ဖခင်၏ခြေရာနင်းမည့်သူ (သို့မဟုတ်) ပါအယ်ထုံထန်ရှင်နာဝပ်

ဖခင်၏ခြေရာနင်းမည့်သူ (သို့မဟုတ်) ပါအယ်ထုံထန်ရှင်နာဝပ်
Photo:AP
Photo:AP
Published 9 May 2023
TRANSLATED- ဖြိုးဟိန်းကျော်

သူသည် ယုံကြည်ချက်ရှိ၍ သြဇာလွှမ်းမိုးမှုရှိသည်။ ထိုအခြင်းအရာများထက် အဓိကပိုကျသည်မှာ ထင်ရှားကျော်ကြားသော သူ၏ဖခင်ကို ပြန်အမှတ်ရစေသည့် မိသားစုအမည်နှင့် မျက်နှာပုံပန်းသဏ္ဌာန်တို့ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ လူထုသဘောထားစစ်တမ်းများအရ ပါအယ်ထုံထန် ရှင်နာဝပ်သည် မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာမည့်သူအဖြစ် အကြီးအကျယ် ရေပန်းစားနေသည်။

သို့သော် နိုင်ငံအတွင်း သဘောထားကွဲလွဲမှု အဖြစ်စေဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဖြုတ်ချခံဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ ပါအယ်ထုံထန် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုလျှင် ထိုင်းနိုင်ငံသည် ယခင်ကြုံတွေ့ခဲ့ရသည့် ဆန္ဒပြမှုများနှင့် စစ်တပ်က ကြားဝင်မှုကဲ့သို့သော အခြေအနေဆီသို့  တစ်ကျော့ပြန် ဦးတည်လာမည်ကို စိုးရိမ်နေသူများလည်း ရှိနေသည်။

ရွေးကောက်ပွဲတွင် အသက် ၃၆ နှစ်အရွယ် ပါအယ်ထုံထန်ကို ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့် လူကြိုက်များသော အတိုက်အခံဖြူထိုင်းပါတီအဖို့ အားသာချက်ကြီးကြီး မားမား ရနိုင်ဖွယ်ရှိသည်။ လူထုသဘောထား စစ်တမ်း ရလဒ်များတွင် အခြေအနေအလွန် ကောင်းနေသည့် ဖြူထိုင်းပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရကာ အာဏာရပါတီ၏ ရှိရင်းစွဲအားသာချက်ကို ကျော်လွှား၍ လွှတ်တော်တွင် အမတ်နေရာအများစုကို ရယူပြီး ဝန်ကြီးချုပ်ကို တင်မြှောက်နိုင်ရန် ရည်မှန်းထားသည်။

ပါအယ်ထုံထန်သည် ဖြူထိုင်းပါတီက အဆိုပြုရွေးချယ်ထားသည့် ဝန်ကြီးချုပ်လောင်းသုံးဦးအနက် မဲအများဆုံး ရနိုင်သူအဖြစ် ပြတ်ပြတ်သားသား ဦးဆောင်နေသော်လည်း ရွေးကောက်ပွဲအလွန် ခက်ခဲရှုပ်ထွေးသော လုပ်ငန်းစဉ်များအပြီးတွင် ၎င်းတို့အနက်မှ တစ်ဦးဦးသည် ထိုင်းနိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ပေါ်ထွက်လာနိုင်သည်။

မတ်လက ပြုလုပ်သည့် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်သည့် အခမ်းအနားတစ်ခုတွင် ပါအယ်ထုံထန်က အလုပ်သမားများ၏ အခြေအနေများကို မြှင့်တင်ရေး၊ အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့်ရေး၊ လေထုညစ်ညမ်းမှု လျှော့ချခြင်းနှင့် ထိုင်းနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ နည်းပညာဗဟိုချက်အဖြစ် အသွင်ပြောင်းလဲရေးကဲ့သို့သော မူဝါဒလမ်းစဉ်များကို ကြေညာခဲ့သည်။

ပါအယ်ထုံထန်၏ဖခင်ဖြစ်သူ အသက် ၇၃ နှစ်အရွယ် သက်ဆင်သည် ထိုင်းလွှတ်တော်တွင် အမတ်နေရာအများစုကို အနိုင်ရခဲ့သည့် ပထမဆုံးနိုင်ငံရေးသမားဖြစ်သည်။ ဘီလျံနာလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် သက်ဆင်၏ အများကြိုက် မူဝါဒများဖြင့် ခိုင်မာအားကောင်းသော နိုင်ငံရေးအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သော်လည်း တစ်ဖက်တွင်မူ အထက်တန်းလွှာတို့၏ မုန်းတီးခြင်းကို ခံခဲ့ရသည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီး အာဏာအလွဲသုံးစားလုပ်မှု စွဲချက်ဖြင့် ထောင်ဒဏ်ကျခံရခြင်းမှ ရှောင်လွှဲနိုင်ရန် ပြည်ပတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ တိမ်းရှောင်နေရသည်။ ယင်းစွဲချက်များသည် နိုင်ငံရေးအကြောင်းတရားဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သက်ဆင်က ရှုတ်ချခဲ့သည်။

