မွန်ပြည်နယ်အတွင်း ဆားကြမ်းဈေးနှုန်း မာစေဖို့ . . .

မွန်ပြည်နယ်အတွင်း ဆားကြမ်းဈေးနှုန်း မာစေဖို့ . . .
မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းလုပ်ကွက်များကို တွေ့ရစဉ်
မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းလုပ်ကွက်များကို တွေ့ရစဉ်
Published 30 April 2023
ဘိုဘိုမြင့်

“မွန်ပြည်နယ်အတွင်းမှာ အရင်က စစ်တောင်းစက္ကူစက်လိုမျိုး၊ ဒါမှမတုတ် ကော့စတစ်ဆိုဒါစက်ရုံမျိုး တစ်ခုလောက်တော့ လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုစက်ရုံတွေရှိမှပဲ ဆားကြမ်းဈေးနှုန်းက မာမှာပါ။ မဟုတ်ရင်တော့ လက်ရှိ ဆားကြမ်းထုတ်လုပ်တဲ့လုပ်ငန်းတွေက ကုန်ကျစရိတ်တွေနဲ့ သိပ်မကာမိဘူးဖြစ်နေတယ်”

ဒါကတော့ သံဖြူဇရပ်မြို့နယ် ပငကျေးရွာက ဆားတောင်သူတစ်ဦးက ပြောကြားတာပါ။

“စက်ရုံစီမံကိန်းတွေကို ဖော်ဆောင်နိုင်မှ နိုင်ငံတော်အတွက်လည်း အကျိုးရှိ၊ ကျွန်တော်တို့ ဆားတောင်သူတွေအတွက်လည်း အကျိုးရှိနိုင်သလို၊ စက်ရုံတည်ဆောက်မယ့်နေရာက ဒေသခံပြည်သူတွေလည်း အလုပ်အကိုင်အခွင့်အလမ်း ရနဲ့ အားလုံးအကျိုးရှိနိုင်ပါတယ်” လို့ ၎င်းဆားတောင်သူ ဆက်ပြောပါတယ်။

မွန်ပြည်နယ်က ထွက်ရှိတဲ့ ဆားကြမ်းဈေးနှုန်းတွေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဆားကြမ်းတစ်ပိဿာကို ကျပ် ၁၃၀ ၀န်းကျင် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ် ဇန်န၀ါရီလအတွင်း ဆားကြမ်း လှိုင်လှိုင်ထွက်တဲ့အချိန်မှာတော့ ဆားကြမ်းတစ်ပိဿာကို ကျပ် ၈၀ သာ ဈေးရှိခဲ့တဲ့အတွက် ဆားတောင်သူတွေအနေနဲ့က တွက်ခြေမကိုက်မှုတွေရှိခဲ့ပါတယ်။

ဆားကြမ်းဈေးနှုန်း တည်ငြိမ်မှု မရှိခြင်းက စက်မှုကုန်ကြမ်းအနေဖြင့် ဈေးကွက်မရှိခြင်းနဲ့ Export ဈေးက မရှာဖွေနိုင်ခြင်းများကြောင့် ဆားကြမ်းဈေးကွက်ကို ထိန်းချုပ်နိုင်မှု မရှိခြင်းဖြစ်ကြောင်း ဆားတောင်သူတွေက သုံးသပ်ပြောကြားကြပါတယ်။

ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ဆားကြမ်း ဈေးနှုန်းအနည်းငယ်ပြန်မာခဲ့ပြီး မတ်လအတွင်းမှာတော့ ဆားကြမ်းတစ်ပိဿာကို ကျပ် ၃၀၀ ၀န်းကျင်ကနေ ၃၅၀ ကျပ်အထိ ဈေးရခဲ့ကြပါတယ်။ အဲဒီဈေးနှုန်းက ဆားကြမ်းဈေးကွက်သမိုင်းမှာ အမြင့်ဆုံးရတဲ့ ဈေးဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီအခြေအနေကလည်း အဆိုပါမတ်လအတွင်းမှာ မြန်မာနိုင်ငံအတွင်း ဒေသတချို့မှာ မုန်တိုင်းအရှိန်နဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုများရှိခဲ့ကာ ဆားကွင်းများ ပျက်စီးမှုများကြောင့် ဖြစ်တယ်လို့ ဆားတောင်သူတွေထံမှ သိရပါတယ်။

