ဘန်ကီမွန်း ခရီးစဉ် နောက်ဆက်တွဲ

ဘန်ကီမွန်း ခရီးစဉ် နောက်ဆက်တွဲ
နစကဥက္ကဋ္ဌနှင့် The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တွေ့ဆုံစဉ်
နစကဥက္ကဋ္ဌနှင့် The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တွေ့ဆုံစဉ်
Published 30 April 2023

ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ၊ လူသိများထင်ရှားသော ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးပညာရှင်များနှင့် ဖွဲ့စည်းထားသည့် The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ တစ်ရက်ကြာခရီး လာရောက်ခဲ့သည်။

ဘန်ကီမွန်းအနေဖြင့် ယင်းခရီးစဉ်နှင့်ပတ်သက်၍ ကြိုတင်သတင်းထုတ်ပြန်ခြင်းမျိုး မရှိသကဲ့လို့ နစကဘက်ကလည်း ကြိုတင်ကြေညာထားသည်မျိုး မရှိခဲ့ပေ။

ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ဘန်ကီမွန်း နေပြည်တော်သို့ ရောက်ရှိနေကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့သည်။

ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းတို့ နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဘန်ကီမွန်းအနေဖြင့် နစက ဥက္ကဋ္ဌအပြင် နစကအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

The Elders အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ လျှပ်တစ်ပြက် နေပြည်တော် ခရီးစဉ်အတွင်း ထူးခြားချက်အနေဖြင့် သမ္မတဟောင်း ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံပြီးနောက် ဘန်ကီမွန်းအနေဖြင့် ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဘာတွေ တိုက်တွန်းခဲ့သလဲ

The Elders အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း အနေဖြင့် ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ လာရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး The Elders အဖွဲ့က ဧပြီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု အဆုံးသတ်ရေးလမ်းကြောင်းကို ရှာဖွေရန် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Elders အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နစက၏ ဖိတ်ကြားချက်အရ ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက် မှုများ အဆုံးသတ်နိုင်ရန်နှင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်သည့် တရားဝင်အစိုးရတစ်ရပ် ထူထောင်ရန် လမ်းကြောင်းရှာဖို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကီမွန်းကဆိုသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံရာတွင် ရေရှည်တည်တံ့သည့် အဖြေတစ်ခု ရရှိရန် NUG အပါအဝင် ဘက်ပေါင်းစုံပါဝင်ရေးက အရေးကြီးကြောင်းကိုလည်း ဘန်ကီမွန်းက ပြောကြားခဲ့သည်ဟုဆိုသည်။

“အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့အတွက် တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို ကျွန်တော် လာခဲ့ပါတယ်” ဟု ဘန်ကီမွန်းကဆိုသည်။

“မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုရရှိဖို့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းကပြောကြားသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်းခဲ့ကြောင်း ဘန်ကီမွန်းကဆိုသည်။

ထို့ပြင် မတရားဖမ်းဆီးထားသော အကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ပါတီအားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုချက်များကိုလည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း ပြောကြားသည်။

မကြာသေးမီက လေကြောင်း တိုက်ခိုက်မှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဘန်ကီမွန်းက ထပ်လောင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လွတ်လပ်ပြီး တရားမျှတမှုရှိသော အချိန်မှသာ ရွေးကောက်ပွဲကို ကျင်းပရန်နှင့် လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အကြမ်းဖက်မှုနှင့် ကွဲလွဲမှုများကို ပိုဖြစ်စေပြီး ရွေးကောက်ပွဲရလဒ်အပေါ် မြန်မာပြည်သူများ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် မပြုနိုင်ကြောင်း မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘန်ကီမွန်းက သတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်မှု အပြည့်အဝ အသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီပေးမှုက မြန်မာနိုင်ငံနှင့် The Elders တို့အကြား ဆက်ဆံရေး၏ အဓိကအချက်လည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ နိုင်ငံတကာက စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ အရင်းအမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ကတိကဝတ်တွေမှာ စည်းလုံးညီညွတ်ပြီး သန္နိဋ္ဌာန်ချဖို့ လိုပါတယ်။ စိတ်ရှည်သည်းခံစိတ်နဲ့ လက်ရှိအကျပ်အတည်းကနေ ရှေ့ကို လမ်းစရှာနိုင်မယ်လို့ ယုံကြည်ပါတယ်” ​​ဟု ဘန်ကီမွန်းက ပြောကြားသည်။

နစက ထုတ်ပြန်ချက်

The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ The Elders အဖွဲ့၏ ထုတ်ပြန်ချက်အပေါ် နစကဘက်က အသိပေးချက်ဆိုပြီး ဧပြီ ၂၈ ရက်တွင် ပြန်လည်ထုတ်ပြန်ခဲ့သည်။

