ယူကရိန်းနယ်စပ်အနီးတွင် ပေါက်ကွဲမှုကြောင့် ရုရှားကုန်တင်ရထားတစ်စီး လမ်းချော်ခဲ့

ယူကရိန်းနယ်စပ်အနီးတွင် ပေါက်ကွဲမှုကြောင့် ရုရှားကုန်တင်ရထားတစ်စီး လမ်းချော်ခဲ့
မေ ၂ ရက်က ဘာယန့်စ်ဒေသတွင် ပေါက်ကွဲမှုကြောင့် လမ်းချော်ခဲ့သည့် ရုရှားကုန်တင်ရထားတစ်စီးကို တွေ့ရစဉ် (Photo – AFP)
မေ ၂ ရက်က ဘာယန့်စ်ဒေသတွင် ပေါက်ကွဲမှုကြောင့် လမ်းချော်ခဲ့သည့် ရုရှားကုန်တင်ရထားတစ်စီးကို တွေ့ရစဉ် (Photo – AFP)
Published 3 May 2023
Ref: AFP

ယူကရိန်းက ရုရှားကို တန်ပြန်ထိုးစစ် မဆင်နွှဲမီ မေလ ၂ ရက်က နှစ်ရက်ဆက်တိုက် ဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ယူကရိန်းနယ်စပ်အနီးရှိ ဒေသတစ်ခုတွင် ရုရှားကုန်တင်ရထားတစ်စီးသည် ပေါက်ကွဲမှုကြောင့် လမ်းချော်ခဲ့သည်။

ရုရှား၏ နယ်နိမိတ်နှင့် ၂၀၁၄ ခုနှစ်က ရုရှားတို့သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားဒေသတို့တွင် မကြာသေးမီရက်များအတွင်း တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် လေးရက်အတွင်း ပေါက်ကွဲမှုများကြောင့် ရထားနှစ်စီး လမ်းချော်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုဟု သံသယဖြစ်ဖွယ် တိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားရှိ ရေနံသိုလှောင်ကန်တွင် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ စိန့်ပီတာစဘတ်ချ်မြို့အနီးရှိ လျှပ်စစ်ဓာတ်အားလိုင်းများသည်လည်း ဖောက်ခွဲခံခဲ့ရသည်။

ရုရှားက မေလ ၉ ရက်တွင် နာဇီတို့အပေါ်အနိုင်ရသည့် ဆိုဗီယက်အောင်ပွဲအတွက် အောင်ပွဲခံမှုများကို ပြင်ဆင်နေချိန်တွင် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းကမူ ၎င်း၏ ထုံးစံအတိုင်း အဆိုပါတိုက်ခိုက်မှုများအတွက် တာဝန်ခံထွက်ဆိုခဲ့ခြင်းမရှိဘဲ ယူကရိန်းအစိုးရကမူ နွေဦးထိုးစစ်အတွက် ပြင်ဆင်မှုများသည် ပြီးစီးသွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ကြေညာခဲ့သည်။

ရုရှား၏ အနောက်ပိုင်း ဘာယန့်စ်ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘိုဂိုမက်ဇ်ကမူ ကုန်တင်ရထားသည် အမျိုးအမည်မသိ ဖောက်ခွဲရေးပစ္စည်းတစ်ခုကြောင်း လမ်းချော်ခဲ့ကြောင်း မေ ၂ ရက်က ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်တွင် ရထားစက်ခေါင်းနှင့် တွဲအချို့ လမ်းချော်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မေ ၁ ရက်ကလည်း ယင်းဒေသ၏ အန်နီချာမြို့အနီးတွင် ရုရှားကုန်တင်ရထားတစ်စီးသည် အလားတူပေါက်ကွဲမှုကြောင့် လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းနေ့မှာပင် အိမ်ဖြူတော်က ယူကရိန်း၏ ဘက်မွတ်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် ရုရှားစစ်သားအရေအတွက်ကို ထုတ်ပြန်ခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း အထူးသဖြင့် ဘတ်မွတ်တွင် ဖြစ်ပွားသော ငါးလကြာတိုက်ပွဲတွင်  ရုရှားစစ်သား ၂၀,၀၀၀ ကျော်သေဆုံးပြီး ၈၀,၀၀၀ ကျော် ဒဏ်ရာရသည်ဟု မေလ ၁ ရက်တွင် အိမ်ဖြူတော်က ပြောကြားသည်။

“တိုက်ပွဲမှာ စစ်သား ၂၀,၀၀၀ ကျော် ကျဆုံးတာအပါအဝင် ရုရှားဟာ ထိခိုက်သေဆုံးသူ ၁၀၀,၀၀၀ ကျော်ရှိတယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်”ဟု အမျိုးသားလုုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားသည်။

“ဒွန်းဘက်စ်မှာ အထူးသဖြင့် ဘတ်မွတ်မှာထိုးစစ်နဲ့ ရုရှားရဲ့ကြိုးပမ်းအားထုတ်မှုဟာ ကျရှုံးခဲ့ပါတယ်။ ရုရှားဟာ အမှန်တကယ်အားဖြင့် မဟာဗျူဟာအရ ထူးခြားတဲ့နယ်မြေကို သိမ်းပိုက်နိုင်တာမျိုးမရှိပါဘူး”ဟု ကာဘီက ပြောကြားသည်။

ကျဆုံးခဲ့သည့် စစ်သားမျာထဲက တစ်ဝက်ကျော်မှာ ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီဝက်ဂနာက စုဆောင်းခဲ့သော စစ်သားများဖြစ်ကြပြီး ၎င်းတို့ထဲက အများစုမှာ ရုရှားရှိ အကျဉ်းသားများထဲက ဖြစ်သည်ဟု လျှို့ဝှက်အဆင့်လျှော့ချလိုက်သော အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကား၍ ဂျွန်ကာဘီက ပြောကြားသည်။

မြို့ငယ်လေးမှလွဲ၍ ယူကရိန်းစစ်သားအားလုံး တိုက်ထုတ်ခံရသော ဘတ်မွတ်အတွက် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေခြင်းနှင့်အတူ ယင်းတိုက်ပွဲမှ ကျဆုံးသူစုစုပေါင်းမှာ ဒီဇင်ဘာလအစကတည်းက ဆုံးရှုံးမှုများဖြစ်သည်ဟု အမေရိကန်ကိန်းဂဏန်းများအရသိရသည်။

“ဒီ ကြိုးစားပမ်းစားလုပ်ဆောင်ထားတဲ့ ကြိုးပမ်းအားထုတ်မှု အထူးသဖြင့် ဘတ်မွတ်ဟာ ပေးဆပ်မှု တော်တော်လေး ကြီးမားပါတယ်။ ရုရှားဟာ သူ့ရဲ့သိုလှောင်ထားတဲ့ စစ်လက်နက်တွေနဲ့သူ့စစ်သားတွေကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်”ဟု ကာဘီက ပြောကြားသည်။

Most Read

Most Recent