“အဲဒီအချိန်တုန်းက ဆားထွက်ခါနီးချိန်မှာ မိုးရွာချလိုက်တော့ အားလုံးဆုံးရှုံးကုန်တယ်။ မိုးရွာပြီးလို့ နေပြန်ပွင့်လာလို့ရှိရင် ဆားလှမ်းကွက်တွေမှာ ရေတွေပြန်ဖောက်ထုတ်ပြီးတော့ နေပြန်လှန်းရပြန်တယ်။ ပြီးရင် ဒလိမ့်နဲ့ ပြန်လှိမ့်ရတယ်။ ဆားကွက် မခြောက်တ ခြောက်အချိန်မှာ မိုးကပြန်ရွာချ ပြန်။ ပြီးရင် နေကပြန်ပူလာလိုက်နဲ့ လုံးချာလည်လိုက်နေကြတယ်။ အခုကာလ ထုတ်လုပ်မှု ကုန်ကျစရိတ်က အရမ်းကိုများနေတော့ ဆုံးရှုံးမှုတွေများခဲ့တယ်။ ဆားကြမ်း တစ်ပိဿာကို ကျပ် ၃၀၀ ၀န်းကျင်လောက် ဈေးပေါက်ပေမဲ့ ရောင်းစရာဆားက မရှိကြဘူး” လို့ သံဖြူ ဇရပ်မြို့နယ်က ဆားတောင်သူ တစ်ဦးက ပြောပါတယ်။

ထို့ပြင် ဆားကြမ်းအထွက်နှုန်းကလည်း ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်သွားပြီး ပုံမှန်ရာသီမှာ ဆား ပိဿာချိန် ၁၂ သိန်းခန့်ထွက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် ဆားရာသီမှာတော့ ဆား ပိဿာချိန် ငါးသိန်းခန့်သာရတယ်လို့ ဆားတောင်သူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်အတွင်းမှာ လာနီညာရာသီဥတုက နှစ်နှစ်ဆက်တိုက်ဖြစ်ပွားတော့ ဆားတွေက အထွက်နည်းသွားတယ်။ ဒီနှစ်က အရောင်းအ၀ယ်ဈေးနှုန်းက မဆိုးဘူးလို့ပြောလို့ရပါတယ်။ အရောင်းအ၀ယ်လည်း သွက်ပါတယ်။ ဒါပေမဲ့ မနှစ်က ဈေးနှုန်းမျိုးတော့ မဟုတ်ဘူးပေါ့။ အခုလက်ရှိက ဆားကြမ်းတစ်ပိဿာကို ၁၆၅ ကျပ်ရှိတယ်။ ဆားကြမ်းအထွက်နှုန်းနဲ့ ပြန်ကြည့်ရင် ဈေးနှုန်းက မဆိုးဘူးလို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ သင်္ကြန်လွန်လို့ နေဆက်ပြီးပွင့်နေမယ်ဆိုရင်တော့ ဆားကပိုရလာနိုင် တဲ့အတွက်ကြောင့် ဆားကြမ်းဈေးနှုန်းက ထပ်ကျနိုင်တဲ့အနေအထားမျိုး ရှိလာနိုင်ပါတယ်”လို့ ပငကျေးရွာက ဆားတောင်သူတစ်ဦးက သုံးသပ်ပြောကြားပါတယ်။

ဆားကြမ်းဈေးနှုန်းတွေက နိမ့်တစ်လှည့်၊ မြင့်တစ်လှည့်ဆိုပေမဲ့ ခေတ်ကာလအခြေအနေအရ ထုတ်လုပ်မှုကုန်ကျစရိတ်က အကျဘက်မှာ ရှိမနေပါဘူး။ ဒီလိုအခြေအနေတွေကြောင့်လည်း ဆားကို ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်တဲ့၊ အသုံးပြုမယ့် စက်ရုံစီမံကိန်းတွေကို ဆားတောင်သူတွေက တောင့်တတာလည်း မဆန်းပါဘူး။

လက်ရှိ မွန်ပြည်နယ်အတွင်း ကော့စတစ်ဆိုဒါစက်ရုံတစ်ရုံ တည်ဆောက်ရန် အစီအစဉ်လုပ်နေတယ်လို့ ကြားသိနေရကြောင်းနဲ့ ထိုစက်ရုံဖြစ်မြောက်သွားပါက ဆားကြမ်းဈေးကွက်က တော်တော်ကြီးကို ကောင်းသွားနိုင်ကြောင်း သတ္တု တွင်းဝန်ကြီးဌာန မွန်ပြည်နယ်ဆားလုပ်ငန်းဌာနက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၎င်းကဆက်လက်ပြီး “ယခင်က စစ်တောင်းစက္ကူစက်ရှိနေတဲ့အတွက် အဲဒီမှာ ဆားကြမ်းတွေကို အများကြီး သုံးတာလေ။ အဲဒါမျိုးတွေမရှိတော့ မွန်ပြည်နယ်အတွင်းမှာက ဆားဈေးကွက်က အပြောင်းအလဲတွေဖြစ်သွားတာပါ”လို့ ပြောပါတယ်။

