တိုင်းပြည် နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (Nation-State Making)

တိုင်းပြည် နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (Nation-State Making)
Published 7 May 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ကိုရီးယားသမ္မတနိုင်ငံ ပါမောက္ခများနှင့် ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြပါသည်။

စာရေးသူသည် ကိုရီးယား ပါမောက္ခများ၊ ပညာရှင်များနှင့် နေ့ လယ်စာ စားသုံးချိန်၊ ညစာ စားသုံးချိန်နှင့် အစည်းအဝေးအချို့တွင် စကားပြောဆိုခွင့်၊ ဆွေးနွေးခွင့်များ ရရှိခဲ့ပါသည်။ စာရေးသူသည် မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် သာမန်နိုင်ငံသားတစ်ဦးသာဖြစ်ပြီး အာဏာမရှိ၊ ရာထူးမရှိ၊ ငွေကြေး ချမ်းသာကြွယ်ဝခြင်း မရှိပါသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအား ငြိမ်းချမ်းသာယာသော၊ ခေတ်မီဖွံ့ဖြိုးသော၊ ကြွယ်ဝချမ်းသာသော တိုင်းပြည်နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်စေလိုသည့် စေတနာဆန္ဒသည် အမြဲတစေ တည်ရှိနေပါသည်။

ထို့ကြောင့် စာရေးသူသည် ကိုရီးယားပညာရှင် ပါမောက္ခများနှင့် တွေ့ဆုံချိန်တွင် စာရေးသူဆွေးနွေးတင်ပြရန် ဦးတည်ချက်ထားရှိသည့်  အကြောင်းအရာမှာ “ကိုရီးယားနိုင်ငံသည် ဂျပန်တို့၏ အုပ်ချုပ်မှု တစ်နည်းအားဖြင့် ဂျပန်တို့၏ ကိုလိုနီပြုအုပ်ချုပ်ခြင်းကို ၁၉၁၀ ခုနှစ်မှ စတင်ကာ ၁၉၄၅ ခုနှစ်အထိ နှစ်ပေါင်း ၃၅ နှစ်ခန့် ကြာမြင့်ခဲ့ပါသော်လည်း ယနေ့အချိန် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်တို့၏ ကိုလိုနီပြုအုပ်ချုပ်ခြင်းကြောင့် ဖြစ်ပေါ်စေခဲ့သည့် အကျိုးသက်ရောက်မှုများကို မည်ကဲ့သို့ အလွယ်တကူ ကျော်လွှားလွန်မြောက်နိုင်ခဲ့ပါသလဲ”ဆိုသည့် မေးခွန်းဖြစ်ပါသည်။

စာရေးသူ အဘယ်ကြောင့် အထက်ပါမေးခွန်းကိုမေးရန် စဉ်းစားထားခဲ့ရပါသလဲဆိုသည့် အကြောင်းရင်းကို ရှင်းလင်းတင်ပြရပါလျှင် စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် ဂျပန်တို့၏ ကိုလိုနီပြုအုပ်ချုပ်ခြင်းကို သုံးနှစ်ခန့်သာ ကြာမြင့်ခဲ့ပါသော်လည်း ဂျပန်တို့၏ ကိုလိုနီအုပ်ချုပ်စဉ်ကာလက ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်” များမှာ ယနေ့အချိန် နှစ်ပေါင်း ၇၅ နှစ်ကျော် ကြာမြင့်ခဲ့သည့်တိုင်အောင် ကျင့်သုံးဆဲဖြစ်လျက် တည်ရှိနေသည့်အပြင် စစ်ဝါဒီများကိုလည်း မွေးထုတ်ပေးနေဆဲ ဖြစ်ပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး စာရေးသူအား ကိုရီးယားပညာရှင် ပါမောက္ခများက နေ့လယ်စာ စားသုံးချိန်၊ ညစာ စားသုံးချိန်များတွင် အစားပျက်ခံပြီးလျှင် စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့ ကိုရီးယားသမ္မတနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်တို့၏ ကိုလိုနီပြု အုပ်ချုပ်ခြင်းကြောင့် ဖြစ်ပေါ်စေခဲ့သည့် အကျိုးသက်ရောက်မှုများကို အလွယ်တကူ ကျော်လွှားလွန်မြောက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်သည်ဟုထင်မြင်ယူဆသည့် စာအုပ်များကို စာရေးသူထံသို့ ငွေကြေးအကုန်အကျခံ၊ အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး ပို့ပေးခဲ့ကြပါသည်။

