မြန်မာ့နယ်စပ် သယံဇာတများနဲ့ အပြောင်းအလဲများ

မြန်မာ့နယ်စပ် သယံဇာတများနဲ့ အပြောင်းအလဲများ
Published 24 April 2023
ရဲကျော်စွာ

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါက်ကွဲလာချိန်က စတင်ပြီး ခေတ်အဆက်ဆက် မြန်မာအစိုးရများက ပါလီမန်စနစ်၊ ဆိုရှယ်လစ်စနစ်၊ စျေးကွက်စနစ် အစရှိတဲ့ စနစ်အမျိုးမျိုးကို ခေတ်အလိုက် ပြောင်းလဲသွားခဲ့ပါတယ်။

ပြည်မနှင့် ကမ်းလွန်ကိုသာ

စနစ်တွေသာ အမျိုးမျိုး ပြောင်းလဲသွားခဲ့ပေမဲ့ မြန်မာအစိုးရတိုင်းကတော့ သယံဇာတထိန်းချုပ်ရေးအတွက်ဆိုရင် ပြည်မနဲ့ ကမ်းလွန်ပင်လယ်ပြင် သယံဇာတများအတွက် ထိန်းချုပ်ရေးကိုသာ အဓိကထားခဲ့တာပါ။

ငြိမ်းချမ်းရေးနှင့် အထူးဒေသများ

၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အရှေ့မြောက်ဒေသ ပြိုကွဲပြီးနောက် ခွဲထွက်လာတဲ့ ကိုးကန့်နဲ့ ‘၀’အဖွဲ့အစည်းများက နဝတအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူ ခဲ့ပါတယ်။ နယ်မြေအတွင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်တွေ ရလာခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူလာခဲ့ကြပါတယ်။

နဝတနဲ့ နအဖအစိုးရများ လက်ထက်တစ်လျှောက်လုံးမှာတော့ ငြိမ်းချမ်းရေးရယူလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတိုင်းက သူတို့ရဲ့ အထူးဒေသအသီးသီးမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ သယံဇာတလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်တွေ ရခဲ့ကြပါတယ်။

ဦးသိန်းစိန်ခေတ် ပြုပြင်ပြောင်းလဲရေး

၂၀၁၁ ခုနှစ်က စတင်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးနဲ့အတူ အကန့်အသတ်နဲ့ စတင် တံခါးဖွင့်လာတာတွေကြောင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အ စည်းတွေ (INGOs) က မြန်မာပြည်ကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာခဲ့ကြတယ်။

အမြင်သစ်များ

တံခါးဖွင့်လာတဲ့ အရပ်ဘက် မီဒီယာတွေနဲ့အတူ ပြည်သူ့ရေးရာလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပေါ် ပြောင်းလဲလာတဲ့ အမြင်သစ်တွေက အဖွဲ့အစည်းတွေနဲ့ အင်အားစုတွေထံကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ကြပါတယ်။

တချို့အမြင်သစ်တွေက မူဝါဒရေးရာများကို အဓိကထား ချဉ်းကပ်ခဲ့ပြီး တချို့အမြင်သစ်တွေက နည်းစနစ်ကျွမ်းကျင်မှုရေးရာများကို အဓိကထား ချဉ်းကပ်ခဲ့ကြပါတယ်။

တန်ဖိုးများနှင့် အခြေခံမူများ

နိုင်ငံရဲ့ ပညာတတ်လူတန်း စားတွေ၊ အဖွဲ့အစည်းတွေနဲ့ အင်အားစုတွေအထဲမှာလည်း စီးပွားရေးကြီးထွားမှု (Economic Growth) နဲ့ လတ်တလော အလုပ်အကိုင် အခွင့်အလမ်းများထက် ပိုပြီးအရေးထားသင့်တဲ့၊ ရေရှည်တည်တံ့နိုင်သော ဖွံ့ဖြိုးရေးရည်မှန်းချက်တွေ၊ လူ့အဖွဲ့အစည်းရေးရာတန်ဖိုးတွေနဲ့ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားဆိုင်ရာ အခြေခံမူတွေအပေါ် အရင်ကထက် သိသိသာသာ ပြန်လည်ဆုပ်ကိုင်လာကြတယ်။

တိုင်းရင်းသားအဖွဲ့အစည်းများ၏ ပြောင်းလဲမှု

အဲဒီအမြင်သစ်တွေ ဖြစ်ပေါ် တိုးတက်လာတဲ့နေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေသာမကဘဲ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ပါ ပါဝင်လာကြပါတယ်။

အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

အခုလိုအမြင်သစ်တွေ ဖွံ့ဖြိုး လာအောင် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြတဲ့နေရာမှာ နိုင်ငံတကာနဲ့ ပြည်တွင်း အန်ဂျီအို အစိုးရမဟုတ်သော အဖွဲ့အစည်းများသာမကဘဲ အရပ်ဘက် အဖွဲ့အစည်းတွေ (CSOs)၊ ရပ်ရွာ လူမှုအစုအဝန်း အခြေပြုအဖွဲ့အစည်းတွေ (CBOs)၊ အမှီအခိုကင်းမဲ့တဲ့ ပညာရှင်အင်စတီကျူးရှင်းတွေ (Academic Institutions)ရဲ့ အခန်းကဏ္ဍကိုပါ များစွာထည့်သွင်း အသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။

အမျိုးအစားမတူညီတဲ့ အဖွဲ့အစည်းအသီးသီးက သတိပြုနှိုးဆော်ရေးလုပ်ငန်းတွေ (Awareness Activities)၊ အသိသုတ မျှဝေရေးလုပ်ငန်းတွေ (Knowledge Sharing Activities) နဲ့ အရေးဆိုတိုက်တွန်းရေးလုပ်ငန်းတွေ (Advocacy Activities) ကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတာပါ။

တရုတ်ပြည်မှ အပြောင်းအလဲ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ကမ္ဘာ့စီးပွားရေးထိပ်တန်း မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုခေါင်းဆောင်မှုမှာလည်း မူဝါဒ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

တရုတ်ပြည်အနေနဲ့ နိုင်ငံတော်ပိုင်းမှာရော ပါတီပိုင်းမှာပါ သူ့ရဲ့ အိမ်နီးချင်းများနဲ့ တခြားနိုင်ငံတကာ အချက်အချာဒေသတွေမှာ ကျယ်ပြန့်လှတဲ့ နားတွေ မျက်စိတွေ ဖြန့်ချထားခဲ့တာ ဆယ်စုနှစ်များ ကြာမြင့်နေခဲ့ပါပြီ။

စိမ်းလန်းလမ်းမများနှင့် သန့်ရှင်းလမ်းမများ

တရုတ်ပြည်ရဲ့ ရည်မှန်းချက် ကြီးမားလှတဲ့ “ခါးပတ်များနှင့် လမ်းမများ ရှေ့ဆောင်စီမံကိန်း” (Belts and Roads Initiative – BRI) ရေးရာ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေ အထဲမှာလည်း “စိမ်းလန်းသော လမ်းမများ” (Green Roads) မူဝါဒနဲ့ “သန့်ရှင်းသော လမ်းမများ” (Clean Roads) မူဝါဒတွေနဲ့ လုပ် ငန်းစဉ်တွေကို ထပ်ဆင့် တိုးချဲ့ထည့်သွင်းလာခဲ့ပါတယ်။

တရုတ်ပြည်ရဲ့ စိမ်းလန်းသော လမ်းမများနဲ့ သန့်ရှင်းသောလမ်းမများ လုပ်ငန်းစဉ်တွေဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသာမကဘဲ ရေရှည်ထိန်းဖွံ့ဖြိုးရေးနဲ့ ပိုမိုမျှတသော အကျိုးအမြတ်မျှဝေမှုတွေကိုပါ ထည့်သွင်းလာတာပါ။

တရုတ်မူဝါဒ အပြောင်းအလဲ၏ အကျိုးဆက်

“နဂါးဦးခေါင်းက နည်းနည်းလေးလှည့်လိုက်ရင် နဂါးအမြီးက မိုင်ပေါင်းများစွာ ရွေ့သွားတယ်” ဆိုတဲ့ ရှေးလူတို့ရဲ့ စကားပုံတစ်ခုလိုပါပဲ။ ဘေဂျင်းက မူဝါဒ အပြောင်းအလဲတွေက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေအပေါ် သိသာစွာထင်ဟပ် လာပါတယ်။

မကြာသေးခင်ကလည်း ကချင်ပြည်နယ် မြန်မာ-တရုတ် နယ်စပ် အခြေပြု အဓိကတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကလည်း သူတို့ရဲ့လူမျိုးတူ ဒေသခံတိုင်းရင်းသားတွေရဲ့ တိုက်တွန်းလာတဲ့ နယ်မြေအတွင်း မြေရှားဓာတ်သတ္တု တူးဖော်ထုတ်လုပ်မှု စီမံချက်တစ်ခုကို အပြီးတိုင်ရပ် ဆိုင်းပစ်လိုက်ဖို့ ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သတင်းတွေကို လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ခဲ့ရပါတယ်။

■ “၀” ဒေသ သံဖြူတူး‌ဖော်မှု ရပ်နားခြင်း

‘၀’ ဒေသက သံဖြူသတ္တုတွင်းတွေမှာ သံဖြူထွက်ရှိမှု လျော့ကျလာတာ‌ကြောင့် သံဖြူသတ္တုရိုင်းတွေကို ထိန်းသိမ်းဖို့ လာမယ့်သြဂုတ်လက စတင်လို့ ထုတ်လုပ်မှုတွေကို ရပ်နားထားမယ်လို့ ‘၀’ ဒေသ အုပ်ချုပ်ရေးအဖွဲ့အစည်းက ကြေညာလိုက်ပါတယ် ။

‘၀’ ဒေသက သံဖြူ တူးဖော် ထုတ်လုပ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သံဖြူ တတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်နေတယ်လို့ ဆိုကြပါတယ်။

တကယ်တော့ ‘၀’ ဒေသမှာ တခြားတန်ဖိုးကြီး မြေရှားဓာတ်သတ္တုတွေ (Rare Earth) ကိုလည်း တူးဖော်ထုတ်လုပ်နေတာပါ။

သက်ဆိုင်ရာ ‘၀’ အာဏာပိုင် တွေက ထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကမ္ဘာ့သံဖြူစျေးကွက်မှာ သတ္တုရိုင်းတစ်တန်ချင်း စျေးနှုန်း ၁၁ ရာခိုင်နှုန်းလောက်အထိ တက်သွားခဲ့တယ်လို့ ဧပြီ ၁၇ ရက်က ရိုက်တာသတင်းက ညွှန်းဆိုထားပါတယ်။

‘၀’ ဒေသက ထွက်တဲ့ သံဖြူ အာလုံးနီးပါးကို တရုတ်ပြည်က ဝယ်ယူခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာ တရုတ်ပြည်သို့ မြန်မာကနေ သံဖြူ တင်ပို့မှု တန်ချိန် ငါးသိန်းအထိ စံချိန်တင်ရှိခဲ့ပါ တယ်။ အဲဒီနောက်မှာလည်း တစ်နှစ်ကို သံဖြူတန်ချိန် တစ်သိန်းခွဲကနေ နှစ်သိန်းဝန်းကျင်အထိ တင်ပို့ခဲ့တာပါ။

ကောင်းသော လက္ခဏာများ

ဒီလို သတင်းအချက်အလက်တွေဟာ ကချင်နဲ့ ‘၀’ တိုင်းရင်းသား အဖွဲ့အစည်းတွေကအစ နယ်မြေခံ ပြည်သူတွေရဲ့ ကျန်းမာရေးကနေ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် သယံဇာတရေးရာတွေကို ပိုပြီးအမြင်ကျယ်‌တဲ့ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေ စတင်လာတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အကျိုးစီးပွားနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အလုပ်လုပ်ရတယ်ဆိုတာက လွယ်ကူချောမွေ့ပြီး လူတိုင်းချစ်ကြတဲ့ ပန်းခင်းလမ်းမျိုးမဟုတ်ပါ။ အမုန်းခံရတဲ့ အလုပ်တွေ၊ လူကြိုက်နည်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မကြာခဏ အလုပ်လုပ်ကြရပါတယ်။

Most Read

Most Recent