစားသောက်မယ့် အစားအစာဆီ ပျံသန်းတာ ရောဂါပိုးအစာထဲ ရောက်သွားပြီး မသန့်တဲ့လက်နဲ့ ကိုင်တွယ်စားသောက်မိရာက ဝမ်းနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ်။

  သန့်ရှင်းတဲ့ အိမ်သာဆိုတာ ယင်လုံရမယ်။ အနံ့အသက်လုံရမယ်။ အရှက်လုံရမယ်။ ရေအရင်းအမြစ်၊ ရေတွင်းနဲ့ အနည်းဆုံးပေ ၅၀ အကွာအဝေးလုံလောက်မှုရှိရမယ်။ လုံလေးလုံနဲ့ ဆောက်သင့်တယ်။ အမှိုက်သရိုက်၊ ရေကြွင်းရေကျန်၊ စားကြွင်းစားကျန်ဟာ ခြင်၊ ယင်၊ ကြွက်စတာတွေ ပေါက်ဖွားခိုအောင်းရာဖြစ်နေလို့ ဆင်ခြေထောက်ရောဂါ၊ ငှက်ဖျား၊ သွေးလွန်တုပ်တွေးရောဂါ၊ အရေပြားယားနာ၊ ဝမ်းနဲ့တိုက်ဖွိုက်အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင် ‘အေ’ ရောဂါ၊ ကြွက်ကြောင့် ပလိပ်ရောဂါ၊ လပ်ပတိုစပိုင်ရိုးဆစ် (Laptospirosrs) အသည်းရောဂါ၊ အစာအဆိပ်သင့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ညစ်ပတ်နံစော်တဲ့၊ အမှိုက်တွေက ကျန်းမာရေးထိခိုက်လို့ ခြံအတွင်း မြေကျင်းတူးကာ စွန့်ပစ်ခြင်း၊ မီးရှို့ခြင်း၊ မြေကြီးဖုံးထပ်ခြင်း၊ အမှိုက်တစ်ထပ်ပစ်၊ မြေကြီးတစ်ထပ်ဖုံးခြင်း လုပ်သင့်ပါတယ်။ သဘာဝမြေဩဇာအဖြစ် ရရှိနိုင်ပါသေးတယ်။

  ခြင်၊ ယင်၊ ကြွက်ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အမှိုက်သရိုတ်အညစ်အကြေးများ စနစ်တကျ စွန့်ပစ်ရေး၊ ရေဆိုးရေပုပ်များ မဝပ်အောင် ဆောင်ရွက်ရေး၊ ရေများ ဖုံး၊ သွန်၊ လဲ၊ စစ်ပေးရေး၊ ခြင်စားငါး (ဒေါင်းငါး) မွေးခြင်း၊ အစားအသောက်တွေ လုံခြုံအောင်ဖုံးအုပ်ခြင်း၊ ခြင်ထောင်နဲ့ နေ့၊ ညအိပ်ခြင်း၊ ခွေးလေခွေးလွင့် နှိမ်နင်းခြင်းတို့ ပြုလုပ်သင့်ပါတယ်။ အစားအသောက်တွေ သန့်ရှင်းရေးအတွက် မချက်ခင်ကပင် ကုန်ကြမ်းဝယ်ယူစဉ် ဆားရည်နဲ့ ၁၅ မိနစ်ခန့်စိမ်ကာ ရေစင်စင်ဆေးပြီးမှ သီးခြားရေခဲသေတ္တာသုံး သို့မဟုတ် ချက်ပြုတ်သင့်ပါတယ်။ ချက်ပြုတ်ပြီး အစားအသောက်တွေနဲ့ ရောမထားသင့်ပါဘူး။ အမှည့်လွန်သစ်သီး၊ ရက်လွန်အစာများ၊ မှိုတက်အစားအစာများ၊ ရက်လွန်အခဲသား၊ အကင်ချောင်းစားသောက်ခြင်းတွေ ရှောင်ကြဉ်သင့်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေအိမ်ဆောက်လုပ်နေထိုင်ရေး၊ လုံလောက်တဲ့အကျယ်အဝန်း၊ အလင်းရောင်၊ လေဝင်လေထွက်ရှိရေး ၊ ရာသီဥတုနဲ့ သဘာဝဘေးဒဏ်ခံနိုင်ဖို့၊ ပြူတင်းပေါက်လုံလောက်စွာရှိဖို့ လိုအပ်တယ်။ အလင်းရောင် ကောင်းကောင်းမရရင် အားစိုက်စာကြည့်တဲ့အခါ ခေါင်းကိုက်ခြင်း၊ မတော်တဆထိခိုက်မိခြင်း၊ ပိတ်လှောင်နေခြင်း ကြုံရနိုင်ပါတယ်။ ရေဒီယိုကနေ မိုးလေဝသ၊ မုန်တိုင်းသတင်းနဲ့ မြစ်ရေကြီးမှုအခြေအနေတွေ တစ်ရံမလပ်ကြားနာကာ သဘာဝဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်အနိုင်ယူကြရမှာဖြစ်ပါတယ်။