တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘာတွေဆွေးနွေးခဲ့သလဲ

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘာတွေဆွေးနွေးခဲ့သလဲ
၂၀၂၃ ခုနှစ် မေ ၂ ရက်က နေပြည်တော်တွင် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအား တွေ့ရစဉ်
၂၀၂၃ ခုနှစ် မေ ၂ ရက်က နေပြည်တော်တွင် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအား တွေ့ရစဉ်
Published 7 May 2023

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်နှစ်ကျော်အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ဖိတ်ကြားချက်အရ ချင်ကန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ မေ ၂ ရက်မှ ၄ ရက်အထိ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်သည်။

ချင်ကန်းအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ပေကျင်းမြို့၌ မြန်မာ့အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် မေ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်တွင်းပြည်ပ အကြောင်းတရားများ ရောယှက်နေသဖြင့် မြန်မာနိုင်ငံပြဿနာသည် ရှုပ်ထွေးပြီး အမြန်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန်၊ သဘောထားကွဲလွဲမှုများကို ပေါင်းကူးကာ နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို ပြန်လည်စတင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှနေ၍ မြန်မာနိုင်ငံရှိ ဘက်အားလုံးကို ထောက်ခံအားပေးရန် ၎င်းက နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဖျန်ဖြေပေးမှုကို လေးစားလိုက်နာသင့်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးကို အားပေးမြှင့်တင်သင့်ကြောင်း ပြောကြားခဲ့သည်။

အကျပ်အတည်းနှင့်ပတ်သက်၍ မြင့်တက်လာမှုနှင့် ပျံ့နှံ့မှုတို့ကို တားဆီးရန် သတိရှိရှိနှင့် လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ၎င်း၏ ကောင်းမွန်သောလုပ်ဆောင်ချက်များတွင် အထူးသံတမန်အား ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုကို မြန်မာကသာ ဦးဆောင်သင့်ပြီး ပြည်သူများ၏ဆန္ဒကို လေးစားသင့်သည်ဟု နိုလင်းဟေဇာကဆိုသည်။

မြန်မာနိုင်ငံအရေး ပြေလည်အောင် ဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏ အရေးကြီးသော အခန်းကဏ္ဍအတွက် ကုလသမဂ္ဂက ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြား ခဲသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ပေကျင်းခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို တုံ့ပြန်ရာတွင် ဒေသတွင်း နိုင်ငံများ၏ ညီညွတ်မှု ခိုင်မာအားကောင်းစေရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

မေ ၁ ရက်မှ ၂ ရက်အထိ ခရီးစဉ်အတွင်း အထူးကိုယ်စားလှယ်သည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခအရှိန်မြင့်တက်မလာအောင် တားဆီးရန် လက်တွေ့ကျကျ နှိုင်းနှိုင်းချင့်ချင့်ဖြင့် ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင် ချင်ကန်းက အလေးထားပြောဆိုခဲ့သည်ဟု ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ထိထိရောက်ရောက် ဖော်ဆောင် ကျင့်သုံးမှုအပေါ် အသိအမှတ်ပြုကြောင်းနှင့် ၎င်း၏အခန်းကဏ္ဍနှင့် ပတ်သက်၍ တရုတ်နိုင်ငံက လေး လေးနက်နက် ထောက်ခံကြောင်းလည်း ချင်ကန်းက အလေးထား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူများ၏ အကျိုး ကိုရှေးရှု၍ ငြိမ်းချမ်းစွာ အဖြေရှာရေး၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆန်ဆန် စေ့စပ် ဆွေးနွေးရေးနှင့် လူသားချင်းစာနာ မှု အကူအညီများ ပေးအပ်ရေးအတွက် ပံ့ပိုးပေးသည့် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း နိုလင်းဟေဇာကဆိုသည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေဆဲ အကျပ်အတည်းကို နိုင်ငံတကာက အခိုင်အမာ တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုရှိရေး၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် သြဇာလွှမ်းမိုးနိုင်သော အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၏ တညီတညွတ်တည်း ကြိုးပမ်းအားထုတ်မှုကို လိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ချင်ကန်း၏ မြန်မာနိုင်ငံခရီးစဉ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မေ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ထူးခြားချက်အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နစကဘက်က နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမှု၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုကိုသာ သတင်းထုတ်ပြန်ခဲ့သော်လည်း နအဖဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှုကိုမူ သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

မေ ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဧည့်ခန်းမ၌ နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအ​​ခြေအနေများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု များ မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူး​​ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုခရီးစဉ်သည် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ပထမဆုံးလာရောက်ခြင်းဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြရုံသာမက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ စာမျက်နှာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နစကဘက်က ထုတ်ပြန်သည်။

ယင်းနေ့၌ပင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်နီးကပ်စွာ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးသန်းရွှေနှင့် တွေ့ဆုံမှု

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံမှုကို နစကဘက်က သတင်းမထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

မေ ၂ ရက်တွင် နအဖဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးသန်းရွှေ၏ အဓိကအကျိုးဆောင်မှုများကို တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အမြဲရှုမြင်ပြီး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အစဉ်အမြဲယုံကြည်ရသော အိမ်နီးချင်းကောင်းဖြစ်ပြီး မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းကို အစဉ်အမြဲ ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်းတို့တွင် အပြုသဘော ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နအဖဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအစဉ်အလာကို ခိုင်မာစွာဆက်ခံကာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုး ရေးအတွက် ၎င်း၏ကိုယ်ပိုင်လမ်းကြောင်းကိုရှာရာတွင် တရုတ်နိုင်ငံက ထောက်ခံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာကို လေးစားရန်၊ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးတို့ ထမြောက်အောင်မြင်စေရန် ကူညီရေးအတွက် နိုင်ငံတကာအသိုင်း ၀ိုင်းကို တိုက်တွန်းသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ ကိုက်ညီမယ့် မြန်မာ့ပင်ကိုလက္ခဏာတွေ ပါဝင်တဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရှာဖွေရာမှာ တရုတ်ဟာ မြန်မာကို ပံ့ပိုးသွားမှာ ဖြစ်ပါတယ်”ဟု ချင်ကန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးလုပ်ဆောင်ရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပံ့ပိုးသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်သော တရားဝင်မူဘောင်အရ ကွဲပြားခြားနားမှုများကို လျော်ညီစွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းရန် သက်ဆိုင်ရာပါတီများအား ထောက်ခံသွားမည်ဟု ချင်ကန်းကဆိုသည်။

ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့်ဆက်စပ်နေသော ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့နှင့်သက်ဆိုင်သော စီမံကိန်းများကို အကောင်အထည်ဖော်သွားမည်ဟု ၎င်းကပြောကြားသည်။

မြန်မာ၏ အနောက်ဘက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးများတိုးတက်စေရေးအတွက် တရုတ်က မြန်မာကို ပံ့ပိုးပေးမည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

Most Read

Most Recent