စာရေးသူအနေဖြင့်လည်း ကိုရီးယားသမ္မတနိုင်ငံ၌  ဂျပန်တို့၏ ကိုလိုနီပြုအုပ်ချုပ်စဉ်ကာလအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို လေ့လာဆန်းစစ်ကာ ကိုရီးယားနိုင်ငံသားတို့အနေဖြင့် တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) နှင့် ပတ်သက်သည့် လုပ်ငန်းရပ်များအား မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို စာရေးသူ ဖတ်ရှုလေ့လာရာတွင် တွေ့ရှိရသည့် အချက်အလက်များအား အခြေခံကာ ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

ထို့ပြင် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအား ဂျပန်တို့၏ ကိုလိုနီပြု အုပ်ချုပ်စဉ်ကာလသည် ၁၉၄၂ ခုနှစ်ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ ဖြစ်ပါသဖြင့် မြန်မာနိုင်ငံတွင် ဂျပန်တို့ ကိုလိုနီအုပ်ချုပ်ရေး ကျင့်သုံးနေစဉ်ကာလသည် ကိုရီးယားနိုင်ငံတွင် ဂျပန်တို့၏ ကိုလိုနီပြုအုပ်ချုပ်စဉ်ကာလနှင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ ထပ်တူကျလျက် တည်ရှိနေပါသဖြင့် မြန်မာတို့အနေဖြင့် မည်ကဲ့သို့ တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) နှင့် ပတ်သက်သည့် လုပ်ငန်းရပ်များအား လုပ်ဆောင်ခဲ့ကြပါသလဲဆိုသည့် မေးခွန်းကို အခြေခံကာ လေ့လာဆန်းစစ်ကြည့်ပါမည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံကို ထူထောင်တည်ဆောက်ခဲ့ကြသည့် ကိုရီးယားနိုင်ငံသားတို့၏ ချဉ်းကပ်ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ထူထောင်တည်ဆောက်ခဲ့ကြသည့် မြန်မာနိုင်ငံသားများ၏ ချဉ်းကပ်ဆောင်ရွက်ခဲ့သည့် အခြေအနေများကို နှိုင်းယှဉ် လေ့လာဆန်းစစ်ရန် ကြိုးစားရှာဖွေဖော်ထုတ် ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ တိုင်းပြည်နိုင်ငံ နှစ်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်ခဲ့သည့် အခြေအနေများကို အသေးစိတ် လေ့လာဆန်းစစ်နိုင်ရန်မှာ ယခုစာရေးသူ တင်ပြမည့် ဆောင်းပါးအဆင့်နှင့် မည်သို့မျှ စနစ်ကျခြင်း၊ ပြည့်စုံခြင်း၊ ပကတိ အခြေအနေများအရ လုံးဝမှန်ကန်ခြင်း မဖြစ်နိုင်သည်ကို စာဖတ်သူများအား ကြိုတင် အသိပေးတင်ပြအပ်ပါသည်။ ယခုကဲ့သို့သော လေ့လာဆန်းစစ်မှု အမျိုးအစားသည် သီးခြားပရောဂျက်၊ စီမံချက်ရေးဆွဲပြီးလျှင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ရေရှည် အကျိုးပြုစေမည့် ဆောင်ရန်၊ ရှောင်ရန် သင်ခန်းစာများ၊ နောင်အနာဂတ်အတွက် အကောင်အထည် ဖော်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ဂျပန်တို့သည် ကိုရီးယား နိုင်ငံအား ၁၉၁၀ ခုနှစ်မှ စတင်ကာ ၁၉၄၅ ခုနှစ်အထိ နှစ်ပေါင်း ၃၅ နှစ်ခန့် ကိုလိုနီပြုအုပ်ချုပ်ခဲ့ကြပါသည်။ ထိုနည်းတူစွာ ဂျပန်တို့သည် မြန်မာနိုင်ငံအား ၁၉၄၂ ခုနှစ်ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ နှစ်ပေါင်း သုံးနှစ်ခန့် ကိုလိုနီပြုအုပ်ချုပ်ခဲ့ကြပါသည်။ ဂျပန်တို့ ကိုလိုနီပြုအုပ်ချုပ်နေစဉ် ကာလများအတွင်း ယနေ့ ကိုရီးယားသမ္မတနိုင်ငံရှိ ကိုရီးယားနိုင်ငံသားများ၏ တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) သဘောတရားများနှင့် ဂျပန်တို့ မြန်မာနိုင်ငံတွင် ကိုလိုနီပြုအုပ်ချုပ်နေစဉ်ကာလများအတွင်း မြန်မာနိုင်ငံသား များ၏ တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) သဘောတရားများကို နှိုင်းယှဉ်လေ့လာဆန်းစစ်ရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ ကိုရီးယားသမ္မတ နိုင်ငံ၏ တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) သဘောတရားများကို (Reference: 1) တွင် တင်ပြထားသည်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ကိုရီးယားသမ္မတနိုင်ငံနှင့် ပတ်သက်သည့်အကြောင်းအရာ သတင်းအချက်အလက်များမှာ မြောက်မြားစွာ တည်ရှိနေနိုင်ပါသော်လည်း စာရေးသူအနေဖြင့် (Reference: 1) တွင် တင်ပြထား သည့် သတင်းအချက်အလက်များထဲမှ အချို့ကိုသာလျှင် ထုတ်နုတ် တင်ပြနိုင်ခြင်းသာ ဖြစ်ကြောင်းကို ဖော်ပြအပ်ပါသည်။ သတင်းအချက်အလက် အစိတ်အပိုင်းအချို့ကိုသာ ထုတ်နုတ်တင်ပြခြင်း ဖြစ်သည့်အတွက် မူလရည်ရွယ်တင်ပြထားသည့် သတင်းအချက်အလက်များနှင့် အနည်းငယ်ကွဲလွဲနိုင်သည်ကို ကြိုတင်အသိပေးတင်ပြအပ်ပါသည်။ စာဖတ်သူများအနေနှင့် စာရေးသူ ဦးတည်ရှင်းလင်းတင်ပြမည့် အကြောင်းအရာများကို အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင်ဖော်ပြထားပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံကို ရှင်းလင်းတင်ပြ ရာတွင် မဖြစ်မနေ ပါဝင်ရမည့်အချက်မှာ ကိုရီးယားနိုင်ငံသားများ၏ လူတန်းစားအသိုင်းအဝိုင်းနယ်ပယ် (The Public Sphere) နှင့် ခေတ်သစ်သို့ ကူးပြောင်းခြင်းဖြစ်သည့် စပ်ကူးမပ်ကူးကာလ (Transition to Modernity) တွင် ဦးစားပေးပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေခဲ့သည့်အပြောင်းအလဲများ ဖြစ်ကြပါသည်။

ကိုရီးယား နိုင်ငံသားများ၏ လူတန်းစား အသိုင်းအဝိုင်းနယ်ပယ် (The Public Sphere) ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ပထမလူတန်းစားအဖြစ် ပညာတတ်၊ ပညာရှင် လူတန်းစား အသိုင်းအဝိုင်းနယ်ပယ် (Intellectual Public Sphere) ကို တွေ့ရှိရမည်ဖြစ်ပြီး ဒုတိယလူတန်းစားအဖြစ် အောက်တန်းလွှာလူတန်းစား အသိုင်းအဝိုင်းနယ်ပယ် (Plebeian Public Sphere) ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ခေတ်သစ်သို့ ကူးပြောင်းခြင်းဖြစ်သည့် စပ်ကူးမပ်ကူးကာလ (Transition to Modernity) တွင် ဦးစားပေးပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေခဲ့သည့် အပြောင်းအလဲများအနက် အောက်ဖော်ပြပါ အပြောင်းအလဲ သုံးရပ်ကို အလေးအနက်ထားရှိပြီး ပြောင်းလဲနိုင်စေခဲ့ပါသည်။