The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းအနေဖြင့် ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယင်းခရီးစဉ်အတွင်း နေပြည်တော်၌ နစကဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း နစက,က ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာဘက်မှ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဆွေးနွေးချက်များမှာ အပြုသဘောဆောင်ခဲ့ပြီး ဘန်ကီမွန်းအနေဖြင့် တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြား ချက်များကြောင့် မြန်မာနိုင်ငံအရေး ရှုပ်ထွေးကို ပိုမိုနားလည်သဘော ပေါက်လာကြောင်း နစက,က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံတို့နှင့် ပိုမိုထိတွေ့ ဆက်ဆံရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့်သာမက The Elders အနေဖြင့်ပါ အကောင်းဆုံး ကြိုးပမ်းကူညီသွားမည်ဟု ပြောကြားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် တတိယလှိုင်းအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ COVAX အစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး ရရှိခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ရာ ဘန်ကီ မွန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲနှင့် မကြာမီ တွေ့ဆုံသည့်အခါ ယင်းကိစ္စကို ထည့်သွင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း နစက,က ထုတ်ပြန်သည်။

ထို့နောက် The Elders အဖွဲ့က ဧပြီ ၂၅ ရက်တွင် ၎င်း၏အင်တာနက်စာမျက်နှာ၌ သတင်းဖော်ပြခဲ့ရာ ပါဝင်သောအချက်များမှာ ဆွေးနွေးချက်များနှင့် ကွဲလွဲပြီး လိုရာဆွဲ ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း နစကဘက်က ထုတ်ပြန်သည်။

The Elders အဖွဲ့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေး ရှုမြင်ရာတွင် အခြေခံအကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရန်နှင့် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများကို ဘက်မျှအောင် သုံးသပ်ကြည့်ရှုရန် လိုအပ်သည်ဟုလည်း နစက,ကဆိုသည်။

ထို့ပြင် ပကတိအခြေအနေ မှန်မှ ကင်းကွာသည့် တစ်ဖက်သတ် အကြံပြုတိုက်တွန်းချက်များအစား မြန်မာနိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမည့် မှန်ကန်သော အဆိုပြု တိုက်တွန်းချက်များ၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ ပြုလုပ်ရန်လိုအပ်ကြောင်း နစက,က တုံ့ပြန်ခဲ့သည်။ 

နောက်ဆက်တွဲ

မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာက ဝေဖန်မှုများ မြင့်တက်နေချိန်တွင် The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ် ရုတ်တရက်ပေါ်ပေါက်လာခြင်းသည် ထူးခြားမှုဖြစ်စဉ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်မှုများရှိခဲ့သည်။

နစကအနေဖြင့် ၎င်းတို့၏ အသံကို ဘန်ကီမွန်းမှတစ်ဆင့် နိုင်ငံတကာသို့ ရောက်ရှိစေရန် ရည်ရွယ်ခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း နိုင်ငံတကာမီဒီယာများက သုံးသပ်ခဲ့ကြသည်။

သို့သော် ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အပြီး နစကနှင့် The Elders အဖွဲ့ထုတ်ပြန်ချက်များတွင် ကွဲလွဲမှုများရှိခဲ့ပြီးနောက် နှစ်ဖက်ထုတ်ပြန်ချက်ထဲတွင် တင်းမာမှုအချို့ကိုတွေ့ရပြီး အပြန်အလှန် တိုက်တွန်းချက်များကိုလည်း တွေ့ရှိရသည်။

အဓိကအားဖြင့် The Elders အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သောအချက်များမှာ ဆွေးနွေးချက်များနှင့် ကွဲလွဲပြီး လိုရာဆွဲ ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း နစကဘက်က ထောက်ပြခဲ့သည်။

ထို့ပြင် The Elders အဖွဲ့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေး ရှုမြင်ရာတွင် အခြေခံအကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရန်နှင့် လက်ရှိ ဖြစ်ပေါ်နေသည့် အနေအထားများကို ဘက်မျှအောင် သုံးသပ်ကြည့်ရှုရန် လိုအပ်ကြောင်းကိုလည်း နစကဘက်က တုံ့ပြန်ခဲ့သည်။

ပကတိအခြေအနေမှန်မှ ကင်းကွာသည့် တစ်ဖက်သတ် အကြံပြု တိုက်တွန်းချက်များအစား မြန်မာနိုင်ငံအတွက် အမှန်တကယ် အကျိုး ရှိမည့် မှန်ကန်သော အဆိုပြုတိုက် တွန်းချက်များ၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ ပြုလုပ်ရန်လိုအပ်ကြောင်း နစက,က တုံပြန်ခဲ့သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံတွင် The Elders အဖွဲ့ (သို့မဟုတ်) ဘန်ကီမွန်း၏ ခရီးစဉ်များ ထပ်မံမြင် တွေ့နိုင်ဖွယ် ရှိ မရှိနှင့် နစကနှင့် The Elders အဖွဲ့အကြား မည်သို့သော ဆက်ဆံရေး ဆက်လက်ထားရှိမည်ကိုမူ နိုင်ငံရေးလေ့လာသူများက စောင့်ကြည့်နေကြသည်။

အားလုံးပါဝင်သော ဆွေးနွေးရေးလမ်းကြောင်းတစ်ခုကို ဖန်တီးရန် နိုင်ငံတကာက နစကကို တိုက်တွန်းမှုများရှိနေချိန်တွင် ဘန်ကီမွန်း၏ခရီးစဉ် နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံအပေါ် မည်သို့သော အကျိုးသက်ရောက်မှုများရှိမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent