ဆူဒန်၏ပြိုင်ဘက် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦး၏ တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများသည် အာဖရိက အရှေ့မြောက်ပိုင်းနိုင်ငံဖြစ်သည့် ဆူဒန်ကိုသာမက မူလကတည်းကပင် တည်ငြိမ်မှုမရှိသည့် ဒေသတွင်းအပေါ် ဂယက်ရိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေဖွယ်ရှိသည်။
ဆူဒန်စစ်တပ်အကြီးအကဲ အက်ဘ်ဒယ် ဖာတာ အယ်-ဘာဟန်ကို သစ္စာခံသည့် တပ်များနှင့် ၎င်း၏လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန်ဒါဂလို၏ အင်အားကြီးသော အကူလက်နက်ကိုင်တပ် (Rapid Support Forces - RSF) တို့အကြား ဧပြီ ၁၅ ရက်မှစတင်ကာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
မြို့တော်ခါတွန်နှင့် အခြားနေရာ ဒေသများတွင် အကြမ်းဖက်မှုများ လျင်လျင်မြန်မြန် မြင့်တက်လာခဲ့ပြီး ခါတွန်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လမ်းမများထက်တွင် တင့်ကားတိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
အာဖရိက၏ တတိယအကြီးဆုံးဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အရွယ်အစားထက် သုံးဆခန့်ရှိသော ဆူဒန်နိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် လူရာနှင့်ချီ သေဆုံးကာ ထောင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။
ယင်းစစ်ရေးပဋိပက္ခတွင် ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် ပြည်ပလက်နက်ကိုင် အုပ်စုများလည်း ပါဝင်ပတ်သက်လာနိုင်ပြီး ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသုံး သပ်သူများက ဆိုသည်။
ဒုက္ခသည်များ
ဆူဒန်ပြည်သူ တစ်သောင်းမှ နှစ်သောင်းကြားသည် တိုက်ပွဲများကြောင့် ဆူဒန်၏အနောက်ဘက် အိမ်နီးချင်း ချဒ်နိုင်ငံဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကလည်း ချဒ်နိုင်ငံ အရှေ့ပိုင်းတွင် ဆူဒန်ဒုက္ခသည် လေးသိန်းကို လက်ခံထားရပြီးဖြစ်ရာ ဒုက္ခသည်များ ထပ်မံရောက်ရှိလာခြင်းသည် ၀န်နှင့်အားမမျှသော ချဒ်နိုင်ငံ၏ အများပြည်သူ ကျန်းမာရေးစောင့် ရှောက်မှုစနစ်နှင့် လူအင်အားရင်းမြစ်များ အပေါ် ပိုမိုဖိအားတိုးစေခဲ့သည်။
ဆူဒန်သည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ အနက်မှ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံကျော်သည် ကြီးထွားလာသော ဆာလောင်ငတ်မွတ်မှုအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။
“မြေစာပင်ဖြစ်ခဲ့ရတဲ့ သန်းနဲ့ချီတဲ့ အရပ်သားတွေဟာ နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားမှာ ပိတ်မိနေပြီး မရှိမဖြစ် လိုအပ်တဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေ လျင်လျင်မြန်မြန် ပြတ်လပ်လာခဲ့တယ်” ဟု နိုင်ငံ တကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (International Crisis Group-ICG)က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS)မှ ကင်မရွန်း ဟက်ဒ်ဆန်က ထိရောက်သော ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာသည်နှင့် အရပ်သားများ အစုလိုက်အပြုံလိုက် ထွက်ခွာလာမည်ဟု လုံးလုံးလျားလျား မျှော်လင့်ထားကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော် ၀င်ရောက်ရန် ကြိုးပမ်းသူသန်းနှင့်ချီရှိမည်ဟု ခန့်မှန်းထားကြောင်းလည်း ၎င်းက ဆိုသည်။
တိုက်ပွဲများ ပျံ့နှံ့ဖြစ်ပွားနေ
တိုက်ပွဲဖြစ်ပွားမှုများသည် လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး မြို့တော်ခါတွန်နှင့် ၎င်း၏အမြွှာမြို့ဖြစ်သော အွမ်ဒါမန်အပြင် ဒါဖာဒေသအပါအ၀င် အခြားဒေသများသို့လည်း ကူးစက်သွားခဲ့သည်။
“တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဆူဒန်ရဲ့ မတည်ငြိမ်တဲ့ အစွန်အဖျားဒေသတွေက နေအိမ်နီးချင်းနိုင်ငံတွေအထိပါ ကူးစက်ပျံ့နှံ့ သွားနိုင်တဲ့ ကာလရှည်စစ်ပွဲတစ်ခုအဖြစ် လျင်လျင်မြန်မြန် ရောက်ရှိသွားနိုင်တယ်” ဟှုဃွ က ဆိုသည်။
တိုက်ပွဲများသည် ပြည်သူများ နှစ်အတန်ကြာ စိုးရိမ်နေခဲ့သည့် လုံးလုံးလျားလျား ပြည်တွင်းစစ်ထဲသို့ ဆူဒန်နိုင်ငံကို တွန်းပို့လိုက်သည်ဟုလည်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။
အထူးသဖြင့် ကြီးမားကျယ်ပြန့်သော ဒေသ၏ နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အကြမ်းဖက်မှု အန္တရာယ်သည် ကြီးမားသော စိုးရိမ်စရာတစ်ခုဖြစ်သည်ဟု CSIS မှ ဟက်ဒ်ဆန်က သုံးသပ်သည်။ ဆူ ဒန်၏အိမ်နီးချင်းနိုင်ငံ အများအပြားသည်လည်း ၎င်းတို့၏ ပြည်တွင်းပဋိပက္ခများနှင့် နှစ်ပေါင်းများစွာ ကိုယ်စီရုန်းကန် နေကြရသည်။
“အဓိကစိန်ခေါ်မှုကတော့ ဒီပဋိပက္ခဟာ ချဒ်၊ ဗဟိုအာဖရိက၊ တောင်ဆူဒန်နဲ့ အီသီယိုပီးယားတို့နဲ့ ထိစပ်နေတဲ့ ဆူဒန်ရဲ့နေရာ အနှံ့ကို ကူးစက်ပျံ့နှံ့လာတာပဲဖြစ်တယ်” ဟု ဟက်ဒ်ဆန်က ဆိုသည်။
ပြည်တွင်းစစ်
ပဋိပက္ခ ဆက်လက်ကြာမြင့်နေမည်ဆိုလျှင် ကွဲလွဲမှုများ အကြီးအကျယ်ဖြစ်ပေါ်နေသည့် ဆူဒန်ပြည်သူများအကြား လက်နက်စွဲကိုင်သူ ပိုများလာနိုင်သည်ဟု ဗြိတိန်အကဲ ခတ်တစ်ဦးဖြစ်သူ အဲလက်စ်ဒ၀ါးလ်က AFP သို့ ပြောကြားခဲ့သည်။
“ဒီပဋိပက္ခမှာ အခရာကျသူနှစ်ယောက် ရှိပါတယ်။ ပဋိပက္ခ သက်ဆိုးရှည်နေမယ်ဆိုရင် အခြေအနေက တစ်မုဟုတ်ချင်း ပိုမိုရှုပ်ထွေးလာနိုင်တယ်” ဟုလည်း ၎င်းက သုံးသပ်သည်။
နှစ်ဖက်စလုံးသည် မတူကွဲပြားသည့် အုပ်စုများနှင့် မဟာမိတ်ဖွဲ့ထားသည့်အတွက် လူမျိုးရေး အကြောင်းတရားကြောင့် ဘက်ပြောင်းမဟာမိတ်ဖွဲ့မှုများ ရှိလာနိုင်သည်ဟုလည်း ၎င်းက အလေးအနက် ပြောဆိုခဲ့သည်။
ပြည်ပနိုင်ငံများ၊ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ပြည်သူ့စစ်အဖွဲ့များနှင့် နိုင်ငံအဆင့်မဟုတ်သည့် အခြားအဖွဲ့အစည်းများက ကြားဝင်စွက်ဖက်လာနိုင်ကြောင်း နယူးယောက်အခြေစိုက် အကြံပေးပညာရှင် အဖွဲ့ဖြစ်သည့် Soufan Center က သတိပေးခဲ့သည်။
“သက်ဆိုင်ရာတပ်မှူးတွေက သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်မယ်ဆိုရင် အကြမ်းဖက်မှု အခြေအနေတွေ သက်ဆိုးပိုရှည်လာနိုင်တယ်”ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။
ဒေသတွင်းအင်အားကြီးနိုင်ငံများ
ဒေသတွင်းရှိ အခြားနိုင်ငံအားလုံးက အကြမ်းဖက်မှုများ ရပ်တန့်ရန် တရားဝင်တိုက်တွန်းထားသော်လည်း အီဂျစ်က ဆူဒန်စစ်တပ်ခေါင်းဆောင် ဘာဟန်ကို ထောက်ခံပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူ အေအီး)ကမူ ဟာမတီဟုလည်း လူသိများသော ဒါဂလိုကို ကျောထောက်နောက်ခံ ပြုပေးထားသည်ကို ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။
ဆူဒန်၏ ရန်ဘက်စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးသည် အိမ်နီးချင်းနိုင်ငံများထံမှ စစ်လက်နက်နှင့် တပ်ကူများရရှိနိုင်ရန် ကြိုးပမ်းနေသည်ဟု CSIS မှ ဟက်ဒ်ဆန်က ဆိုသည်။
ရုရှား၏ ၀က်ဂ်နာကြေးစားစစ်သား အုပ်စုသည်လည်း ဆူဒန်တွင် တည်ရှိနေသည့်တိုင် ၎င်းတို့၏အဓိက ရည်ရွယ်ချက်မှာ ဆူဒန်၏ရွှေတွင်းများမှ ကိုယ်ကျိုးရှာရန်ပင် ဖြစ်သည်။
ဆူဒန်၏ လတ်တလော တိုက်ပွဲများကြောင့် ၎င်းတို့ကို ငွေကြေးနှင့် လက်နက်ထောက်ပံ့မည့်နိုင်ငံများ၊ ၎င်းတို့၏ကိုယ်ပိုင်စစ်တပ်များ သို့မဟုတ် လက်ဝေခံတပ်များကိုပင် စေလွှတ်ပေးမည့် နိုင်ငံများလည်း ပါ ၀င်လာနိုင်သည်ဟု အကဲခတ်တစ်ဦးဖြစ်သူ အဲလက်စ်ဒ၀ါးလ်က သတိပေးခဲ့သည်။
လစ်ဗျား၊ ဗဟိုအာဖရိက၊ ချဒ်၊ အီသီယို ပီးယားနှင့် အီရီထရီးယားတို့သည် ထိုပဋိပက္ခတွင် နိုင်ငံရေး သို့မဟုတ် စစ်ရေးအခန်းကဏ္ဍမှပင် ပါဝင်လာဖွယ်ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
နောက်ပိုင်းတွင်မူ ယင်းနိုင်ငံများကပင် ပဋိပက္ခပြေလည်စေရေးအတွက် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများတွင် ပါဝင်လာလိမ့်မည်ဟု ၎င်းက အလေးအနက် ပြောဆိုခဲ့သည်။
ကြားဝင်စေ့စပ်ရေး
ဆူဒန်၏မတည်ငြိမ်မှုသည် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအ၀င် တစ်ကမ္ဘာလုံးအတွက် စိုးရိမ်စရာ ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင် အဗ္ဗဒူခါလက် အဗ္ဗဒူလာက သုံးသပ်ခဲ့ပြီး ပင်လယ်နီပေါ်တွင် မဟာဗျူဟာကျကျ တည်ရှိနေသည့် ဆူဒန်၏ ပထ၀ီဝင်အနေအထားကိုလည်း ထောက်ပြခဲ့သည်။ ပဋိပက္ခ သက်ဆိုးရှည်မည်ဆိုလျှင် အားလုံးအတွက် နောက်ဆက်တွဲဆိုးကျိုးများ ရှိလာလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
တင်းမာမှုများ ရုတ်ခြည်းဖြစ်ပေါ်လာပြီး ကတည်းကပင် ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂ၊ ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် Intergovernmental(IGAD)၊ အနောက်နိုင်ငံများနှင့် ပင်လယ် ကွေ့နိုင်ငံများက ဘာဟန်နှင့် ဒါဂလိုတို့ကို ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်သို့ ရောက်လာစေရန် ကြိုးပမ်းနေသော်လည်း ၎င်းကြိုးပမ်းမှု များ အရာမထင်သေးပေ။
၂၀၁၉ ခုနှစ်တွင် ကာလရှည် အာဏာရှင် သမ္မတ အိုမာအယ်-ဘာရှား ဖြုတ်ချခံရ ပြီးနောက်ပိုင်း နိုင်ငံတကာက ၎င်းစစ်ဗိုလ်ချုပ်ကြီးနှစ်ဦးနှင့် သံခင်းတမန်ခင်းဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်းသည် ၎င်းတို့ကို ရဲဆေး တင်ပေးသကဲ့သို့ ဖြစ်နေသည်ဟု ကျွမ်းကျင်သူအချို့က သုံးသပ်သည်။
လက်ရှိတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အင်အားကြီး နိုင်ငံများက အပစ်အခတ်ရပ်စဲရန် တောင်းဆိုနေသည့်တိုင် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်းမရှိသေးဟု ဟက်ဒ်ဆန်က ဆိုသည်။
ဘာဟန်၏စစ်တပ်က အင်အားပိုကြီးသော်လည်း ဒါဂလို၏ RSF တပ်များသည် မြို့ပြပြောက်ကျား စစ်ပွဲကို ကျွမ်းကျင်ပိုင်နိုင်သည့်အတွက် တစ်ဖက်ဖက်မှ စစ်ရေးအရ အလျင်အမြန် အောင်ပွဲခံနိုင်ဖွယ်မရှိသည့် အလျောက် ပဋိပက္ခသက်ဆိုးရှည်နိုင်သည့် အခြေအနေဆီသို့ ဦးတည်နေပုံရသည်။
Ref: AFP