ပထမ အပြောင်းအလဲမှာ- ဘုရင်စနစ်က တည်ရှိပေါက်ပွား လွှမ်းမိုးလျက်ရှိသည့် မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းနယ်ပယ်ကို လျှော့ချနိုင်စေခဲ့ပြီး ပညာတတ်၊ ပညာရှင် လူတန်းစား အသိုင်းအဝိုင်းနယ်ပယ်ကို ဖွဲ့စည်းတည်ဆောက်နိုင်စေခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယအပြောင်းအလဲမှာ- ဘာသာရေးနှင့်ပတ်သက်သည့် အောက်တန်းလွှာ လူတန်းစားအသိုင်းအဝိုင်း နယ်ပယ်ကို ပြန်လည် နိုးကြားတက်ကြွလာစေရန် ဆောင်ရွက်နိုင်ခဲ့ပြီး လောကီရေးရာများနှင့်ပတ်သက်သည့် အောက်တန်းလွှာ လူတန်းစား အသိုင်းအဝိုင်း နယ်ပယ်ကို ဖွဲ့စည်းတည်ဆောက်နိုင်စေခဲ့ခြင်း ဖြစ်ပါသည်။

တတိယအပြောင်းအလဲမှာ- အရေးအကြီးဆုံး အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီး ပညာတတ်၊ ပညာရှင် လူတန်းစား အသိုင်းအဝိုင်းနယ်ပယ်နှင့် အောက်တန်းလွှာ လူတန်းစား အသိုင်းအဝိုင်း နယ်ပယ်နှစ်ရပ်တို့အကြားရှိ ကွဲပြားခြားနားချက်များအား စည်းလုံးညီညွတ်မှုနှင့် နယ်ပယ်တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေ ပေါင်းစည်းကိုက်ညီစေရန် ဆောင်ရွက်နိုင်စေခဲ့ခြင်းတို့ ဖြစ်ကြပါသည်။

ဒုတိယအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဂျပန်တို့၏ မြန်မာနိုင်ငံအား ၁၉၄၂ ခုနှစ်ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ နှစ်ပေါင်းသုံးနှစ်ခန့် ကိုလိုနီပြု အုပ်ချုပ်ခဲ့ကြခြင်းကြောင့် အကျိုးသက်ရောက်မှု အခြေအနေအကျဉ်းကို တင်ပြရပါလျှင် ဂျပန်တို့သည် မြန်မာနိုင်ငံအား အုပ်ချုပ်ချိန် သုံးနှစ်ခန့်သာ ကြာမြင့်ခဲ့ပါသော်လည်း မြန်မာလူငယ်များအား စစ်ပညာရပ်များ သင်ကြားပေးခြင်း၊ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စစ်ရေးစစ်ရာများနှင့် သက်ဆိုင်သည့် သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ဗမာ့တပ်မတော်ကြီးကို ထူထောင်တည် ဆောက်ပေးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။

ထို့ပြင် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးအပ်ခဲ့ပြီး “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း”ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖော်ပြပါ ကြေညာစာတန်းအရ မြန်မာနိုင်ငံကို “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်” များ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် စတင်စေခဲ့ပြီး အာဏာရှင်၊ စစ်အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို မြန်မာနိုင်ငံတွင် ဦးဆောင်ဦးရွက်ပြုလျက်ရှိသော လူပုဂ္ဂိုလ်ကြီးများနှင့် အဖွဲ့အစည်းများအား စာတွေ့၊ လက်တွေ့၊ ထဲထဲဝင်ဝင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

