ကမ္ဘာကြီး ပိုမိုပူနွေးလာပါ တယ်။ မြန်မာနိုင်ငံမြို့တွေရဲ့ အပူချိန်တွေဟာ ဆောင်းရာသီမှာ လွန်ခဲ့တဲ့နှစ်တွေထက် ပိုပူလာတာ တွေ့ရမှာဖြစ်တယ်။ ရန်ကုန်ဆောင်းက မချမ်းခဲ့ပါဘူး။ သည်နှစ်ဆောင်း ရာသီက အရင်နှစ်တွေထက်ပိုပူနေတယ်။ ကမ္ဘာကြီးပူနွေးခြင်း (Globle Warming) လို့ဆိုနိုင်ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှု (Globle Warming) က ကြောက်စရာကောင်းအောင် ခြိမ်းခြောက်မှု အန္တရာယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ထောက်ပြကြပါတယ်။ နေ့စဉ်နဲ့အမျှ ထွက်ရှိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကြောင့် လေထုအပူချိန်တက်ကာ ကမ္ဘာကြီးပူနွေးလာသလို အယ်နီညို လာနီညာကြောင့် ကမ္ဘာကြီး ပိုပြီး ပူနွေးလာပါတယ်။ သစ်တောတွေ ပြုန်းတီးလာမှုတွေ ရှိနေတယ်။ ကမ္ဘာမှာ သစ်တောပြုန်းတီးမှုအများဆုံးမှာ ပထမ ဘရာဇီး၊ ဒုတိယ အင်ဒိုနီးရှား၊ တတိယ မြန်မာနိုင်ငံတို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သစ်တောနည်းပါးလာတာတွေ့ရပါတယ်။ ၁၉၈၇ က တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ၆၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ် ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် ၄၃ ရာခိုင်နှုန်းသာ ကျန်ရှိပါတယ်။
မြို့ကြီးတွေမှာ လူဦးရေထူထပ်မှု သိပ်သည်းလာတယ်။ ကျေးလက်အခြေပြု အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ် ရှာဖွေမပေးနိုင်တော့။ မြို့ကိုရွှေ့ပြောင်းလုပ်သားအဖြစ် ပြောင်းရွှေ့လာကြပါတယ်။
“ရွှေ့ပြောင်း” များလာတာနဲ့အမျှ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းကာ မြို့သစ်တွေ တိုးချဲ့လာရတယ်။ ယနေ့ နေပြည်တော်မြို့တော်ဟာ ယခင် ပျဉ်းမနားကြိုးဝိုင်း၊ တောင်ညိုကြိုးဝိုင်းတွေ ခုတ်ထွင် ရှင်းလင်းပြီး မြို့တော်အဖြစ် သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
အယ်နီညိုဖြစ်စဉ်က အာရှပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင်မှာ ပိုအေးတဲ့ရေစီးကြောင်းနဲ့ ပူပြင်းတဲ့ နေ့အပူအချိန်ကြောင့် ရေများနွေးလာ၊ ရေခဲများ အရည်ပျော်လာကာ မိုးခေါင်ခြင်း၊ နေပူပြင်းခြင်း ခံစားနေရတာပဲ ဖြစ်ပါတယ်။ သြစတြေးလျနေအိမ်မှာ အဲယားကွန်းဖွင့်နေရသလို နှစ်စဉ်ကျင်းပမြဲ “မဲလဘုန်း တင်းနစ်ပွဲ”တွေမှာ အပူချိန် ၄၁ စင်တီဂရိတ်ရှိတာကြောင့် ၁၅ မိနစ် အနားပေးခြင်း၊ ရေသောက်ချိန် သတ်မှတ်ပေးခြင်းမျိုး စီစဉ်လာတာ တွေ့ရပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့်အတူ မြန်မာနိုင်ငံမှာလည်း နွေရာသီ အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေ ရှားပါး ပြတ်လပ်ခြင်း၊ အပူလှိုင်းမိခြင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနဲ့အတူ အပူလျှပ်ခြင်း၊ အရေပြား အရောင်ပြောင်းလဲခြင်း စတဲ့ကျန်းမာရေးပြဿနာအများကြီးကြုံရပါတယ်။
အပူဒဏ်ကြောင့် လတ်တလောဖြစ်နိုင်ခြေတွေက ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်ပူချိန်တက်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းအပြင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ နေပူကနေ ပြန်ရောက်ရောက်ချင်း ရေချိုးတာ၊ လေအေးစက် အခန်းထဲဝင်လာရင် အရေပြားမှာရှိတဲ့သွေးကြောတွေ ချက်ချင်းကျုံ့သွားခြင်း (Vasinic.in) ဖြစ်လို့ ချွေးငုပ်သွားတယ်။ သွေးကြောကျုံ့ရင် ချွေးမထွက်တော့ဘူး။ ရုတ်တရက်အပူကြီးလို့ အအေးဓာတ်နဲ့တွေ့ရင် ခန္ဓာကိုယ်တွင်းသာမက အရေပြားရှိ သွေးကြောတွေပါ ကျုံ့သွားကာ ချွေးရပ်သွားတယ်။ ချွေးငုပ်သွားမယ်။ ချွေးမရှိတော့ရင် ကိုယ်ခန္ဓာကထွက်နေတဲ့ အပူတွေ မထွက်တော့နိုင်ဘူး။ ခန္ဓာကိုယ်တွင်း အပူချိန်တက်လာကာ သွေးလန့်ခြင်းဖြစ်စေတယ်။ ဒါဟာ အပူလျှပ်ခြင်းပဲ ဖြစ်တယ်။
နေရောင်ခြည်ကနေ ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေပေါ်ကျရောက်အောင် အိုဇုန်းလွှာက ကာကွယ်ပေးထားတယ်။ အိုဇုန်းလွှာပေါက်မှုက ဥရောပတစ်တိုက်စာ လောက်ပေါက်နေပြီး သစ်တောမီးရှို့ခြင်း၊ စက်ရုံခေါင်းတိုင်များ၊ ယာဉ်အမျိုးမျိုးမှ လောင်စာများလောင်ကျွမ်းခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကြွပ်ကြွပ်အိတ် မီးရှို့ခြင်း၊ လေအေးစက်၊ ရေခဲသေတ္တာ၊ ရေမွှေးဖျက်ပင်တို့ပါတဲ့ စီအက်စ်စီ (CFC Chloro Fluro Carbon)ဓာတ်ငွေ့တွေအပေါ်ကို ပြန့်လွင့်ပြီး အိုဇုန်းလွှာပေါက်ပြဲကာ နေမှတစ်ဆင့် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာမြေပေါ် တိုက်ရိုက်ကျရောက်မှုပိုများလားလို့ ကမ္ဘာကြီးပူနွေးလာသလို ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်းများလာပါတော့တယ်။
ခရမ်းလွန်ရောင်ခြည် (Ultra-violet Light) ကာကွယ်ဖို့ အလွယ်တကူစုပ်ယူနိုင်တဲ့ အရောင်ရင့်ရင့် အဝတ်အထည်များ၊ ထူထူထဲထဲ အဝတ်များဝတ်ဖို့၊ အရောင်ပျော့ပျော့ဝတ်ဆင်ဖို့၊ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ နေကာမျက်မှန် တပ်ဆင်ဖို့၊ နေရောင်ထဲမထွက်ခင် နေရောင်ခံ ခရင်မ် (Creas SPFLSH လိမ်းပြီးမှထွက်ဖို့၊ နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်ပြီးမှ ထွက်ဖို့၊ အရေပြားရောဂါအခံ ရေယုန်၊ အရေပြားလေးဘက်နာ၊ ဝက်ခြံရှိနေရင် ခရမ်းလွန်ရောင်ခြည်ကြောင့် ပိုပိုမဆိုးရွားစေဖို့ အခုအခံ၊ အဆောင်းပါမှသာ နေပူထဲထွက်ဖို့လိုတယ်။
ခရမ်းလွန်ရောင်ခြည်ဟာ ညဘက်မှာ သုည၊ နေ့ဘက်မှာ အဆင့် ၁၁ မှ ၁၄ အထိရှိတတ်တယ်။ ၁၄ ဟာ အမြင့်ဆုံးပဲ။ ၁၄ အထက်ကို အဆိုးရွားဆုံးလို့ သတ်မှတ်ပါတယ်။
နေရောင်ရှောင်တဲ့ အလေ့အကျင့် လုပ်ရပါမယ်။ နေရောင်ကို တတ်နိုင်သလောက် ထိတွေ့မှုနည်းအောင် စီစဉ်ရပါမယ်။ အကာအကွယ် အအုပ်အဆောင်း လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ရန်သူလိုသဘော ထားရမယ်။ အိုဇုန်းလွှာသည့်ထက် မပေါက်ပြဲရအောင် ပီအက်စီ CFC ဓာတ်ငွေ့နည်းနိုင်သမျှ နည်းနည်းထုတ်ဖို့ လုံးဝမထွက်အောင်ထိန်းဖို့ လိုတယ်။
အပူလျှပ်ခြင်းမှ ကာကွယ်ဖို့ကတော့ နေပူထဲဖြစ်စေ၊ အရိပ်ထဲဖြစ်စေ ပေါ့ပေါ့ပါးပါး ချည်ထည်အကျႌ ခပ်ပွပွ၊ အရောင်ခပ်ဖျောပျော့ ဝတ်ဆင်ရမယ်။ နေ့လယ်ဘက် အတတ်နိုင်ဆုံး အရိပ်ထဲ သစ်ပင်ရိပ်အောက် နေရပါမယ်။ နေပူပြင်းတဲ့ နေ့လယ်ဘက် အလုပ်ထွက်မလုပ်ဖို့၊ အလုပ်ထွက်ရရင်လည်း လုံလောက်တဲ့ အဆောင်း ဦးထုပ်၊ ထီးမပါဘဲ မထွက်ဖို့၊ အရက်၊ ဘီယာမသောက် ဖို့လိုပါတယ်။
အရက်နှင့် ဘီယာဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို အမြန်ဆုံး ညစ်နွမ်းစေလို့ အရက်သောက်ပြီးရင် ရေများများသောက်ပေးဖို့လိုတယ်။ ဘီယာနဲ့ ပါ၀ါအချိုရည်တွေ ရှောင်ရှားဖို့လိုပါတယ်။ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီး ခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့ မှာ ရေချိုးခြင်းမှ ရှောင်ကြဉ်ပြီး အရိပ်ရအေးမြတဲ့နေရာမှာ နေရပါမယ်။ နေပူထဲမှာပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုမပြုသင့်ပါ၊ အရက် ဘီယာ ရှောင်သင့်ပါတယ်။ ချွေးထွက်လွန်ရင် ရေနဲ့ဓာတ်ဆားနည်းသွားလို့ ဓာတ်ဆားရည်သောက်ပေးဖို့လိုတယ်။ ရေအေးပတ်တိုက်နိုင်တယ်။ အဲယားကွန်းခန်းမှာ နေနိုင်တယ်။ မိတ်ဖု၊ ယားနာတွေထွက်ရင် ရေအေးပတ်တင်ခြင်း၊ သနပ်ခါးလိမ်းခြင်း လုပ်နိုင်တယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူရှိန်တက်ခြင်း၊ သတိလစ်ခြင်း၊ သွေးလန့်ခြင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးပြသဖို့ လိုပါတယ်။
အသက်အရွယ်ငယ်လွန်းသူ၊ ကြီးလွန်းသူ၊ နာတာရှည်ရောဂါအခံရှိသူ ဥပမာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဆုတ်ရောဂါရှိသူများ အဝလွန်သူ၊ ဆီးဆေးသောက်နေရသူ၊ အစားအသောက်မှာ ဆားဓာတ်လျှော့စား နေသူများဟာ နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် ဆိုးကျိုးသက်ရောက်စေတဲ့ အုပ်စုပဲဖြစ်တယ်။
အပူချိန်မြင့်မားလို့၊ ခန္ဓာကိုယ်မှ ချွေးထွက်လွန်ခြင်းဖြစ်ကာ ဆားဓာတ်နဲ့ ရေဓာတ် ဆုံးရှုံးရပါတယ်။ ရေငတ်ခြင်း၊ ခြေထောက်၊ လက်၊ ဝမ်းဗိုက်ကြွက်သားများနာခြင်း၊ ကြွက်တက်ခြင်း၊ နုံးခွေအားနည်းခြင်းတို့ ခံစားရပါတယ်။ နေရိပ်၊ အအေးခန်းမှာနေပြီး ဓာတ်ဆားရည် လုံလောက်စွာသောက်ဖို့လိုပါတယ်။
ဆားဓာတ်၊ ရေဓာတ်ဖြည့်တင်း ခြင်းမပြုနိုင်ရင်၊ ခန္ဓာကိုယ်နုံးခြင်း၊ ပျို့အန်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ၁၂ ဒီဂရီ ဖာရင်ဟိုက်အထိ တက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အရေပြားအေးစက်ပြီး ဖြူဖပ်ဖြူရော် ဖြစ်လာနိုင်ပါတယ်။ အချိန်မီ ဆရာဝန်ထံပြသပြီး လိုအပ်တဲ့ ဆားဓာတ်၊ ရေဓာတ်ရရှိဖို့ အကြောဆေးသွင်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကုသမှုခံယူတာ နောက်ကျရင် အပူကြောင့် လေသင်တုန်းဖြတ်ခြင်း၊ Heat Stroke ဖြစ်ကာ ခန္ဓာကိုယ်မှ အပူချိန်ထိန်းညှိတဲ့စနစ် ဦးနှောက်မှာ ပျက်စီးလာပြီး ခန္ဓာကိုယ်အပူချိန် ၁၄ မှ ၁၀၆ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာလို့ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေ ရောက်ရှိ နိုင်ပါတယ်။
လူနာရဲ့အရေပြားဟာ ချွေးမထွက်နိုင်တော့ဘဲ ခြောက်သွေ့ နီရဲလာခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စကားပြော မူမမှန်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အသက် ရှူ မမှန်ခြင်း၊ နှလုံးခုန်မြန်လာခြင်းနဲ့ မမှန်ခြင်း၊ သွေးလန့်ခြင်း စသည်တို့ကြောင့် အသက်ပင် ရုတ်တရက် ဆုံးရှုံးနိုင်ပါတယ်။ ဆေးရုံကို အမြန်တင်ပို့ပြီး ဆေးကုသဖို့လိုပါတယ်။
ယင်းအခြေအနေမှာ ခန္ဓာကိုယ်အပူချိန်ကို အမြန်ဆုံး လျှော့ချခြင်း၊ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးရုံကိုပို့ပြီး ရှေးဦး သူနာပြုစုရပါမယ်။ လူနာအား နေရိပ်မှာထားရမယ်။ ပန်ကာ၊ လေအေးစက်ရှိတဲ့အခန်းမှာထားရမယ်။ လေဝင်လေထွက်ကောင်းစေဖို့ လိုတယ်။ လူနာသတိရရင် ဓာတ်ဆားရည်လုံလုံလောက်လောက်တိုက်ဖို့ လိုပါတယ်။ အဝတ်အစားချွတ်ပေးပြီး ခန္ဓာကိုယ်အအေးဓာတ်ရဖို့ လူနာရဲ့လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ကို ရေခဲ၊ ရေအေးစိမ်ထားတဲ့မျက်နှာသုတ်ပဝါနဲ့ ရေပတ်တိုက်သင့်ပါတယ်။ အေးတဲ့ စောင်၊ အဝတ်နဲ့ လူနာကို ခြုံထားပေးရမယ်။ ရာသီဥတုနဲ့အညီ ဝတ်စားနေထိုင်ခြင်းကသာ အပူချိန်မြင့်မားမှုအန္တရာယ်မှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။