ထိုအခြေအနေနဲ့ပတ်သက်လို့ ဆားတောင်သူတစ်ဦးက “ကော့စတစ်ဆိုဒါ စက်ရုံဆိုတာ ကျွန်တော်တို့လို ဆားတောင်သူတွေရဲ့ အိပ်မက်ပါပဲ။ အရင်က သထုံမြို့နယ် ဒုံသမိချောင်းဘေးမှာ ကော့စတစ်ဆိုဒါစက်ရုံတည်ဆောက်ဖို့ ဦးသိန်းစိန်အစိုးရ လက်ထက်က အုတ်မြစ်တည်ခဲ့တယ်လို့ ကြားသိခဲ့ရတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်လောက်ဆိုရင် စက်ရုံကတည်ဆောက်ပြီးလို့ လည်ပတ်နိုင်ပြီးလို့ ကော့စတစ်ဆိုဒါလည်းထွက်ပြီ။ ဆားတွေကိုလည်း တော်တော်လေး ပို့ရပြီးပေါ့ဗျာ။ တကယ်လို့ အဲဒီစက်ရုံသာတည် ဆောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မွန်ပြည်နယ်ကထွက်မယ့် ဆားနဲ့မလုံလောက်ဘူး။ အဲဒီတော့ ဧရာဝတီတိုင်းဘက်က ဆားတွေကို သင်္ဘောနဲ့တိုက်လာပြီး ဒုံသမိချောင်းကနေတစ်ဆင့် စက်ရုံကိုပို့ဆောင်ကြပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ စက်ရုံလည်ပတ်ဖို့ တစ်နှစ်ကို ဆားတန်ချိန် ၅၀၀၀၀ ကျော်လိုအပ်တယ်။ ကျွန်တော်တို့မွန်ပြည်နယ်က ဆားထွက်တာက တန်ချိန် ၄၀၀၀၀ ပတ်ဝန်းကျင်လောက်ပဲ ထုတ်နိုင်တယ်ဆိုတော့ ဒေသစားသုံးမှုလည်း ရှိသေးတယ်။ ပြည်နယ်နဲ့ နီးစပ်တဲ့ဒေသတွေကိုလည်း ပို့ရတယ်။ ပြည်နယ်အတွင်းမှာလည်း အသုံးပြုရသေးတယ်ဆိုတော့ ဘယ်လိုမှမလောက်ဘူး။ အဲဒါကြောင့် စက်ရုံတည်ဆောက်ပြီး လည်ပတ်ဖြစ်ရင်တော့ ဧရာဝတီတိုင်းဘက်က ဆားပါ ကူပေးရမှာပါ။ ဒါပေမဲ့လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ စက်ရုံစီမံကိန်းလည်း ရပ်သွားတယ်လို့သိရတော့ မျှော်လင့်ချက်မရှိတော့သလို ခံစားရတယ်” လို့ ပြောပါတယ်။

“အခု ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာကို တွန်းအားပေးချင်တာကလည်း မွန်ပြည်နယ်အတွင်းမှာ စစ်တောင်းစက္ကူစက်လိုမျိုး စက်ရုံရှိမှ ကျွန်တော်တို့ရဲ့ ဆားဈေးနှုန်း ကမာမှာဗျ။ နိုင်ငံတော်အနေနဲ့ လုပ်ဆောင်မယ်ဆိုရင် နထစသမအ က သူ့ဟာနဲ့သူဖြစ်မယ်။ အကယ်၍များ ကော့စတစ်ဆို ဒါစက်ရုံဖြစ်လာမယ်ဆိုရင် နိုင်ငံတော်အတွက်ရော၊ ကျွန်တော်တို့ ဆားတောင်သူတွေ အတွက်ရော၊ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက်ပါ အားလုံးအဆင်ပြေနိုင်မှာပါ” လို့ ၎င်းဆားတောင်သူက ဆက်လက်ပြောပါတယ်။

ခေတ်ကာလအခြေအနေအရ အခက်အခဲတွေက ပုံစံမျိုးစုံနဲ့ရှိနေပေမဲ့လည်း အများပြည်သူ အကျိုးအလို့ငှာ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်အကောင်အထည် ဖော်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါရစေ။

Most Read

Most Recent