ထိုစဉ်အချိန်အခါက မြန်မာနိုင်ငံတွင် ဦးဆောင်ဦးရွက်ပြုလျက်ရှိသည့် လူပုဂ္ဂိုလ်ကြီးအချို့၏ တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်းနှင့် ပတ်သက်သည့် စိတ်ကူး စိတ်သန်းမှာ “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်” များကို ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် ဂျပန်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့၏ ပုံစံအတိုင်း လိုက် ပါဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်သင့်ကြောင်းကို (Reference: 2) ဆရာကြီး ဒေါက်တာမောင် မောင်၏ စာအုပ်တွင် တင်ပြထား သည်များကို တိုက်ရိုက်ဖော်ပြပါ မည်။ စာဖတ်သူများအနေဖြင့် အကြောင်းအရာများသည် တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေ ကိုက်ညီခြင်းမရှိသည့် အခြေအနေများကို စာဖတ်သူများကိုယ်တိုင် လေ့လာဆန်းစစ်ကြည့်ကြပါရန် အကြံပြု တိုက်တွန်းအပ်ပါသည်။

“ခေတ်သစ်မြန်မာနိုင်ငံ၏ ဖခင်ကြီးဟု လေးစားရိုသေခြင်းခံရသည့် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သားပီသသော စစ်သားတစ်ဦးဖြစ်ကာ ၁၉၄၁ ခုနှစ်အတွင်းက ဂျပန်နိုင်ငံတွင် ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) ဦးဆောင်သော မီနာမီကန်အဖွဲ့တို့နှင့် စေ့စပ်ဆွေးနွေးနေခိုက်ဤသို့ပြောခဲ့သည်။”

“ကျွန်တော်တို့ လိုချင်တာကတော့ ဂျာမနီ၊ အီတလီနိုင်ငံတွေမှာလို အင်အားခိုင်မာတောင့်တင်းတဲ့ နိုင်ငံအုပ်ချုပ်ရေးယန္တရားပဲ။ အဲဒီမှာ ခေါင်းဆောင်တစ်ယောက်ပဲ ရှိမှာဖြစ်ပြီး တစ်နိုင်ငံ၊ တစ်ပါတီပဲ ရှိရလိမ့်မယ်။ ပုဂ္ဂိုလ်ရေး ဆည်းကပ်မှုတွေ ရှိမှာမဟုတ်သလို ပါလီမန်အတွင်း အတိုက်အခံတွေဆိုတာလည်း မရှိစေရဘူး။ အဲဒီလိုမျိုး နိုင်ငံကို ကျွန်တော်တို့ စတင်ဖွဲ့စည်းမယ်ဆိုရင် ကနဦး ပြည်ထောင်စုလို့ပဲ ခေါ်ဝေါ်သတ်မှတ်မှာဖြစ်ပြီး တကယ်တမ်း ရပ်တည်လှုပ်ရှားလာပြီဆိုရင်တော့ ကျွန်တော်တို့ ရေ၊ မြေ သဘာဝနဲ့ ကိုက်ညီတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်စေရမယ်။ မင်းတို့မှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင် မရှိသေးဘဲနဲ့ မင်းတို့ နိုင်ငံအခြေအနေ ဘယ်လိုဖြစ်လာမလဲလို့ ခင်ဗျားတို့က မေးခွန်းထုတ်ကောင်းထုတ်လိမ့်မယ်။ အဲဒီမေးခွန်းရဲ့ အဖြေကတော့ လိုအပ်တဲ့ အရည်အသွေးပြည့်မီတဲ့ ခေါင်းဆောင်ပိုင်းကို ဖန်တီးမွေးထုတ်ဖို့ကတော့ နိုင်ငံရေးပါတီရဲ့ တာဝန်ပဲဖြစ်မယ်။ အဲဒီ ပါတီဟာလည်း တခြားပါတီတွေလို လျော့တိလျော့ရဲ ကပြက်ကချော် ဖွဲ့ထားမယ့် ပါတီတော့ မဟုတ်ဘဲ နိုင်ငံမှာရှိတဲ့ အတော်ဆုံး၊ အရည်အသွေး အပြည့်ဆုံး လူပုဂ္ဂိုလ်တွေပါမှာဖြစ်ပြီး သူတို့အထဲကမှ နိုင်ငံ့ အနာဂတ် ခေါင်းဆောင်မှုကို ရွေးရမှာသိပ်မခက်ပေဘူး။ ခင်ဗျားတို့ ထပ်ပြီး မေးခွန်းထုတ်စရာရှိမှာကတော့ မင်းတို့ရဲ့ နိုင်ငံရေးပါတီ ကိုယ်တိုင်က ဂိုဏ်းဂဏတွေနဲ့  အစိတ်စိတ်အမြွာမြွာ ကွဲသွားရင်ရောဆိုတဲ့ မေးခွန်းပဲ။ အဲဒီမေးခွန်းအတွက် အဖြေကတော့ စည်းစနစ်နဲ့ ဖွဲ့ထားမယ့် ပါတီတစ်ရပ်မှာ ဂိုဏ်းဂဏ ကွဲတာတွေ၊ အာဏာလုတာတွေ အင်မတန်ဖြစ်ခဲသလို ဖြစ်ရင်တောင်မှ သိပ်ပြီး ဆိုးဆိုးဝါးဝါးကြီး ဖြစ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ခုပြောတဲ့ တစ်ပါတီစနစ်သည်သာ ကျွန်တော်တို့ နိုင်ငံအတွက် တောင့်တင်းခိုင်မာတဲ့ အုပ်ချုပ်ရေးတစ်ရပ် ပေးနိုင်မှာဖြစ်သလို ရေရှည်တည်တံ့အောင်လည်း ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယူဆတယ်။ တစ်ဖက်ကလည်း အဲဒီစနစ်ဟာ တစ်သက်တာအတွက် အကောင်းဆုံး ပုံစံနည်းလမ်း ဟုတ်မယ်၊ မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော်လည်း ကံသေကံမ မပြောတတ်ဘူး။” (Reference: 2)

