(၂)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ (၂) ပွဲဆက် အမှတ်လျော့ခဲ့ရခြင်း အတွက် အလွန်စိတ်ပျက်မိသည်ဟု အာတီတာ ပြောကြား

(၂)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ (၂) ပွဲဆက် အမှတ်လျော့ခဲ့ရခြင်း အတွက် အလွန်စိတ်ပျက်မိသည်ဟု အာတီတာ ပြောကြား
Photo: Arsenal Twitter
Photo: Arsenal Twitter
Published 17 April 2023

    အာဆင်နယ်နည်းပြ အာတီတာက (၂)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ (၂)ပွဲဆက် အမှတ်လျော့ခဲ့ရခြင်းအတွက် အလွန်စိတ်ပျက်မိသည်ဟု ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် နောက်ဆုံးပရီးမီးယားလိဂ် (၂)ပွဲဆက် အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ပြိုင်ဘက်များကို (၂)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

လီဗာပူးလ်နှင့်ပွဲတွင် ပွဲအစမိနစ်(၃၀)အတွင်း (၂)ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သလို၊ ဝက်စ်ဟမ်းနှင့်ပွဲတွင်လည်း ပွဲအစ(၁၀)မိနစ်အတွင်းမှာပင် (၂)ဂိုးသွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် အဖိုးတန်အမှတ်များ ဆုံးရှုံးခဲ့ရပြီး တစ်ပွဲလျော့မန်စီးတီးအသင်းနှင့် (၄)မှတ်သာကွာဟသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ယင်းအတွက် အာတီတာက အလွန်စိတ်ပျက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဝက်စ်ဟမ်းနှင့်ပွဲမှ အကြီးမားဆုံးအမှားမှာ (၂)ဂိုးသွင်းယူပြီးနောက် မူလရည်မှန်းချက်အတိုင်း ဆက်မကစားတော့ခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

''ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ စတင်မှုကို နောက်တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ကွင်းလုံးကို လွှမ်းမိုးခြယ်လှယ်ပြီး လှပတဲ့ဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြီးမားတဲ့ အမှားအယွင်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တတိယဂိုးနဲ့ စတုတ္ထဂိုးတွေ သွင်းယူဖို့အတွက် တူညီတဲ့ရည်မှန်းချက်နဲ့ ဆက်မကစားဘဲ ရပ်တန့်လိုက်တာပါ။ အဲဒါကို လွယ်လွယ်ကူကူမြင်တွေ့နိုင်ပါတယ်။ အဲဒီမှာ သူတို့ကို မျှော်လင့်ချက်ပေးခဲ့တာပါပဲ။ ဒါကို အရယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကိုလည်း ချီးကျူးရမှာပါ။ ကျွန်တော်တို့ အကြင်နာမဲ့တဲ့စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ကစားဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဲဒီလိုမျိုး မလုပ်နိုင်ရင် အခြေအနေတွေက အလှည့်အပြောင်းဖြစ်သွားနိုင်ပါတယ်''ဟု အာတီတာက ပြောကြားခဲ့သည်။

သို့သော် အာတီတာက ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုဖိအားကြောင့် ဆက်တိုက်အမှတ်လျော့ခဲ့ရခြင်းလားဟူ၍ မေးခွန်းထုတ်ခြင်းကိုမူ ငြင်းဆန်ခဲ့ပြီး ယင်းအချက်ထက် မိမိတို့၏ ကစားပုံကိုသာ အပြစ်တင်ရမည်ဟု ဆိုခဲ့သည်။

အာတီတာက ''ကျွန်တော်ကတော့ ဖိအားမရှိတဲ့ အသင်းတစ်သင်းရဲ့ ကစားပုံကိုပဲ မြင်တွေ့ခဲ့ပါတယ်။ (၂-၀)ဖြစ်နေချိန်မှာ ကျွန်တော်တို့ ဖိအားအောက်မှာ ရှိမနေပါဘူး။ အဲဒီအခိုက်အတန့်မှာ လိုအပ်တာကို ကျွန်တော်တို့ မလုပ်နိုင်ခဲ့တာပဲ ရှိပါတယ်။ ဝက်စ်ဟမ်းအသင်း ပထမဂိုးသွင်းပြီးနောက်မှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တော့ပါဘူး။ အဝေးကွင်းမှာ (၂)ဂိုး ဒါမှမဟုတ် (၃)ဂိုး ပေးလိုက်ရပြီဆိုရင် အနိုင်ရဖို့ အရမ်းခက်သွားပါပြီ။ ကိုယ့်ရဲ့ ဂိုးဧရိယာထဲမှာ ကျွန်တော်တို့ ဘယ်လိုကစားခဲ့သလဲဆိုတဲ့အချက်ကိုပဲ အပြစ်တင်ရမှာပါ'' ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ မန်စီးတီးအသင်းနှင့် (၄)မှတ်သာကွာဟတော့သည့် အနေအထားသို့ ရောက်ရှိသွားခဲ့ခြင်းအတွက် နာမည်ကျော်ဘောလုံးသုံးသပ်သူ ပီယာ့စ်မော်ဂန်အပါအဝင် အာဆင်နယ်ပရိသတ်အချို့က အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံဆုကို လွှင့်ပစ်လိုက်ပြီဖြစ်ကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ပရိသတ်တစ်ဦးက ဆာကာ ပယ်နယ်တီ လွဲချော်ခဲ့ခြင်းမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျရတ် ချော်လဲခဲ့သလိုမျိုး ဖြစ်သွားနိုင်သည်ဟု ရေးသားခဲ့သည်။

Most Read

Most Recent