မေဒေးနေ့ အားလပ်ရက်ကာလအတွင်း တရုတ်၏ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာခဲ့

မေဒေးနေ့ အားလပ်ရက်ကာလအတွင်း တရုတ်၏ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာခဲ့
မေ ၂ ရက်က ဟောင်ကောင်ဒေသရှိ Tsim Sha Tsui အရပ်တွင် တရုတ်ပြည်မမှ အလည်အပတ်လာရောက်သည့် ခရီးသွားများကိုတွေ့ရစဉ် (Photo – Reuters)
မေ ၂ ရက်က ဟောင်ကောင်ဒေသရှိ Tsim Sha Tsui အရပ်တွင် တရုတ်ပြည်မမှ အလည်အပတ်လာရောက်သည့် ခရီးသွားများကိုတွေ့ရစဉ် (Photo – Reuters)
Published 4 May 2023
Ref: AFP

တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် မေဒေးနေ့ အားလပ်ရက်အတွင်း COVID-19 ကပ်ရောဂါကာလမတိုင်မီအဆင့်သို့ ပြန်လည်ဦးမော့လာခဲ့ကာ ယမန်နှစ်ကထက် ၇၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု မေ ၃ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်ခဲ့ သည့် ကိန်းဂဏန်းများအရ သိရသည်။

အိမ်ခြံမြေစျေးကွက် အားပျော့နေဆဲဖြစ်ပြီး ပို့ကုန်လုပ်ငန်းများ တိုးတက်မှု ကျဆင်းနေခိုက် ယခုတိုးတက်မှုနှုန်းကို ဆက်လက် ထိန်းထားနိုင်မည်ဆိုလျှင် ဝန်ဆောင်မှုကဏ္ဍ ပြန်လည်မြင့်တက်လာခြင်းသည် တရုတ်၏ကပ်ရောဂါကာလအလွန် စီးပွားရေးနာလန်ပြန်ထူမှု အရှိန်အဟုန် ကျဆင်းနေမှုအပေါ် စိုးရိမ်မှုများကို ပြေလျော့စေနိုင်သည်။

ဧပြီ ၂၉ ရက်တွင် စတင်ခဲ့သည့် ငါးရက်ကြာ အားလပ်ရက်ကာလအတွင်း ခရီးသွားရန် စိတ်အားထက်သန်နေသည့် တရုတ်ပြည်သူများသည် ပြည်တွင်းခရီးသွားလာမှုပေါင်း ၂၇၄ သန်းကျော် ပြုလုပ်ခဲ့ပြီး ယမန်နှစ်ထက် ၇၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂၀၁၉ ခုနှစ်ထက်လည်း ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းသို့ခရီးသွားလာမှုများအတွင်း တရုတ်ပြည်သူများသည် စုစုပေါင်း ယွမ် ၁၄၈ ဘီလျံ သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ယမန်နှစ်ထက် ၁၂၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကနှင့် တူညီနေခဲ့သည်။

ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများ ချမှတ်ခဲ့ခြင်းကို ဖယ်ရှားခဲ့ပြီး နောက်ပိုင်း ပထမဆုံး ခရီးသွားရာသီဖြစ်သည့် မေဒေးနေ့ အားလပ်ရက်ကာလ၏ ခရီးသွားလာမှုဆိုင်ရာ ကိန်းဂဏန်းများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် အကဲဖြတ်ရန် စောင့်ကြည့်ခံခဲ့ရသည်။

အကဲခတ်တစ်ဦးကမူ တရုတ်၏ စီးပွားရေးနာလန်ထူလာမှုသည် အပန်းဖြေလုပ်ငန်းနှင့် e-commerce လုပ်ငန်းတို့မှ ပြည်တွင်းစားသုံးသူများအတွက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် တရုတ်နှင့် အာရှတစ်လွှားရှိ ခရီးသွားလုပ်ငန်းအခြေပြု စီးပွားရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေပြီး အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း သုံးသပ်ခဲ့သည်။

မေဒေးနေ့ အားလပ်ရက်ကာလအတွင်း ခရီးသွားလုပ်ငန်း အရှိန်အဟုန်ကောင်းလာခြင်းသည် တရုတ်ခရီးသွားကဏ္ဍအတွက် အလှည့်အပြောင်း တစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်း ဆင်ဟွာသတင်းဌာနက မေ ၃ ရက် တွင် ဖော်ပြခဲ့သည်။

တရုတ်ခရီးသွားလုပ်ငန်း အကယ်ဒမီက ယခုနှစ်အတွင်း တရုတ်ပြည်တွင်း၌ ခရီးသွားလာမှုပေါင်း ၄ ဒသမ ၅ ဘီလျံ ရှိလာမည်ဟု ခန့်မှန်းထားပြီး ယင်းသည် ၂၀၂၂ ခုနှစ်ကထက် ၇၃ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်းလည်း ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြည်တွင်းခရီးသွားလာမှုနှင့် အပန်းဖြေမှုများကို အားပေးမြှင့်တင်ရန်အတွက် အားလပ်ရက်အတွင်း တစ်လကြာ လှုံ့ဆော်စည်းရုံးမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့ကြောင်းနှင့် ဒေသန္တရအစိုးရများသည်လည်း ပြည်တွင်းစားသုံးမှု မြင့်တက်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုဗစ်ကင်းစင်ရေး အစီအမံများကို အဆုံးသတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခုနှစ် ပထမသုံးလအတွင်း မျှော်မှန်းထားသည်ထက် သိသိသာသာ ပိုမိုကောင်းမွန်ခဲ့သည်ဟု ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။ အမျိုးသားစာရင်းအင်းဌာန (NBS) က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ဇန်နဝါရီလမှ မတ်လအထိ တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး AFP သတင်းဌာန၏ စစ်တမ်းကောက်ယူမှုတွင် လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်ထက် သိသိသာသာ သာလွန်နေခဲ့သည်။        

Most Read

Most Recent