အကျိုးဆက်အဖြစ် လွတ်လပ် ရေးရရှိပြီးနောက်ပိုင်းမှ စတင်ကာ ယနေ့အချိန်အထိ နှစ်ပေါင်း ၇၅ နှစ်ခန့် ကာလအတွင်း ကျင့်သုံးအကောင်အထည် ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်များကို လေ့လာကြည့်ပါက ဗြိတိသျှ-အင်္ဂလိပ်တို့က ပေးအပ်သည့် “လွတ်လပ်ရေး ကြေညာစာတမ်း” အရ ပြည်သူပြည်သား၊ နိုင်ငံသားအပေါင်းတို့၏ သဘောဆန္ဒအရ ရွေးကောက်တင်မြှောက်ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်ကာလမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ၁၀ နှစ်တာ ကာလ၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂  ခုနှစ်အထိ နှစ်နှစ်တာကာလနှင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၁၀ နှစ်တာကာလ စုစုပေါင်း ၂၂ နှစ် သာ ရှိပါသည်။ ကျန်နှစ်ပေါင်း ၅၀ ကျော်ကာလများမှာ အာဏာရှင် စစ်အုပ်ချုပ်ရေးကာလများသာ ဖြစ်ခဲ့ပါသည်။ အတိအကျ ဖော်ပြရမည်ဆိုပါက စုစုပေါင်း ၇၅ နှစ်ခန့်အနက် နှစ်ပေါင်း ၅၃ နှစ်ခန့်မှာ ဂျပန်တို့က သင်ကြားပေးအပ်ခဲ့သည့် သဘောတရားများအရသာ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

တတိယအနေဖြင့် အထက် တွင်တင်ပြခဲ့သည့် အကြောင်းအရာများကို အခြေခံကာ ယနေ့အချိန် တွေ့မြင်သိရှိလျက်ရှိသည့် အခြေအနေများအား စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။

ပထမအချက်အနေဖြင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန်ကာလက အာရှဒေသရှိ တိုင်းပြည်၊ နိုင်ငံများအား ကိုလိုနီပြု အုပ်ချုပ်စေခဲ့ပြီး အဆိုပါနိုင်ငံများတွင် “အာဏာရှင်စနစ်”၊ “စစ်အုပ်ချုပ်ရေးစနစ်”များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့သည့် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့် အချိန်မှစတင်ကာ ယနေ့အချိန်ကာလအထိ ၎င်းတို့အနေဖြင့် “အာဏာရှင်စနစ်”ကို ကျင့်သုံးခြင်းလည်းမရှိ၊ “စစ်အုပ်ချုပ်ရေးစနစ်” ကိုလည်း ကျင့်သုံးခြင်းမရှိတော့ဘဲ ရွေးကောက်တင်မြှောက်သည့် အစိုးရစနစ်ကိုသာ ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိနေပါသည်။

ဒုတိယအချက်အနေဖြင့် ဂျပန်တို့ နှစ်ပေါင်း ၃၅ နှစ်ကြာ ကိုလိုနီပြုအုပ်ချုပ်ခဲ့သည့် ကိုရီးယားနိုင်ငံကြီးမှာ တိုင်းပြည်နိုင်ငံ နှစ်နိုင်ငံအဖြစ် ကွဲထွက်သွားပြီးလျှင် “အာဏာရှင်စနစ်” ကို ကျင့်သုံးသည့် “ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)” နှင့် ရွေးကောက်တင်မြှောက်သည့် အစိုးရစနစ်ကို ကျင့်သုံးသည့် “ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား)” အဖြစ် ပေါ်ထွက်လာစေခဲ့ပါသည်။

တတိယအချက်အနေဖြင့် ဂျပန်တို့ သုံးနှစ်ခန့် ကိုလိုနီပြုအုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ရွေးကောက်တင်မြှောက်သည့် အစိုးရစနစ်ကို ကျင့်သုံးလိုက်၊ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးလိုက်၊ အာဏာရှင် စနစ်ကို ကျင့်သုံးလိုက်၊ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးလိုက်၊ ရွေးကောက် တင်မြှောက်သည့် အစိုးရစနစ်ကို ကျင့်သုံးလိုက်၊ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးလိုက် ဖြစ်လျက်ရှိပြီး ဆိုးဝါးသံသရာတွင် လည်ပတ်လျက်ရှိနေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ဂျပန်တို့သည် ကိုရီးယားနိုင်ငံအား ၁၉၁၀ ခုနှစ်မှ စတင်ကာ ၁၉၄၅ ခုနှစ်အထိ နှစ်ပေါင်း ၃၅ နှစ်ခန့် ကိုလိုနီပြု အုပ်ချုပ်ခဲ့ကြပါသည်။ ထိုနည်းတူစွာ ဂျပန်တို့သည် မြန်မာနိုင်ငံအား ၁၉၄၂ ခုနှစ် ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ နှစ်ပေါင်း သုံးနှစ်ခန့် ကိုလိုနီပြု အုပ်ချုပ်ခဲ့ကြပါသည်။ ဂျပန်တို့ ကိုလိုနီပြု အုပ်ချုပ်နေစဉ်ကာလများအတွင်း ယနေ့ ကိုရီးယားသမ္မတနိုင်ငံရှိ ကိုရီးယားနိုင်ငံသားများ၏ တိုင်းပြည် နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) သဘောတရားများနှင့် ဂျပန်တို့ မြန်မာနိုင်ငံတွင် ကိုလိုနီပြု အုပ်ချုပ်နေစဉ်ကာလများအတွင်း မြန်မာနိုင်ငံသားများ၏ တိုင်းပြည်နိုင်ငံတော် ဖန်တီးတည်ဆောက်ခြင်း (NATION-STATE MAKING) သဘောတရားများကို နှိုင်းယှဉ်လေ့လာဆန်းစစ်ကာ ရေရှည်အကျိုးပြုစေမည့် ဆောင်ရန်၊ ရှောင်ရန် သင်ခန်းစာများ၊ နောင် အနာဂတ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသား တင်ပြအပ်ပါသည်။

References:

1. Song, Ho-Keun (2016), “The Birth of the Citizen in Modern Korea”, NaNam Publishing House, “Nation-State Making”, pp – 267 – 288.၂. ဒေါက်တာမောင်မောင် (၂၀၁၉) “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” (ပထမတွဲ + ဒုတိယတွဲ) SKCC Press (00413)/ စာမျက်နှာ