ဆူဒန်တွင် အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုးထားသည့်တိုင် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်

ဆူဒန်တွင် အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုးထားသည့်တိုင် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်
ဧပြီ ၂၈ ရက်က ဆူဒန်၏မြို့တော် ခါတွန်မြို့တစ်နေရာမှ မီးခိုးများတလိပ်လိပ်တက်နေပုံကို တွေ့ရစဉ် (Photo – AFP)
ဧပြီ ၂၈ ရက်က ဆူဒန်၏မြို့တော် ခါတွန်မြို့တစ်နေရာမှ မီးခိုးများတလိပ်လိပ်တက်နေပုံကို တွေ့ရစဉ် (Photo – AFP)
Published 30 April 2023
Ref: AFP

လူရာနှင့်ချီ သေဆုံးကာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည့် သီတင်းနှစ်ပတ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားမှုများကို အရှိန်ရပ်တန့်ရန် ရည်ရွယ်သော အပစ်အခတ် ရပ်စဲမှုကို သက်တမ်းတိုးရန် ဆူဒန်၏ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးအကြား သဘောတူညီထားသော်လည်း ဧပြီ ၂၉ ရက်က ဆူဒန်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

မြို့တော်ခါတွန်တွင် စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လေယာဉ်ပစ်လက်နက်များဖြင့် သဲသဲမဲမဲ တုံ့ပြန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကာ စစ်ပြုနေသည့် ပြိုင်ဘက် ဗိုလ်ချုပ်ကြီးနှစ်ဦးကမူ ယင်းအခြေအနေနှင့်ပတ်သက်၍ အပြန်အလှန်အပြစ်ဖို့ခဲ့သည်။

လတ်တလော တိုက်ပွဲများကြောင့် မြို့တော် ခါတွန်၏ ကောင်းကင်ယံတွင် အနက်ရောင် မီးခိုးလုံးများဖြင့် ဖုံးလွှမ်းနေပြီး စစ်ဒဏ်သင့် ဒါဖာဒေသတွင် ပြင်းထန်သော မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂကဆိုသည်။

တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့စစ်တပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပစ်ခတ်ခံခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ထိုအခြေအနေသည် ၎င်းတို့နိုင်ငံသားများအား ကယ်ထုတ်မှုများကို အပြီးသတ်ရန် အပူတပြင်း လုပ်ဆောင်နေရသည့် ပြည်ပအစိုးရများအတွက် စိုးရိမ်စရာ အခြေအနေကို မီးမောင်းထိုးပြနေသည်။

ဆူဒန်နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက်များကို လမ်းလွဲစေခဲ့သည့် သွေးထွက်သံယိုများသော အာဏာလွန်ဆွဲ အားပြိုင်မှုအဖြစ် ဧပြီ ၁၅ ရက်မှစတင်ကာ ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ် ဖာတာအယ်-ဘာဟန် ဦး ဆောင်သော ဆူဒန်စစ်တပ်နှင့် ဘာဟန်၏ လက်ထောက်ဟောင်းနှင့် အာဏာသိမ်းမှုတွင်အတူပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလို ဦးဆောင်သည့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ Rapid Support Force (RSF) တို့အကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်။

ဆူဒန်စစ်တပ်၏ စစ်လေယာဉ်များသည် မြို့တော်ခါတွန်ရှိ လူကျပ်ညပ်သောဒေသများရှိ RSF တပ်များ တပ်စွဲထားသောနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကာ RSF တပ်များကလည်း စက်သေနတ်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အကြိမ်ကြိမ် ပျက်ပြယ်ခဲ့သည့် အပစ်ရပ်စဲမှုကို သုံးရက်ထပ်မံသက်တမ်းတိုးရန် ရန်ဘက် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးအကြား ဧပြီ ၂၇ ရက်က သဘောတူညီခဲ့သည်။ ပိုမိုသက်တမ်း ကြာရှည်သည့် အပစ်ရပ်စဲရေး သဘောတူညီမှု ရရှိရန်ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂတို့က ကြားဝင်စေ့စပ်ပေးခဲ့ပြီးနောက်တွင် ယင်းသဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ခါတွန်မြို့ရှိ ဆူဒန်စစ်တပ်၏ ကွပ်ကဲရေးဌာနချုပ်အနီးတွင် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် လေယာဉ်ပစ် စက်သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း မျက်မြင်ကြုံတွေ့သူများက AFP သတင်းဌာနသို့ပြောကြားခဲ့သည်။ ခါတွန်မြို့ဒေသခံများသည် ၎င်းတို့နေအိမ်များတွင်သာ ပုန်းခိုနေရပြီး ၎င်းတို့လက်ဝယ်ရှိ စားနပ်ရိက္ခာများသည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် နည်းပါးနေပြီဖြစ်သည်။

RSF လက်နက်ကိုင်တပ်၏ အကြီးအကဲဖြစ်သူ ဒါဂလိုက စစ်တပ်အကြီးအကဲဖြစ်သူ ဘာဟန်သည် ယုံကြည်ထိုက်သူမဟုတ်ဘဲ သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့ပြီး ယခုစစ်ပွဲသည် ဆူဒန်နိုင်ငံကို ပျက်စီးစေသည်ဟု BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်နေမှုကို အမြတ်ထုတ်ရန်အတွက် ချဒ်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံနှင့် နိုင်ဂျာနိုင်ငံတို့မှ ကြေးစားစစ်သားများသည် နယ်စပ်မှတစ်ဆင့် တဖွဲဖွဲဝင်ရောက်လျက်ရှိကြောင်း အမေရိကန်အခြေစိုက် AI-Hurra ရုပ်သံနှင့် အင်တာဗျူးတွင် ဆူဒန်စစ်တပ်ခေါင်းဆောင် ဘာဟန်က ပြောကြားခဲ့သည်။

Most Read

Most Recent