သို့တိုင်အောင် သက်ဆင်သည် ဆင်းရဲနွမ်းပါးသူများနှင့် အလုပ်သမားလူတန်းစား များအပါအဝင် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့မှ သန်းနှင့်ချီသော ပြည်သူများ၏ အခိုင်အမာ ထောက်ခံအားပေးမှုကို ရရှိထားဆဲဖြစ်သည်။

ပါအယ်ထုံထန်က သူသည် ဖခင်၏ကိုယ် ပွားသက်သက်မဟုတ်ဟု အခိုင်အမာဆိုထားသည်။ “ကျွန်မက အဖေ့ရဲ့အရိပ် မဟုတ်ပါဘူး။ ကျွန်မက အမြဲထာဝရ အဖေ့ရဲ့သမီးပါ။ ဒါပေမဲ့ ကျွန်မက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့သူပါ”ဟု  မကြာသေးမီက ပြုလုပ်သည့်လူထုတွေ့ဆုံပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် သက်ဆင်ပထမဆုံးအကြိမ် အနိုင်ရခဲ့ပြီးနောက် သက်ဆင် ကျောထောက်နောက်ခံပြု ပါတီများသည် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သော်လည်း သြဇာရှိရှေးရိုးဝါဒီ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး အခိုင်အမာရှိနေသည့် တရားရုံးများ၌ ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ၎င်းတို့၏ အဓိကရန်သူတော်များက ကြိုးကိုင်သည့် မတည်မငြိမ်ဖြစ်စေသော လမ်းပေါ်ထွက် ဆန္ဒပြပွဲများကြောင့် ရာထူးအာဏာကို ကာလကြာမြင့်စွာ ဆုပ်ကိုင်နိုင်ခဲ့ခြင်းမရှိပေ။

၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် သက်ဆင်၏ညီမဖြစ်သူ (ပါအယ်ထုံထန်၏ အဒေါ်) ယင်လက်ရှင်နာဝပ်သည် အလွယ်တကူ အနိုင်ရခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် ထိုစဉ်က စစ်တပ်အကြီးအကဲဖြစ်သည့် ပရာယွတ်ချန်အိုချာက ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး ယင်လက်၏အစိုးရကို ဖြုတ်ချခဲ့ပြန်သည်။

ယင်လက်သည်လည်း သူ၏အစ်ကိုကဲ့သို့ပင် ဥပဒေကြောင်းဆိုင်ရာ နောက်ဆက်တွဲ အခြေအနေများကိုရှောင်လွှဲရန် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသည်။ ပရာယွတ်သည် ထိုင်းစစ်တပ်အစိုးရကို ငါးနှစ်ကြာ ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့ သည်။

၆၉ နှစ်အရွယ် ပရာယွတ်သည် မေ ၁၄ ရက် ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်ခံဦးမည် ဖြစ်သော်လည်း ၎င်းအနေဖြင့် နိုင်ငံရေးအထာနပ်သည့် ပါအယ်ထုံထန်ကို ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်။ လူထုစစ်တမ်း များတွင် လူကြိုက်အများဆုံးဝန်ကြီးချုပ်လောင်းစာရင်း၌ ပရာယွတ်သည် တတိယနေရာတွင် ပြတ်ပြတ်သားသား နောက်ကောက်ကျကျန်ရစ်ခဲ့ပြီး ၎င်း၏ညီညွတ်သော ထိုင်းနိုင်ငံပါတီသည်လည်း အလားတူ အခြေအနေနှင့် ရင်ဆိုင်နေရကာ ထောက်ခံမှု ရာခိုင်နှုန်း ၁၀ ခန့်သာ ရရှိထားသည်။

ပါအယ်ထုံထန်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် ၎င်း၏ဒုတိယမြောက် ရင်သွေးလေးကို မမွေးဖွားမီ ရက်ပိုင်းအလိုအထိ မဲဆွယ်စည်းရုံးမှုများကို တက်ကြွထက်သန်စွာ လုပ်ဆောင်ခဲ့ပြီး ၎င်း၏စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့သည်။ ကလေးမွေးဖွားပြီးနောက်တွင်လည်း မဲဆွယ်ပွဲများကို အမြန်ဆုံးပြန်စရန် အသင့်ဖြစ်နေပြီဟု ဆေးရုံပေါ်မှ ပြောကြားခဲ့သည်။

“သူဟာ အခြေခံအုတ်မြစ်ဖြစ်တဲ့ မဲဆန္ဒရှင်တွေနဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံတယ်။ ဒါ့အပြင် မဲဆွယ်ဟောပြောပုံတွေ၊ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ဆက်ဆံပုံတွေ၊ လူအုပ်ကြီးရဲ့ရှေ့မှောက်မှာ ဟောပြောပုံတွေနဲ့ ကိုယ်ဝန်လွယ်ထားရချိန်မှာတောင် မဲဆွယ်မှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပုံကို ထောက်ရှုမယ်ဆိုရင် ဖခင်ဆီကနေ အမွေဆက်ခံထားပုံရတဲ့ ပင်ကိုစွမ်းရည်တချို့ ရှိနေတယ်လို့လည်း ယူဆမိတယ်။ သူဟာ ဝန်ကြီးချုပ်ရာထူးအတွက် ကျိန်းသေပေါက် သင့်တော်သူဖြစ်တယ်”ဟု ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရပ်ဆိုင်ရာ ပါမောက္ခ သီတီနန် ပွန်ဆူဒီရက်က ဆိုသည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်အရ ဖြူထိုင်းပါတီအနေဖြင့် လွှတ်တော်၌ အမတ်နေရာအများစုကို ရရှိခဲ့လျှင်ပင် ဝန်ကြီးချုပ်ရာထူးအတွက် အလိုအလျောက် တင်မြှောက်နိုင်မည်မဟုတ်ပေ။ ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်နှစ်ရပ်လုံးက မဲပေးရွေးချယ်မည်ဖြစ်ကာ ရွေးကောက်ခံမဟုတ်သည့် အထက်လွှတ်တော်အမတ် ၂၅၀ ၏ သဘောထားသည်လည်း အဓိကကျနေသည်။

အထက်လွှတ်တော်အမတ်များသည် ရှေးရိုးဝါဒီ အာဏာရလူတန်းစားအတွက် အခရာကျပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသည့် ကိုယ်စားလှယ်လောင်းဖြစ်သော ပရာယွတ်ကို တခဲနက်မဲ ပေးခဲ့သည်။

ဖြူထိုင်းပါတီ၏ ခိုင်မာအားကောင်းသော စွမ်းဆောင်မှုသည် ထိုင်းစစ်တပ်၏ ကိုးနှစ်နီးပါးကြာ အာဏာဆုပ်ကိုင်မှုကို ခြိမ်းခြောက်မှုဖြစ်စေမည် ဖြစ်သကဲ့သို့ ရှင်နာဝပ်မိသားစုအပေါ် ရန်လိုမုန်းတီးမှုများကိုလည်း တစ်ကျော့ပြန် ဖြစ်ပေါ်စေဖွယ်ရှိသည်။ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ယင်လက်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများလပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

“ရှင်နာဝပ်မိသားစုကို ပြည်သူတော် တော်များများက ချစ်ခင်ကြပေမဲ့ သက်ဆင်နဲ့ သူ့မိသားစုကို မလိုလားတဲ့ ရှေးရိုးစွဲဝါဒီတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ ဒါကြောင့် သက်ဆင်ရဲ့သမီးဖြစ်သူ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံတဲ့အချက်ဟာ ရှေးရိုးဝါဒီ တော်တော်များများအတွက် မနှစ်မြို့စရာဖြစ်လာနိုင်ပြီး သူတို့ရဲ့ မကျေနပ်ချက်တွေကို ထပ်ပြီးနှိုးဆွသလို ဖြစ်လာနိုင်တယ်”ဟု ထမ်မာဆက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာရှင် ပရာဂျက်ကွန်ကီရာတီက ဆိုသည်။

ပါအယ်ထုံထန်ကမူ စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းနိုင်သည့် အလားအလာကို လျှော့ချပြောဆိုခဲ့သည်။

“ကျွန်မက အာဏာသိမ်းမှု ဒါမှမဟုတ် အဲဒီလိုအရာမျိုးကို ဖန်တီးတဲ့သူမဟုတ်ပေမဲ့ အဲဒီလို ထပ်ပြီးဖြစ်မလာနိုင်ဘူးလို့ လေးလေးနက်နက် မျှော်လင့်မိပါတယ်။ နောက်တစ်ကြိမ် အာဏာသိမ်းမှုဖြစ်လာဖို့ရာ အများကြီးပိုခက်ခဲလိမ့်မယ်လို့လည်း ကျွန်မယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပါအယ်ထုံထန်အနေဖြင့် အသက် ၇၇ နှစ်အရွယ် လက်ရှိထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်နှင့် အပေးအယူတစ်ခု လုပ်လာနိုင်သည်ဟူသော ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့်တိုင် လာမည့်ရွေးကောက်ပွဲတွင် ၎င်းသည် ပရာဝစ်၏ စစ်တပ်ကျောထောက်နောက်ခံပြု ပါလန်ပရာချရတ်ပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖြူထိုင်းခေါင်းဆောင်များက ယင်းထင်မြင်ချက်များကို ပယ်ချခဲ့သော်လည်း သက်ဆင်ကျောထောက် နောက်ခံပြုဖြူထိုင်းပါတီ အနေဖြင့် ရှေးရိုးဝါဒီ အသိုင်းအဝိုင်းကို ငြိမ်သက်စေရန် ရွေးကောက်ပွဲအပြီးတွင် ပရာဝစ်နဲ့ ညွန့်ပေါင်းဖွဲ့နိုင်သည်ဟူသော မှန်းဆချက်များ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်သည်။

Ref: AP

Most Read

Most Recent