ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့က နစကဥက္ကဋ္ဌအား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်

ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့က နစကဥက္ကဋ္ဌအား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်
Published 3 April 2023

ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့က နစကဥက္ကဋ္ဌအား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီ ၃ ရက်က ချီးမြှင့်ခြင်းကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President ဖြစ်သူ Dr. Professor Vitaly Vyacheslavovich NAUMKIN က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တွေ့ဆုံဂုဏ်ပြုခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဘာသာစကား၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို လေ့လာသင်ကြားခဲ့ပါကြောင်း၊ ရုရှားဇာဘုရင် ပထမ အလက်ဇန်းဒါးလက်ထက် ၁၈၁၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် သမိုင်းအရှည်ကြာဆုံးနှင့် အကြီးမားဆုံး အရှေ့တိုင်းတက္ကသိုလ်ကြီးတွင် မိမိနှင့်ပါမောက္ခပညာရှင်များသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိပါကြောင်း၊ အဆွေတော်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုကို အခြေခံသည့် နိုင်ငံရေးပွင့်လင်းမြင်သာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ရပါကြောင်း၊ သိပ္ပံနှင့် နည်းပညာကဏ္ဍအပါအဝင် မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများသည်လည်း တိုးတက်လျက်ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုနယ်ပယ် အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် အဆွေတော်၏စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရန် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့၊ ပညာရေးကောင်စီမှ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ ဘွဲ့တံဆိပ်အား ချီးမြှင့်အပ်နှင်းခွင့်ပြုပါစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းအခမ်းအနားတွင် နစကဥက္ကဋ္ဌ၏ သီရိပျံချီဘွဲ့ချီးမြှင့်ခံထားရသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomini အား ဘွဲ့တံဆိပ်ပေးအပ်သည့်အမိန့်ကိုပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇေယျကျော်ထင်တိုးရီက ဖတ်ကြားတင်ပြခဲ့ပြီး  နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin ထံ သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတစ်ဦးတည်း၏ စွမ်းဆောင်မှုကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံရခြင်းမဟုတ်ဘဲ အားလုံး၏ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ခံယူထားပါကြောင်း၊ မိမိအနေဖြင့် ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုချီးမြှင့်ခံရသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ထိုက်တန်သည့် ကြိုးစားဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာနိုင်ငံ၏ နှစ်သစ်ကူး အခါသမယမှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် အောင်မြင်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများစွာကို ဆက်လက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်းကြောင်းဖြင့် ပြောကြားသည်။

ထို့အတူ နစကဥက္ကဋ္ဌက စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဂုဏ်ပြုစကားနှင့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့မှ ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရရှိခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်ပေးအပ်နိုင်သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ သီရိပျံချီဘွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကောင်းရာကောင်းကျိုး ဖြစ်ထွန်းစေရေး ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများကို ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား၊ မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့်အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုကဲ့သို့စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ အဆွေတော်၏ ကြိုးစားအားထုတ်မှုများကြောင့် မိမိတို့နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံး အခြေအနေသို့ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားသို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomini မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး Mr. Nikolay LISTOPADOV၊ စစ်သံမှူး Colonel Sergey KURCHENKO၊ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်း လေ့လာရေးအင်စတီကျူ့၏ President ဖြစ်သူ Dr. Professor Vitaly Vyacheslavovich NAUMKIN နှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent