နွေသည်ပူလွန်း၏။ အပူဒဏ်ကို ခံနိုင် ရည်ရှိအောင်ကြိုးစားရင်း တဖြည်းဖြည်း ခံနိုင်ရည်ဝလာသော လူတစ်ယောက်အတွက် တော့ နွေအပူဒဏ်သည် ဘာမျှမဟုတ်လောက်။ ဘဝကပေးသော လူမှုစီးပွားသောက အပူထက်စာလျှင် မမှုလောက်သည့် အခြေအနေ။ သို့သော် ယခုနှစ် ဧပြီအပူသည် ယခင်နှစ်များ ကြုံခဲ့ရသည်ထက် ပိုသည်။ တစ်ကိုယ်လုံး မီးလောက်မြှိုက်နေသ ကဲ့သို့ပင် ပြင်းထန်သည်ဟု ခံစားရ၏။ လျှပ်စစ်မီးကိုစိတ်မချရသည့် ယခုလိုအချိန်တွင် အဲယားကွန်း၊ ပန်ကာတို့ကို အားကိုး၍ မရ။ နွေလေရူးသည်လည်း စိမ်းကားသယောင် တစ်ချက်မျှ လှည့်၍ပင်မကြည့်သဖြင့် တစ်ကိုယ်စာ အပူဒဏ်လျော့ကျရေး စိတ်နှလုံး သွင်းကာ ပလတ်စတစ်ယပ်တောင်လေးကို သာ တွယ်တွယ်တာတာဖြင့် လက်ကမချ ဖြစ် နေရတော့သည်။
■
သင်္ကြန်အခြေအနေ မည်သို့ရှိနေသ နည်း။ အကဲမခတ်မိ။ သင်္ကြန်ပိတ်ရက် တရွေ့ရွေ့ကုန်ဆုံးသွားသည်ကိုတော့ ပြက္ခဒိန် စာမျက်ပေါ်တွင် အထင်သားမြင်နေရ သည်။ ယခုနှစ် သင်္ကြန်ပိတ်ရက်အတွင်း ယခင်နှစ်ကကဲ့သို့ပင် အကြောင်းအမျိုးမျိုး ဖြင့် တာဝန်ထမ်းဆောင်ရာဒေသမှ မိသားစု ရှိရာ ဒေသသို့ မပြန်ဖြစ်ခဲ့။
သင်္ကြန်ပိတ်ရက်မတိုင်ခင်ကတည်းက စားသောက်စရာများကြိုတင်ဝယ်ပြီး သင်္ကြန် ပိတ်ရက်အတွင်း၌ အိမ်တွင်း ဧကစာကျင့် နေခဲ့၏။
နှစ်ဆန်းတစ်ရက်နေ့ နံနက် ရောက်ခဲ့ ပြီ။ အိမ်သန့်ရှင်းရေး၊ ဘုရားစင်သန့်ရှင်းရေး လုပ်၊ ပြီးလျှင် ရေမိုးချိုးပြီး အိမ်ရှေ့ဘုရား ခန်းသို့ဝင်သည်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့ ကုသိုလ်ပြု သည်။ ဘုရားခန်းမှ ထွက်လာပြီးနောက် အိမ်ရှေ့ခန်းရှိ ကုလားထိုင်ပေါ်ထိုင်၏။ ပြတင်းပေါက်ကို လှမ်းမျှော်ကြည့်တော့ ပြတင်းပေါက်ဘောင်အတွင်း မြင်ကွင်းထဲ၌ အစွန်းထွက်ဝင်နေသည့် အရွက်မဲ့ သစ်ကိုင်း ခြောက်အချို့နှင့် အပြာရောင် လုံးဝဖျော့ တော့နေသော ဖြူဖပ်ဖြူရော် မိုးကောင်းကင် တို့က ဝင်ရောက်လာသည်။ အတွေးများ ပျံ့လွင့်ထွက်သွား၏။ လွန်ခဲ့သော သုံးနှစ်က ယခုကဲ့သို့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံ နက်ခင်းမြင်ကွင်းကို ပြန်လည်မြင်ယောင် မိလာသည်။
ထိုနှစ် နှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း တွင် တာဝန်ထမ်းဆောင်ရာဒေသမှ မိသားစု ရှိရာကို ပြန်ဖို့ရှိသည်။ မပြန်ခင်နံနက်၌ မိမိနေထိုင်ရာ အနီးဝန်းကျင်ရှိ သက်ကြီးရွယ် အို အဘိုးအဘွားများကို ကုသိုလ်ပြု၊ ကန် တော့ရန် အစီအစဉ်လုပ်ထား၏။ ယခင် ကတည်းက သဒ္ဓါပေါက်နေသည့် အသက် ခုနစ်ဆယ်ဝန်းကျင်အရွယ် ကန်တော့ခံ အဘိုးအဘွားငါးဦး။ အိမ်သို့ဖိတ်၍ ငွေသား၊ အသုံးအဆောင်ပစ္စည်းအချို့နှင့် ကန်တော့ ခဲ့သည်။ ကန်တော့ပြီးနောက် ဧည့်ခံစကား ပြောနေချိန် အဘိုးအဘွားအားလုံး၏ မျက် နှာများပေါ်တွင် ပြုံးပြုံးရွှင်ရွှင်ဖြစ်ပေါ်နေ သည့် ကျေနပ်ပီတိများ။ အားတက်သရော ရှိသည့် ဆုပေးစကားသံများ။
ဆုပေးစကားထဲမှ အဘိုးတစ်ဦး၏ဘဝဒဿနအတွေးများပါသည့် အမှတ်တရ စကားအချို့ကို ပြန်လည်အမှတ်ရလာသည်။ ယနေ့တိုင် နှလုံးသားထဲ စွဲမြဲမှတ်မိနေဆဲပါ လား။
“အဘတို့ကပြန်ချိန်နီးပြီကွယ့်။ ဘယ်ကလာလို့ဘယ်ကိုပြန်ရမလဲမသိပေမဲ့ အချိန် တန်တော့ သေချာပေါက် ပြန်ကိုပြန်ကြရမှာ။ ငါ့မြေးတို့နဲ့စာရင် အဘတို့က ပြန်ရဖို့ အရမ်း နီးနေပြီ။ မပြန်ခင် အချိန်မှာတော့ ဘဝတွေ က ကံအကျိုးပေးအတိုင်း အမျိုးမျိုးဖြစ်နေ မှာပဲ။ မွေးတာနဲ ့သေတာ အခြေအနေ နှစ်ခု ကြား လူဖြစ်နေတဲ့ဘဝမှာ ကောင်းတာတွေ လည်းရှိမယ်။ ဆိုးတာတွေလည်းဖြစ်နိုင် တယ်။ အဆင်ပြေနေတဲ့ဘဝတွေ ရှိသလို အခက်အခဲတွေ အများကြီး၊ ဒုက္ခတွေ တစ် သီတစ်သန်းနဲ့ ရုန်းကန်နေကြရတဲ့ ဘဝတွေ လည်း အများကြီး။ ကောင်းကောင်းဆိုးဆိုး ဘယ်လိုပဲဖြစ်ဖြစ်လေ။ သေဆုံးခြင်းမှတ် တိုင်ရောက်ရင်တော့ အားလုံးကိုချန်ထားပြီး သွားရမှာပဲ။ ဒီတော့ အသက်ရှင်နေတုန်း သတိနဲ့နေ။ ကောင်းရင်လည်း သတိနဲ့၊ အဆိုးကြုံလည်း သတိနဲ့၊ နောက်ဆုံး အသက် ရှူရပ်ခါနီးတောင် သတိနဲ့နေဖို့ကြိုးစားရ မှာ။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲလို့ အဘကတော့ ပြောချင်တယ်ကွယ်”
ကန်တော့ခံအဘိုး၏ စကားထဲမှာ ထပ်ခါတလဲလဲကြားခဲ့ရတာ “သတိ” တဲ့။ ကိုယ့်ကိုယ်ကိုယ်ရော “သတိ” ကပ်နိုင်ပါရဲ့ လား။ ငါဆိုတဲ့ရုပ်ခန္ဓာကြီးနဲ့ ငါ့စိတ် အလို ဆန္ဒတွေကြား ဗျာတွေများပြီး ဘယ်လောက် တောင် “သတိ” တွေ လွတ်နေပြီလဲ။ အဘိုး တို့ ပြန်ချိန်နီးသလို တို့တစ်တွေရော ပြန်ချိန် နီးနေပြီလား။ ဝေးသေးလား။ ထိတ်လန့် သလိုလို စိုးရိမ်စိတ်တွေက ခေါင်းထဲတွင် လျှပ်စစ်စီးသလို ဖျတ်ခနဲ ဖျတ်ခနဲ။
■
စကား အချို့ထပ်ပေါ်လာပြန်သည်။
“ဘုရားဟောတာတွေကို မမေ့လျော့ နဲ့။ ၀ိပဿနာအလုပ်ကို အချိန်လေးပေးပြီး လုပ်ကြ။ ငါ့မြေးတို့၊ အဘတို့တွေက သံယော ဇဉ်ကြိုးတွေအမျိုးမျိုးရဲ့ ချည်နှောင်တာတွေ ခံနေရပြီး တဏှာဆိုတာကို ဖြတ်ဖို့မနည်းကို အားထုတ်နေရတာ။ ဒီဘဝမှာတင်ဂိတ်ဆုံးပန်းတိုင်နိဗ္ဗာန်ရောက်နိုင်ဖို့မလွယ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အပါယ်တံခါးပိတ် အောင်တော့ လုပ်ထားမှဖြစ်မယ်ကွ”
သံယောဇဉ်ကြိုးများ မည်မျှရစ်ပတ်ခံ နေရသနည်း။ “နိဗ္ဗာန်”ဟူသည်က ကြား နေကျ။ မည်သို့မည်ပုံချဉ်းကပ်၍ရောက်ရှိအောင်အားထုတ်ရမည်နည်း။ တကယ့်လက် တွေ့၌ မွေးဖွားခြင်းနှင့် သေဆုံးခြင်းမှတ်တိုင် နှစ်ခုကြား ဘဝခရီးတိုတိုလေးမှာပင် သမုဒ္ဒ ရာ ဝမ်းတစ်ထွာအတွက် ကျားကုတ်ကျားခဲ အားထုတ်နေကြရသည့်ဘဝများ၊ အတော မသတ်နိုင်သည့် လိုချင်ရမ္မက်ဖြင့် ပြည့်စုံပြီး ရင်း ပိုမိုပြည်စုံစေရန်၊ <ကယ်ဝပြီးရင်း ပိုမို<ကယ်ဝစေရန် လှုပ်ရှားအားထုတ်နေကြ သည့် ဘဝများ။ ထိုသို့ရုန်းကန်လှုပ်ရှား၊ အား ထုတ်နေရင်း “မသိမှုများ” ၊”စွဲလမ်းမှု” များ နှင့် ကိလေသာ နွံထဲ၌ကျွံဝင်နေခဲ့ကြပြီ။ တဏှာ ကြိုး အမျှင်အတန်းတို့၏ ရစ်ပတ်ခြင်းနှောင် ဖွဲ့ခြင်းကို ခံရမှန်းမသိ ခံနေခဲ့ကြရပြီ။
■
“ကုသိုလ်၊ အကုသိုလ်ဆိုတာတွေ ခွဲခြားသိမြင်နိုင်ဖို့ကြိုးစားရမယ်။ ကုသိုလ်ဆိုရင် လုပ်၊ အကုသိုလ် ဆိုရင် မလုပ်နဲ့။ လက်ကျန် ဘဝမှာ လူ့လောက လူ့အသိုက်အဝန်း ကောင်းကျိုးဖြစ်တာတွေလုပ်ပါ။ မိသားစု တွေ သံယောဇဉ်လျှော့၊ ရုပ်ဝတ္ထုပစ္စည်း ဥစ္စာ တွေအပေါ် စွဲလမ်းစိတ်လျှော့။ ဒါနအင်အား ကြီးမားအောင်လုပ်၊ သီလအင်အား အခြေ ခိုင်အောင်လုပ်။ ကိုယ့်အရွယ်ကိုယ့်အတွေ့အကြုံပေါ်မူတည်ပြီး လောကကောင်းကျိုး အတွက် နိုင်သလောက် ဖြည့်ဆည်းကြ။ အဘတို့တစ်တွေလည်း ကိုယ့်သားသမီး မြေး မြစ်တွေကိုအတွေ့အကြုံတွေမျှဝေဖို့၊ အမှား အမှန်တွေ ဆင်ခြင်နိုင်ဖို့ လမ်းညွှန်တာတွေ၊ အကြံဉာဏ်ပေးတာတွေလုပ်ရင်း ကိုယ့်အ တွက်ရော ပတ်ဝန်းကျင်အတွက်ပါ အကျိုး ရှိမယ့် ကိစ္စတွေကိုပဲ နှလုံးသွင်းနိုင်ဖို့ ကြိုး စားနေကြရတယ်။ ကိုယ့်ကြောင့် လောက ကြီးထဲမှာ မကောင်းတာတွေမကျန်ရစ်ခဲ့စေ ဖို့ အရေးကြီးတယ်။ အဘတို့အရွယ်တွေက တော့ သတိကြီးကြီး ထားပြီးလုပ်ရမယ့်အချိန် ဖြစ်နေပြီ ငါ့ မြေးရေ”
စကားများကအတွေးထဲသို့ တဖြည်း ဖြည်း တိုးဝင်လာနေသည်။ မသေချာ မရေ ရာမှုများလွန်းသည့် အခြေအနေအောက် တွင် ပို၍ခက်ခက်ခဲခဲဖြစ်လာနေသည့်ဘဝ များအကြောင်း၊ ကုသိုလ်၊ အကုသိုလ် အထုပ်များအကြောင်း တွေးရင်းတွေးရင်း စိတ်ကူးများ ယောက်ယက်ခတ်နေသည်။
“ကုသိုလ်ဆိုသည်မှာအဘယ်နည်း။ အကုသိုလ်ဆိုသည်ကို မည်သို့နားလည်နေ ကြသနည်း။ ကောင်းမှုကုသိုလ် ပြုသောသူ နှင့်မကောင်းမှု အကုသိုလ်ပြုသောသူတို့ ကြား မည်သို့ကွာခြားကြသနည်း။ ကုသိုလ်၊ အကုသိုလ်အားထုတ်မှုများ၏အကျိုးဆက် သည်ကာယကံရှင် ကိုယ်တိုင်အတွက်လည်း ကောင်း၊ ပတ်ဝန်းကျင်၊ လူ့ အဖွဲ့အစည်း အတွက်လည်းကောင်း မည်သို့သောအကျိုးရလဒ်များဖြစ်စေခဲ့သနည်း” စသည်ဖြင့် မေးခွန်းများ မေးနေမိပြန်သည်။
■
လွန်ခဲ့သောနှစ် ၃၀ ခန့်က မင်းသား ကျော်ဟိန်း ပေါက်ခဲ့ဖူးသည် သီချင်းခွေ အမည်ကို သတိရသည်။ “အဓိပ္ပာယ်ရှိသော လူ”တဲ့။ ထိုအခွေထဲက သီချင်းတစ်ပုဒ်ထဲ တွင်ပါသော စာသားကလည်း လူတစ် ယောက်ချင်းစီကို မေးခွန်းထုတ်နေသကဲ့ သို့ပင်။ “လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက်… သင်ဟာသမိုင်းကြောင်း ကောင်းဖို့ တစ်ခုခုလုပ်ခဲ့သလား”တဲ့။
မေးခွန်းများက တစ်ခွန်းပြီး နောက်တစ် ခွန်းထပ်၍ထပ်၍ပေါ်လာသည်။ အဓိပ္ပာယ် ရှိသောလူအဖြစ် နေထိုင်ခြင်းနှင့် သမိုင်း ကြောင်းကောင်းဖို့ လုပ်ခြင်းတို့ ဆက်စပ်မှု ရှိနေပါသလား။ “အဓိပ္ပာယ်ရှိသော လူ” ဆို တာရော ဘယ်လိုလူလဲ။ အဓိပ္ပာယ်ရှိသော လူဆိုတာ “တန်ဖိုးရှိတဲ့လူပေါ့”ဟု မိတ်ဆွေ တစ်ယောက် ပြောဖူးခဲ့သည့်စကား မှတ်မိ နေသေးသည်။ ကာယကံရှင်အတွက်ရော နေထိုင်ရာ လူအဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေသောလူသည် တန်ဖိုးရှိသောလူဟုဆိုလျှင် ထိုသူသည်
“အဓိပ္ပာယ်ရှိသောလူ” မဟုတ်ပါလား။
သံသရာခရီး မှတ်တိုင်နှစ်ခုကြားရှိ တဖြည်းဖြည်း တိုတောင်းလာသည့်ကာလ၌ တန်ဖိုးရှိသော လူ၊ အဓိပ္ပာယ်ရှိသောလူအ ဖြစ် ရှင်သန်ရပ်တည်နိုင်ရေးမှာ ကုသိုလ် ကောင်းမှုများအပေါ် အမြဲမပြတ် နှလုံးသွင်း နိုင်မှုအပေါ် မူတည်လိမ့်မည်ထင်သည်။
မသေချာမရေရာစွာ ဖြတ်သန်းနေရ သည့် လူ့ဘဝ၌ လက်ရှိပစ္စုပ္ပန်အချိန်သည် ကုသိုလ်ကောင်းမှုများ စတင်လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဟု သဘောပေါက် သည်။ လူ့ဘဝမှ ပြန်ရမည့်အချိန်ကို မသိရ သည့်အခြေအနေတွင် ရုတ်တရက်သေဆုံးသွားခဲ့ပါလျှင်.....။ စိုးရိမ်စိတ်တို့ရှိဖြစ်လာ သည်။ မိသားစုအတွက်၊ လူ့အသိုက်အဝန်း အတွက် အကျိုးရှိစေသည့်အရာများ မည် သို့ချန်ထားနိုင်ကြမည်နည်း။ ငယ်စဉ်က တည်းက ကျက်မှတ်ခဲ့ဖူး သော “သင့်သေ သွားသော်၊ သင့်ဖွားသောမြေ၊ သင်တို့မြေ သည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏” ဟူသော ဆရာဇော်ဂျီ၏ ကဗျာစာပိုဒ်လေးက စိုးရိမ်မှုရှိနေသည့် အတွေးထဲသို့ ရောပြွမ်း ရောက်ရှိလာသည်။
■
နေထိုင်ရာ ဝန်းကျင်၊ လူအဖွဲ့အစည်း နှင့်ပတ်သက်၍ သတိမေ့လျော့လျက် မိမိ တစ်ဦးတည်း အကျိုးစီးပွား၊ မိသားစု၏အကျိုးစီးပွားတစ်ခုတည်းကိုသာ အတ္တကြီး ကြီးဖြင့် လုပ်ကိုင်နေမိခဲ့ပြီလား။ အပြန်အလှန် အမှီသဟဲပြုနေထိုင်လျက်ရှိသည့် လူအဖွဲ့အ စည်းတစ်ခုအတွင်း ဖြည့်ဆည်းပံ့ပိုးပေးသင့် အရာများ လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ လျှင် လူ့အဖွဲ့အစည်းအပေါ်ကြွေးကျန်တင် ရစ်နေခဲ့ပြီဟုသာ ယူဆရပေမည်။ အကြွေး များ တင်ရှိနေခဲ့သော် သေချာပေါက် ပြန် လည်ပေးဆပ်ရပေဦးမဟုတ်ပါလား။
ဦးခေါင်းထဲတွင် အတွေးများပေါ်လာ လိုက်၊ စကားသံများက နားစည်ကို ရိုက်ခတ် လိုက်၊ စိတ်ကခံစားလိုက်ဖြင့် ကြောင်းကျိုး ဆက်၍ ဝေဒနာအဆက်မပြတ် ဖြစ်ပေါ်နေ တော့သည်။
“ငါ့မြေးရယ်။ သံသရာခရီးအတွက် ရော၊ ကိုယ့်ဝန်းကျင်၊ ကိုယ့်လူအဖွဲ့အစည်း အတွက်ပါ ကောင်းကျိုးရှိမယ့်အလုပ်တွေ ဟာ နှစ်ဖက်အကျိုးရှိတဲ့အလုပ်၊ နှစ်ဖက်လှ နှလုံးသားရှိတဲ့ သူတွေရဲ့အလုပ်တွေပါပဲ။ အားလုံးဟာ မမြဲခြင်းတရားနဲ့ရှိနေတယ်ဆိုတာကို နှလုံးသွင်းပြီးတော့ တစ်ပါးသူကို မထိခိုက်၊ ကိုယ်နေတဲ့ လူ့အသိုက်အဝန်းကို နစ်နာမှုမဖြစ်စေဘဲ အကျိုးစီးပွားဖြစ်တဲ့အလုပ်တွေကိုပဲ လုပ်ပါလို့ ငါ့မြေးကို နှစ်သစ် ကူးစကား လက်ဆောင်ပေးလိုက်ပါတယ်”
စိတ်နေစိတ်ထားနှင့်ပတ်သက်၍ ကန်တော့ ခံအဘိုး၏ ပြောစကား “နှစ်ဖက်လှ နှလုံး သား”တဲ့။ စဉ်းစားပြီးရင်း စဉ်းစားနေမိပြန် သည်။ ကိုယ်ကျိုးစီးပွားအတွက်လုပ်ရင်း
“ဘယ်သူတွေများ ငါ့ကြောင့် ထိခိုက်နစ်နာမှု တွေရှိသွားခဲ့လဲ”။ အဘိုး၏ နှစ်သစ်ကူး စကားလက်ဆောင်သည် ဘဝ၏ လက်ကျန် ကာလများအတွက် အမြဲတမ်းသတိရ ဆင် ခြင်စရာဖတ်စာများဖြစ်ခဲ့ပြီ။
■
လူတစ်ယောက် ဘဝခရီး မည်သည့်အချိန်တွင်အဆုံးသတ်မည်ကို ပုထုဇဉ် သာမန် လူသားတို့ မည်သို့မျှ မခန်းမှန်းနိုင်။
အတွေးများက စိတ်၏စေစားရာအ တိုင်း ပြေးလွှားပျံသန်းနေ၏။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေသည့် တိမ်မျှင်၊ တိမ်အစအနလေးများ၊ ထုနှင့်ထည်နှင့် ဖြစ်တည်နေသော တိမ်စိမ်တိမ်ခဲကြီးများ။ လူ့ဘဝ ဖြစ်တည်မှုများသည်လည်း ကောင်း ကင်ထဲက တိမ်များ၏ သဘာဝကဲ့သို့ပင်။ မိခင်ဝမ်းတွင်းမှ ထွက်လာခဲ့သော်လည်း လူ့ ဘဝတွင် အချိန်ကြာကြာ မနေလိုက်ရ၊ လူ့ ဘဝအရသာကို မည်သို့မျှမသိ၊ မခံစားရ လိုက်ဘဲ ပြန်လည်ထွက်ခွာသွားရသည့် လူ သားဖြစ်ခါစ ကလေးငယ်များ၊ နှစ်ပေါင်း များစွာ အသက်ရှင်သန်ခွင့်ရခဲ့သည့် လူသား အရင့်အမာကြီးများ။ “ကိုယ်ပြုသောကံ ပဲ့ တင်သံ ကိုယ်ထံပြန်လာမည်”တဲ့။ သတ္တဝါ အားလုံးသည် ကံအကျိုးပေးအတိုင်း ရှင်သန် နေရကြရသည် မဟုတ်ပါလား။
သံသရာခရီးသည်အတိုင်းအဆမရှိ ရှည်လွန်း၏။ လူတို့၏ဘဝသက်တမ်း၊ ဖြစ် တည်မှုအချိန်ကာလမှာမရေရာ။ ရှည်သည် လည်းရှိ၏။ တိုလည်းတိုနိုင်၏။ ခရီးလမ်း ချောမွေ့သည်လည်းရှိ၏။ ခက်ခဲကြမ်းတမ်း သည်လည်းရှိ၏။ မြင့်မားသည့် ဘဝအခြေ အနေလည်းရှိမည်။ နိမ့်ကျသည်လည်းရှိ မည်။ လောကဇာတ်ခုံကျင်လည်ရာဝန်းကျင် တွင် ဘဝကန့်လန့်ကာရှေ့၌ ရုပ်ပြဘဝလှပ နေရသည့်တိုင် ကန့်လန့်ကာနောက်ကွယ် အရောက်၌ သောကထွေရသည့် မလှမပ ဘဝများကလည်း ဒုနှင့်ဒေး။ အားလုံးသည် ဘဝနောက်ခံကားချပ်အမျိုမျိုးရှေ့တွင် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ကံဇာတ် ဆရာ၏ ကြိုးဆွဲရာအတိုင်း သရုပ်ဖော်နေ ကြရသည့် သူများပင်မဟုတ်ပါလား။
■
ဧပြီလ၏ နွေအပူသည် သဘာဝ လော ကကြီးတစ်ခုလုံးကို လောင်မြိုက်နေသကဲ့ သို့ရှိ၏။ တောတောင်ရေမြေတို့ကို ကြည့်ရ သည်မှာ ခြောက်သွေ့နွမ်းရော်နေဟန် အသွင်သဏ္ဌာန်ဖြစ်နေသည်။ ကျေးငှက်သာ ရကာတို့၏ မြူးထူးဟစ်ကြွေးသံများလည်း ယခင်ကကဲ့သို့ ဆူဆူညံညံမရှိလှ။ သားရဲ တိရစ္ဆာန်တို့လည်း ပြင်းထန်သည့် အပူဒဏ် အောက်တွင် ခွန်အားလျော့ကျ နွမ်းလျနေ ကြလိမ့်မည်။
ပြင်းထန်သော ပူလောင်မှု၏အထိအ တွေ့ကြောင့် ရုပ်ဝတ္ထုတို့ ဓာတ်ပြုပြောင်းလဲ မှုများ အခြေအနေများဖြစ်နေစေကာမူ စိတ် နှလုံး၏တုံ့ပြန်ဖြစ်ပေါ်မှုမှာမူ ရုပ်ဝတ္တုအခြေ အနေနှင့် ထပ်တူမကျနိုင်။ စိတ်၏စေစားရာ ခံစားမှုပေါ်တွင်သာ မူတည်ပေလိမ့်မည်။ နွေအပူဒဏ် ပြင်းထန်သလောက် ပြင်းထန် ပါစေလေ။ တောတောင်ရေမြေသဘာဝ ကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်သည် လူ့ဘဝဖြစ်တည်မှုမှ ရရှိလာသော အပူသော ကဒဏ်တို့နှင့် ယှဉ်ပါက ဘာမျှမဟုတ် လောက်တော့။ တည်ငြိမ် ရင့်ကျက်မှု စွမ်းရည်ပိုမိုရှိလာသောနှလုံးသားသည် အပူတ ကာ့ အပူများကို ပို၍ပို၍ ခံနိုင်ရည်ရှိလာနေ ခဲ့လေပြီ။
■
ရှုပ်ထွေးပွေလီလှသည့်လူ့လောကထဲ၌ ကျင်လည်နေရသည့်အရသာမှာ ယခင်က ကဲ့သို့ မဟုတ်တော့။ လှုပ်ရှားရုန်းကန်ရင်း အကြောင်းတိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက် ဆိုင်သည် ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို မကြာခဏ နှလုံးသွင်း၊ ဆင်ခြင်တတ်သည့် အကျင့်ဖြစ်လာသည်။ မှားခြင်း၊ မှန်ခြင်း၊ ကုသိုလ်၊ အကုသိုလ်တို့ကို ဗုဒ္ဓ၏အဆုံးအမ နှင့်အညီ ခွဲခြမ်းစိတ်ဖြာတတ်သည့် စိတ် အတွေးကိုလည်း ယခင်ကထက်ပို၍ အလေ့ အကျင့်ရလာခဲ့ပြီလေ။
■
ဦးနှောက်နှင့်နှလုံးသားတို့သည် အာရုံ ခြောက်ပါးကို ကျွမ်းကျင်စွာ မထိန်းသိမ်းနိုင် သေး။ သို့သော် နားစည်ထဲ သို့ရိုက်ခတ်လာ သော စကားသံတို့၏တန်ဖိုးနှင့် အနှစ်သာရ တို့ကို ခုံမင်နှစ်သက်လျက် ကျေကျေနပ်နပ် လက်ခံလိုက်ကြပြီဖြစ်၏။
လွန်ခဲ့သော သုံးနှစ်တာကာလက ကြား ခဲ့ရသည့် သံဝေဂစကားများကို ယခုအချိန် အထိ မှတ်မိနေဆဲ။ လူ့လောကမှ မပြန်ရသေး ခင် မနက်ဖြန်ဟူသော နေ့သစ်များတွင် ဦး နှောက် မှတ်ဉာဏ်ထဲတွင် ဆက်လက်တည်ရှိ နေလိမ့်မည်။ နှလုံးသားထဲ၌လည်း စွဲလမ်းရ သည့် သီချင်းတစ်ပုဒ်ကဲ့သို့ သံစဉ်အတက် အကျ၊ အနိမ့်အမြင့်တို့ ဖြစ်ပေါ်လျက် ရာသက် ပန် စီးဆင်းနေလိမ့်မည်ဖြစ်ပေသတည်း။










