ဆူဒန်ပဋိပက္ခနှင့် အီသီယိုပီးယား-အီရစ်ထရီးယား သပွတ်အူ

ဆူဒန်ပဋိပက္ခနှင့် အီသီယိုပီးယား-အီရစ်ထရီးယား သပွတ်အူ
Published 10 May 2023
TRANSLATED- မေသုတ

ဆူဒန်စစ်တပ်နှင့် Rapid Support Force(RSF)ဟု လူသိများသည့်လက်နက်ကိုင်တပ်ဖွဲ့ကြား ပဋိပက္ခအရှိန်မြင့်တက်နေချိန်တွင် ၎င်းတို့နှစ်ဖွဲ့လုံးသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အီသီယိုပီးယားနှင့် အီရစ်ထရီးယားတို့နှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။

အကြမ်းဖက်မှုများသည် ဆူဒန်နယ်စပ်များအထိ ပျံ့နှံ့သွားမည်ဆိုလျှင် ယင်းနိုင်ငံများသည် လက်ရှိတွင် ဆူဒန်ပြည်တွင်းစစ်အတွင်းသို့ ဆွဲသွင်းခံရနိုင်သည်ဟု သုံးသပ်သူများက အယ်ဂျားဇီးယားသတင်းကို ပြောကြားခဲ့သည်။

အီသီယိုပီးယားနှင့် ဆူဒန်ကြား နွေးထွေးသောဆက်ဆံရေး၏ ပထမဆုံးသင်္ကေတကို ဇန်နဝါရီလတွင် တွေ့မြင်နိုင်သည်။ ယင်းသည် အီသီယိုပီးယားဝန်ကြီးချုပ် အဘီအာမက်က ဆူဒန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဆူဒန်စစ်ဗိုလ်ချုပ်ကြီးအဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် “ကြီးမြတ်သောအီသီယိုပီးယားပြန်လည်ရှင်သန်ခြင်းရေကာတာ” Grand Ethiopian Renaissance ဆောက်လုပ်ရေးအကြောင်းနှင့် မြေသြဇာကောင်းသောအယ်လ်ဖာရှာဂါဒေသအပေါ် နယ်စပ်အငြင်းပွားမှုကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ အီဂျစ်နိုင်ငံကမူ အဆိုပါရေ ကာတာသည် ၎င်း၏ နိုင်းမြစ်ရေအရင်းအမြစ်ကို လျော့ကျစေနိုင်သည်ဟု စိုးရိမ်လျက်ရှိသည်။

နှစ်လအကြာ၌ အီရစ်ထရီးယားသမ္မတ အိုင်ဆက်အက်ဖ်ဝါကီက နှစ်ဦးနှစ်ဖက်ဆက် ဆံရေးအကြောင်းဆွေးနွေးရန်အကြောင်းပြချက်ဖြင့် RSF ခေါင်းဆောင်မိုဟာမက် ဟမ်ဒန်ဒါဂါလိုကို ဖိတ်ကြားခဲ့သည်။ ၎င်းတို့နှစ်ဦးကြား မည်သည့်အကြောင်းအရာများကို အမှန်တကယ်ဆွေးနွေးခဲ့ကြသည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

“အခန်းတစ်ခန်းထဲမှာ မိမိရည်မှန်းချက်ကိုသာဦးတည်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ပြဿနာရှာသူနှစ်ဦးရှိတဲ့အခါ  ရှုပ်ထွေးပွေလီတဲ့ မကောင်းမှုတွေ ပေါင်းစပ်သွားတာကိုပဲ  စိတ်ကူးကြည့်နိုင်မှာဖြစ်ပါတယ်”ဟု ကမ္ဘာ့ငြိမ်းချမ်းရေးဖောင်ဒေးရှင်း၏ အမှုဆောင်ညွှန် ကြားရေးမှူးတစ်ဦးဖြစ်သည့်အပြင် အာဖရိက ဦးချိုဒေသအရေးကျွမ်းကျင်သူ အဲလက်စ်ဒီဝဲလ်က ပြောကြားခဲ့သည်။

တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF)ကို တိုက်ခိုက်ရန် အီသီယိုပီးယား၏ ပြည်တွင်းစစ်တွင် ပါဝင်လာခဲ့ပြီးနောက် အဘီနှင့်အက်ဖ်ဝါကီတို့ကြားဆက်ဆံရေး ထိခိုက်လာခဲ့သည်။

အီသီယိုပီးယားအစိုးရနှင့် TPLF အကြား နိုဝင်ဘာလကချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်သည် TPLF အား ပြင်ပခြိမ်းခြောက်မှုအဖြစ်ရှုမြင်ထားသည့် အက်ဖ်ဝါကီကို စိုးရိမ်ထိတ်လန့်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မကြာသေးမီက အဘီသည် တီဂရေးဒေသရှိ အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အမ်ဟာရာ လက်နက်ကိုင်အဖွဲ့များအား စစ်တပ်အတွင်း ပူးပေါင်းဝင်ရောက်ရန် တောင်းဆိုခဲ့သည်။ အီရစ်ထရီးယားနိုင်ငံမှ ငွေကြေးနှင့် စစ်ရေးအကူအညီများရရှိသည့် ဦးဆောင်တပ်ဖွဲ့များဖြစ်သည့် အမ်ဟာရာလူမျိုးစုက ဗဟိုအစိုးရကို တော်လှန်ပုန်ကန်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

ယခုအခါတွင် ကျယ်ပြန့်သော အာဖရိကဦးချိုတွင် တင်းမာမှုများသည် ဆူဒန်တိုက်ပွဲများနှင့် ရောယှက်ကာ ပိုမိုကျယ်ပြန့်သော ပဋိပက္ခများဖြစ်ပွားနိုင်မည့်အန္တရာယ်ကို မြင့်တက်စေခဲ့သည်။

အဘီသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် TPLF ကို စစ်ကြေညာပြီးနောက် မကြာမီတွင် ဆူဒန်စစ်တပ်သည် အငြင်းပွားနေသောနယ်စပ်ရှိ အယ်လ်ဖာရှာဂါဒေသကို တိုက်ခိုက်ခဲ့ပြီး အမ်ဟာရာ လယ်သမားအများစုအပါ အဝင် အီသီယိုပီးယားနိုင်ငံသားများကို နှင်ထုတ်ခဲ့သည်။

ယင်းမတိုင်မီ နှစ်ပေါင်းများစွာက အဆိုပါနယ်စပ်ဒေသတွင်  ဆူဒန်နှင့် အီသီယိုးပီးယားနိုင်ငံသားများသည် လယ်ယာစိုက်ပျိုးပြီး ၎င်းတို့၏ထွက်ကုန်များကို အီသီယိုးပီးယားတွင် ရောင်းချနိုင်ခဲ့သည်။

သို့သော် တီဂရေးစစ်ပွဲတွင် အဘီနှင့် ၎င်း၏စစ်တပ်သည် မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိနေချိန်တွင် ဆူဒန်စစ်တပ်သည် ၎င်း၏နယ်နိမိတ်အဖြစ်မှတ်ယူထားသည့် မြေသြဇာကောင်းမွန်သည့် အဆိုပါ ဒေသကို ၎င်းပိုင်ဆိုင်ကြောင်း ကြေညာချက်ကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်ခဲ့ဖွယ်ရှိသည်။

လက်ရှိတွင် အခြေအနေများပြောင်းလဲလာသည်နှင့်အမျှ အမ်ဟာရာလက်နက်ကိုင် အဖွဲ့များသည် အယ်လ်ဖာရှာဂါဒေသတွင် ဆူဒန်စစ်တပ်ကို တိုက်ခိုက်ခြင်းဖြင့် ဆူဒန်ပြည်တွင်းစစ်ကို အခွင့်ကောင်းဖွယ်ရှိသည်ဟု လုံခြုံရေးလေ့လာမှုအင်စတီကျုမှ အာဖရိက ဦးချိုဒေသရေးရာကျွမ်းကျင်သူ ဟူးဘတ် ကင်ကော့က ပြောကြားခဲ့သည်။

အမ်ဟာရာအဖွဲ့များသည် ဗဟိုအစိုးရ ကိုဆန့်ကျင်သည့် ၎င်းတို့၏ ကျားကန်မှုကို အားကောင်းစေရန် အလားတူ လုပ်ဆောင်မှုမျိုးဖြင့် ခြိမ်းခြောက်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အယ်လ်ဖာရှာဂါအခြေအနေသည် အဘီအား နောက်ပြန်ဆုတ်ရန် သို့မဟုတ် ၎င်း၏ဆုံးဖြတ်ချက်ဖြစ်သည့် အမ်ဟာရာတပ်ဖွဲ့များကို စစ်တပ်နှင့် ပေါင်းစည်းရေးကို ရပ်တန့်ရန် တွန်းအားပေးသည့်ပုံစံမျိုးဖြင့် အမြတ်ထုတ် ခံရနိုင်သည်ဟု ကင်ကော့က အယ်ဂျားဇီးယားကို ပြောကြားခဲ့သည်။

အယ်လ်ဖာရှာဂါဒေသနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုခဲ့သော လွတ်လပ်သော လေ့လာဆန်းစစ်သူ ဂျိုးနက်အော်နာက ယင်းဒေသတွင် အမ်ဟာရာတပ်ဖွဲ့များ၏ တိုက်ခိုက်မည့်အလားအလာမှာ နည်းပါးသော်လည်း ဖြစ်လာနိုင်သည်ဟု  အယ်ဂျားဇီးယားကို ပြောကြားခဲ့သည်။

“လောလောဆယ်မှာ ဆူဒန်ရဲ့စစ်တပ်က အာရုံလွဲနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ အမ်ဟာရာ တပ်ဖွဲ့တွေဟာ  ဆူဒန်ပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး သူတို့အတွက်နဲ့ ဒေသအတွက် သိသာထင်ရှားတဲ့ စွန့်စားလုပ် ဆောင်နိုင်ခြေလည်း ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေးအပေါ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဆူဒန်စစ်တပ်က တာဝန်ယူရမည်ဖြစ်ပြီး ယင်းအခြေအနေမျိုးကိုသိရှိထားသည် RSF ခေါင်းဆောင် ဒါဂါလိုသည် ၎င်း၏ရန်သူများ အာရုံလွဲသွားနိုင်မည့်အခြေအနေကို ပျော်ပျော်ကြီး ထိုင်ကြည့်နေလိမ့်မည်ဟု အော်နာက ပြောကြားခဲ့သည်။

ဆူဒန်ပဋိပက္ခတွင် မည်သူက အနိုင်ရမည်ကို သေချာစွာ မသိရသေးသဖြင့်  အီရီထရီးယားနှင့် အီသီယိုးပီးယားတို့သည် လက်ရှိအချိန်အထိ ဆူဒန်အရေးတွင် ကြားနေအဖြစ် ရပ်တည်နေကြဆဲဖြစ်သည်ဟု လေ့လာသုံးသပ်သူများက အယ်ဂျားဇီးယားကို ပြောကြားခဲ့သည်။

အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီး မက်စ်ဂ်နူအာဂါက မကြာသေးမီက သတင်းထောက်များကို ပြောကြားရာတွင် ၎င်း၏နိုင်ငံသည် ဆူဒန်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်းနှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းခဲ့သည်။

ယခုသီတင်းပတ်အတွင်း အက်ဖ်ဝါကီသည် ကြုံခေါင့်ကြုံခဲပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဆူဒန်၏ နိုင်ငံရေးပြဿနာများကို IGAD ဟု လူသိများသော ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အကူအညီဖြင့် ဆူဒန်နိုင်ငံတွင်းမှာသာ ဖြေရှင်းသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

“ဒီလိုထိခိုက်ပျက်စီးမှုတွေကို ပြန်လည် ပြင်ဆင်ဖို့တာဝန်ဟာ ဆူဒန်ပြည်သူတွေနဲ့ ဆူဒန်ရဲ့ အိမ်နီးချင်းတွေအပေါ် ကျရောက်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အာဖရိကဦးချိုဒေသအရေးကျွမ်းကျင် သူဖြစ်သည်နှင့် Queens University Canada မှ သမိုင်းပါမောက္ခ အာဝက်ဝဲလ်ဒ်မိုက်ကယ်ကမူ အကြမ်းဖက်မှုများသည် ပို့ဆူဒန်မြို့ အထိရောက်ရှိ သို့မဟုတ် ယင်းမြို့ကို မတည်မငြိမ်ဖြစ်စေပါက အီရစ်ထရီးယားသည် ဆူဒန်၏ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

အီရစ်ထရီးယားသည် ဘီနီအမ်မာ၊ ဘီဂျာနှင့် ရာရှီဒါကဲ့သို့သော အရှေ့ဆူဒန်ရှိ အင်အားကြီး မျိုးနွယ်စုများနှင့် ကာလကြာရှည် ဆက်ဆံရေးရှိခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင်  အဆိုပါ လူမျိုးစုများက ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘာရှားအစိုးရကို လက်နက်ကိုင် ပုန်ကန်မှုပြုလုပ်သောအခါ အီရစ်ထရီးယားက ထိုလူမျိုးစုများကို ကျောထောက်နောက်ခံပြုပေးခဲ့သည်။

“တကယ်လို့ ဆူဒန်အရှေ့ပိုင်းကို ပြင်းထန်တဲ့ ပဋိပက္ခတွေ ပြန့်နှံ့လာမယ်ဆိုရင် အီရစ်ထရီးယားသမ္မတက သူ့မဟာမိတ်တွေကို ကာကွယ်ဖို့ တပ်တွေ ဖြန့်ကြက်တာ ဒါမှမဟုတ် သူ့ရဲ့မဟာမိတ်တွေ အကာအကွယ်ရဖို့ သူ့သြဇာကို အသုံးပြုမယ်ဆိုတာ သေချာပါတယ်” ဟု ဝဲလ်ဒ်မိုက်ကယ်က အယ်ဂျားဇီးယားကို ပြောကြားခဲ့သည်။

ဆူဒန်နှင့် တောင်ဆူဒန်အကြား အငြင်းပွားခဲ့သည့်ဒေသတွင် ယခင်က တပ်စွဲခဲ့ဖူးသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သည့် ရာနှင့်ချီသည့် တီဂရေးဒေသခံများသည်  လက်ရှိတွင် ဆူဒန်အရှေ့ပိုင်းတွင် နေထိုင်နေသည်ဟု ယူဆရသည် ။

၎င်းတို့ထဲမှ အများစုသည် ၂၀၂၀ ပြည့် နှစ် မေလတွင် ဆူဒန်တွင် ခိုလှုံခွင့်လျှောက်ထားခဲ့ပြီးနောက် အီသီယိုးပီးယားနှင့် အီရစ်ထရီးယားအစိုးရတပ်များကို တိုက်ခိုက်ရန်အတွက် တီဂရေးသို့ ပြန်လာခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဆူဒန်အရှေ့ပိုင်းတွင်ကျန်ရှိနေသော တီဂရေးကာကွယ်ရေးတပ်ဝင်များကို ဆူဒန်စစ်တပ်က အီရစ်ထရီးယား၏ ပါဝင်ပတ်သက်မှုကို တိုက်ဖျက်ရန်အတွက် တံတိုင်းတစ်ခုအဖြစ် အသုံးချရန် အလားအလာရှိသော်လည်း၊ ထိုသို့သောလုပ်ရပ်သည် အီသီယိုးပီးယား၏ကိုယ်ပိုင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဂ ယက်ရိုက်ခတ်မှုများရှိနိုင်သည်ဟု အော်နာက အယ်ဂျားဇီးယားကို ပြောကြားခဲ့သည်။

ယင်းကဲ့သို့ တီဂရေးတပ်ဖွဲ့များကို စည်းရုံးခြင်းသည် အာဖရိကဦးချိုဒေသတွင် ပိုမိုကျယ်ပြန့်သောစစ်ပွဲကို ဖြစ်စေနိုင်ကြောင်း ဝဲလ်ဒ်မိုက်ကယ်က သတိပေးခဲ့သည်။

“ဆူဒန်ပဋိပက္ခမှာ ဘယ်ဘက်ကပဲဖြစ်ဖြစ် TPLF နဲ့ ချိတ်ဆက်နိုင်ခဲ့မယ်ဆိုရင် အဲဒီအခြေအနေအပေါ် အီရစ်ထရီးယားသမ္မတက တုံ့ပြန်ဆောင်ရွက်သွားပါလိမ့်မယ်”ဟု ဝဲလ်ဒ် မိုက်ကယ်က ပြောကြားခဲ့သည်။

Ref: Al Jazeera