အပူလှိုင်းများအောက်မှ အာရှနိုင်ငံများ

အပူလှိုင်းများအောက်မှ အာရှနိုင်ငံများ
Published 25 April 2023
TRANSLATED- ရာဇ

ဒေသတွင်း အပူချိန်များ စံချိန်တင် မြင့်မားနေမှုနှင့်အတူ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင် နေထိုင်သူများသည် ခြစ်ခြစ်တောက်ပူပြင်းနေသည့် နေရောင်ခြည်ဒဏ်မှ အကာအကွယ်ရရှိနိုင်မည့် အရိပ်ရ သည့် မည်သည့်နေရာတွင်မဆို ခိုလှုံရင်း အေးမြသည့်မိုးများ ရွာသွန်းရန် ဆုတောင်းနေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန်နှင့် ရင်ဆိုင်ခဲ့ရပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင်လည်း အပူလျှပ်ပြီး သေဆုံးသူများရှိခဲ့သည်။

“တစ်နှစ်ပြီးတစ်နှစ် ပိုပြီးပူလာပါတတယ်” ဟု ဘန်ကောက်မြို့တော်၏ လုမ္ဗနီဥယျာဉ်အနီးတွင် နေရောင်ခြည်ဒဏ်ကို ထီးဆောင်းပြီး ကာကွယ်ထားသည့် မီကာကိုနီကို အမည်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုသည် ယခင်ကတည်းက ကောင်းမွန်ခြင်းမရှိခဲ့သည့် ရာသီဥတုကို ပိုမိုဆိုးရွားစေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့ကလည်း ကမ္ဘာကြီးပူနွေးလာမှုတိုးလာတိုင်း ပိုမိုဆိုးရွားပြင်းထန်သည့် ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလာနိုင်ပြီး ယင်းဘေးအန္တရာယ်များသည်တစ်ချိန်တည်းမှာပင် အများအပြားဖြစ်ပွားလာစေနိုင်သည်ဟု မကြာသေးမီက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

နီကိုကမူ သူသည် ဘန်ကောက်တွင် နေထိုင်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ယခုနှစ်သည် အပူဆုံးဖြစ်ကြောင်းနှင့် သူသည် တတ်နိုင်သမျှ အမိုးအကာအောက် သို့မဟုတ် အရိပ်ရသည့်နေရာများတွင်သာနေထိုင်နေရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ တာ့ခ်ပြည်နယ်တွင် ဧပြီ ၁၅ ရက်က အပူချိန် ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်စ်အထိရှိခဲ့သည်ဟု ထိုင်း မိုးလေဝသဌာနက ပြောကြားခဲ့ပြီး လာမည့် သီတင်းပတ်တွင်လည်း ရာသီဥတုအခြေအနေသည် ဆက်လက်ပူပြင်းဖွယ်ရှိနေသည်ဟု သတိပေးခဲ့သည်။

“လူတွေရဲ့ လုပ်ရပ်တွေကြောင့် ဒီနှစ်ထဲအပူချိန်တွေ ဆိုးရွားပြင်းထန်လာတာလည်း ဖြစ်နိုင်ပါတယ်” ဟု မိုးလေဝသဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် သာနာဆစ်လာမနာချိုင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မိုးရာသီမတိုင်မီ ပူပြင်းသည့်ရာသီဥတုကို ကြုံတွေ့ရလေ့ရှိသော်လည်း ယခုနှစ်၏ အပူချိန်သည် ပိုမိုဆိုးရွားပြင်းထန်နေသည်။

“ ထိုင်း၊ တရုတ်နဲ့ တောင်အာရှမှာ ဒီနှစ်အပူချိန်က ရာသီဥတုရဲ့ အလားအလာကို ရှင်းရှင်းလင်းလင်းပြသနေပြီး နောက်လာမယ့် နှစ်တွေမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်စေပါလိမ့်မယ်”ဟု ဒေသတွင်း ရာသီဥတုဆိုင်ရာ မူဝါဒချမှတ်ရေး အင်စတီကျု ဖြစ်သည့် Climate Analytics မှ သိပ္ပံပညာရှင် ဖာဟက် ဆာအိဒ်က ပြောကြားခဲ့သည်။

အပူချိန်များ မြင့်တက်လာခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၏ ရလဒ်ဖြစ်ပြီး ချို့တဲ့အားနည်းသော လူဦးရေအပေါ် သက်ရောက်မှုသည် ပိုမိုဆိုးရွားနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်တဲ့အပူဒဏ် က ဆင်းရဲနွမ်းပါးသူတွေကို အပြင်းထန်ဆုံး ထိခိုက်ပါလိမ့်မယ်”ဟု ပါကစ္စတန်အခြေစိုက် ဆာအိဒ်က ပြောကြားခဲ့သည်။

“အေးတဲ့နေရာ ဒါမှမဟုတ် လုံလောက်တဲ့ အမိုးအကာမရှိသူတွေအတွက် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုသက်အောင်ကလည်း အပူချိန်သည် ပြီးခဲ့သည့်နှစ်များထက် ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။

“နေ့ခင်းဘက်တွေဆို ပူလွန်းလို့ ကား တောင်မဆွဲနိုင်ဘူး”ဟု အသက် ၄၂ နှစ် အရွယ် ကိုသက်အောင်က ပြောကြားခဲ့သည်။

 

မိုးရွာရန် ဆုတောင်းနေကြသူများ

အပူချိန် ၄၀.၆ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့ ပြီး ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်း အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ပြီးခဲ့သည့်သီတင်းပတ် အတွင်းလူပေါင်းရာချီစုရုံးကာ မိုးရွာရန် ဆု တောင်းခဲ့ကြသည်။

“သူတို့တွေက မိုးရွာဖို့ ဆုတောင်းခဲ့သလို အပူချိန်တွေ လျော့ကျဖို့နဲ့ အပူလှိုင်းဒဏ်က အကာအကွယ်ပေးဖို့လည်း ဆုတောင်းခဲ့ကြပါတယ်”ဟု ဒေသခံရဲအရာရှိတစ်ဦးဖြစ်သည့် အဘူခါလမ် အာဇက်က အေအက်ဖ်ပီသတင်း ဌာနကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို သိသိသာသာခံစားရပြီး ရေကြီးရေလျှံမှုများနှင့် အမြဲတစေ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုတို့ကို ကြုံတွေ့နေရသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် ဧပြီ ၁၆ ရက်က ကျင်းပသည့် ဆုပေးပွဲ၌ အပူလျှပ်ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ပုံမှန်အပူချိန်ထက် အကြမ်းဖျင်းအားဖြင့် သုံးဒီဂရီမှ လေးဒီဂရီစင်တီဂရိတ်အထိ ရှိသည်ဟု မိုးလေဝသအာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအနောက်မြောက်ပိုင်း ဂူဝါဟတီ မြို့မှအိမ်ရှင်မ တစ်ဦးဖြစ်သူ အာမီလာ ဒက်စ်က သူ့မိသားစုသည် ဆိုးရွားသည့် ရာသီဥတု အခြေအနေများကို ခံစားနေရကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ ဒီလို အပူချိန်မျိုးနဲ့ တစ်ခါမှ မကြုံခဲ့ဖူးပါဘူး”ဟု အသက် ၄၂ နှစ်အရွယ် အာမီလာက ပြောကြားခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေနှင့် သူ့ကလေးများကိုလည်း ကျောင်းသို့မပို့ဘဲ အိမ်မှာသာ ထားသည်ဟု ဆိုသည်။

“ပုံမှန်ဆိုရင်တော့ မတ်လလယ်လောက်က စပြီး ဒီဒေသမှာ မိုးရွာပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ မိုးမရွာသေးပါဘူး။ ဒါတော်တော် ဆိုးပါတယ်”ဟု ၎င်းကဆိုသည်။

စျေးဆိုင်များသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် အလုပ်ကို လုပ်ကိုင်နေသည့် အလုပ်ကြမ်းသမားဖြစ်သူ ဆူမူ ဘီဇဘာရူအာကလည်း အပူသည် အလွန်ပြင်းထန်သည်ဟု ဆိုသည်။

“တစ်နေရာနဲ့ တစ်နေရာကို ပစ္စည်းတွေပို့ရတာ ပိုပြီးပင်ပန်းခက်ခဲလာပါတယ်။ ဒီလို ရာသီဥတုမျိုးကို အရင်က တစ်ခါမှ မကြုံဖူးပါဘူး” ဟု ၎င်းက ဆိုသည်။

 

ရာသီဥတုနှင့် ကျင့်သားရအောင် နေထိုင်ခြင်း

ဗဟိုအာရှနှင့် တောင်အာရှဒေသ အများစုတွင် စိုစွတ်သောရာသီမရောက်မီ ခြောက်သွေ့ရာသီကုန်ဆုံးချိန်တွင် အပူချိန်လွန်ကဲခြင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း မဲလ်ဘုန်း တက္ကသိုလ်မှ ဘူမိဗေဒ၊ ကမ္ဘာမြေနှင့် လေထုသိပ္ပံဌာနမှ ဂုဏ်ထူး ဆောင် ပါမောက္ခ ဒေးဗစ်ကာရိုလီက ပြောကြားခဲ့သည်။

သို့သော်လည်း ဤအပူလှိုင်းများ၏ သဘာဝလွန်ကဲမှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒီလို အပူလှိုင်းတွေကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အကြီးအကျယ် ထိခိုက်စေပါတယ်။ လူတွေဟာ လေအေးပေးစက် ဒါမှမဟုတ် အမိုးအကာတွေ မရရှိတဲ့အခါ ဒီပြင်းထန်တဲ့ အပူချိန်ကို ကြုံတွေ့ရချိန်မှာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်”ဟု သြစတြေးလျ ရာသီဥတုကောင်စီ၏ ကောင်စီဝင်လည်းဖြစ်သည့် ပါမောက္ခကာရိုလီက ပြောကြားခဲ့သည်။

သဘာဝဂေဟစနစ်များသည် လွန်ကဲသောအပူချိန်ကြောင့် ဖိအားများအောက်တွင်ရှိနေပြီး အပူချိန်  လျော့ပါးသက်သာစေမည့် မိုးရာသီ မရောက်မီအချိန်အထိ အချို့သော တိရစ္ဆာန်များသည် ရုန်းကန်နေရ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူသားများအနေဖြင့် အရိပ်ရပြီး လေအေးပေးစက်ရှိသည့် နေရာများတွင် နေရန်နှင့် အပူချိန်အမြင့်ဆုံးဖြစ်သည့် နေ့လယ်ခင်းတွင် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ကာရိုလီက တိုက်တွန်းခဲ့သည်။

ထို့ပြင် သန့်ရှင်းလတ်ဆတ်သည့် ရေကိုအများအပြားသောက်သုံးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

စိုက်ပျိုးရေးနဲ့ ပတ်သက်ရင် အထူးသဖြင့် တိရစ္ဆာန်တွေအတွက် အပူချိန်အမြင့်ဆုံး နေ့လယ်ပိုင်းတွေမှာအမိုးအကာတွေအောက်မှာထားဖို့နဲ့ ဆိုးရွားတဲ့ရာသီဥတု ဒဏ်ကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပါမောက္ခ ကာရိုလီက ပြောကြားခဲ့သည်။

စိုက်ခင်းအလုပ်သမားများသည်လည်း အပူချိန်အမြင့်ဆုံးနေ့ခင်းဘက်တွင် အပြင်ဘက်တွင် အလုပ်လုပ်ခြင်းကို လျှော့ချရန်နှင့် အပူချိန်လျှော့နည်းသည့်   နံနက်စောစော၊ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် အလုပ် လုပ်သင့်သည်ဟု ၎င်းက ဆိုသည်။

“ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဦးဆောင်ပြီး ရာသီဥတုပြောင်းလဲမှုကို လုပ်ဆောင်ဖို့ အရေးကြီးပါတယ်”ဟု ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းကို ကိုးကား၍ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အပိုဘဏ္ဍာရေး အထောက်အပံ့များ ပေးသင့်သော်လည်း ယခုအချိန်အထိ လုပ်ဆောင်ခြင်းမရှိသေးဟု ပါမောက္ခ ကာရိုလီက ပြောသည်။

ငွေကြေးထောက်ပံ့မှုသည် လျှပ်စစ်ဓာတ်အားနှင့် သယ်ယူပို့ဆောင်ရေးတွင် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျှော့ချခြင်းဖြင့် ကာဗွန်ကင်းစင်သည့်စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရေးကို တွန်းအားပေး ကူညီရာရောက်သင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို အပြည့်အဝမဖြေရှင်းနိုင်မချင်း ဒီပြင်းထန်တဲ့အပူချိန်တွေကို မကြာခဏ ကြုံတွေ့ခံစားရမယ့် အာရှက ဒေသတွေများသထက်များ လာပါလိမ့်မယ်”ဟု ပါမောက္ခ ကာရိုလီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent