ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း မည်သို့ . . .

ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း မည်သို့ . . .
Photo – Forbes
Photo – Forbes
Published 2 April 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားသည့်ကာလ အချိန်တစ်နှစ်ကျော် ကြာပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာ အခြေအနေ မည်သို့ရှိသနည်းဟူသော မေးခွန်း ထွက်လာသည်။ ပညာရှင်များ၊ သုတေသီများက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်း၊ အခက်အခဲများနှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။ မြေပြင်အခြေအနေကိုကြည့်သော အခါတွင်လည်း အစားအသောက် စျေးနှုန်းများ ဆက်လက်မြင့်တက် နေသဖြင့် စားနပ်ရိက္ခာအကျပ်အ တည်းဆီသို့ ဦးတည်သွားနိုင်သည်ဟု သုံးသပ်ကြ၏။

(၂) ရုရှားနိုင်ငံက ယူကရိန်းနယ်မြေများကို ကျူးကျော်ဝင်ရောက်ပြီး တစ်နှစ်အကြာ လယ်ယာထွက်ကုန် စျေးကွက်များ၏ အခြေအနေသည် အမြင့်ဘက်သို့ ဦးတည်လျက်ရှိနေပြီး မတည်မငြိမ် ဖြစ်နေဆဲ။ ကုန်စျေးနှုန်းများသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင်ဖြစ်ခဲ့သည် စံချိန်တင်မြင့်တက်ခဲ့သော အခြေအနေမှ ပြန်လည်ကျဆင်းလာခဲ့သည့်တိုင် စားသောက်ကုန်စျေးနှုန်းများမှာ မြင့်မားနေဆဲဖြစ်၏။

ယူကရိန်းသည်လည်းကောင်း၊ ရုရှားသည်လည်းကောင်း ကမ္ဘာ့စားနပ်ရိက္ခာစျေးကွက်၏ အဓိက ပို့ကုန်နိုင်ငံများဖြစ်သည်။ ဂျုံနှင့် အခြားသော အရေးပါသည့် ကောက်ပဲသီးနှံများ အဓိကတင်ပို့နေသည့် အဆိုပါ ပို့ကုန်နှစ်နိုင်ငံမှာ စစ်ဖြစ်ပွားနေသည်။ ထို့ကြောင့် ထိုနိုင်ငံများ၏ စိုက်ပျိုးရေးပို့ကုန်များအပေါ် မှီခိုနေရသော နိုင်ငံများမှာ စစ်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက စားနပ်ရိက္ခာ မလုံခြုံမှုအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။ ယခုအချိန် တွင် စားနပ်ရိက္ခာရှားပါးမှု၊ စျေးနှုန်းမြင့်တက်မှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခံစားနေကြပြီ။ ထိခိုက်ခံစားနေရသော လူဦးရေတစ်ဘီလျံသည် ထိခိုက်ပြိုကွဲလွယ်ပြီး ပဋိပက္ခများ၏ သက်ရောက်မှုကို ခံစားနေရသော နိုင်ငံ ၄၀ ကျော်မှဖြစ်သည်။ ၎င်းတို့ သည် မသေချာမရေရာသည့် စီးပွားရေးအခြေအနေများထဲတွင် ဘေးအန္တရာယ်ကြီးမားစွာ ရှင်သန်နေကြရသည်။

(၃) ကမ္ဘာ့ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ - အက်ဖ်အေအို (FAO) က စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်းသည် ပြီးခဲ့သည့် ဆယ့်တစ်လတာအတွင်း ဆက်တိုက်ကျဆင်းခဲ့ပြီး နောက်ဆုံးအကြိမ်ကျဆင်းမှုသည် ၂၀၂၂ ခုနှစ် မတ်လက ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအခြေအနေမှ ၁၈ ဒသမ ၇ ရာ ခိုင်နှုန်း ကျဆင်းခဲ့သည်ဟုဆိုသည်။  ဖေဖော်ဝါရီလက ဖော်ပြထားသော ညွှန်းကိန်းများသည် ကောက်ပဲသီးနှံနှင့် အသားစျေး ဆနှုန်းကိန်းများ ကျဆင်းမှုနှင့်အတူ ဟင်းသီးဟင်းရွက်ဆီ၊ နို့ထွက်ပစ္စည်းစျေးဆနှုန်းကိန်းများ ကျဆင်းမှုကို ထင်ဟပ်နေသည်။ သကြားနှင့် အသားစျေးဆနှုန်းကိန်းများမှာ လွန်ခဲ့သည့်နှစ် အစောပိုင်းကာလ အခြေအနေများထဲမှ အနည်းငယ်သာ ပြောင်းလဲလျက်ရှိသည်။ ငွေကြေးဖောင်းပွမှု ထည့်သွင်းတွက်ချက်ထားသော စျေးနှုန်းများအရ ကုန်စျေးနှုန်းများသည် ရုရှား-ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီအဆင့်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှစျေးနှုန်းအဆင့်ထက် ကျော်လွန်နေသေးသည် ကိုတွေ့ရသည်။ 

(၄) နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့- အိုင်အမ်အက်ဖ် (IMF) နှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းများ မကြာသေးမီက ထုတ် ပြန်ခဲ့သည့် ပူးတွဲကြေညာချက် တစ်ခုတွင် “အစိုးရများနှင့် အလှူ ရှင်များသည် ထိခိုက်လွယ်မှုအဖြစ်ဆုံးသူများအတွက် ယခင်ကထက် ပိုမိုထောက်ပံ့ကူညီပေးသင့်သည်။

ကုန်သွယ်ရေးနှင့် စျေးကွက်လည်ပတ်လှုပ်ရှားမှုများ ပိုမိုလွယ်ကူချောမွေ့စေရန် လုပ်ဆောင်ပေးရမည်။ ဘေးအန္တရာယ်များသော အထောက်အပံ့များကို စွန့်လွှတ်ရမည်” ဟု  ဖော်ပြထားသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်မျိုးကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ချက်သည် တတိယအကြိမ်ဖြစ်သည်။

ပူးတွဲကြေညာချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ - အိုင်အမ်အက်ဖ်(IMF) အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ - အက်ဖ်အေအို (FAO)၊ ကမ္ဘာ့ဘဏ် (World Bank)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program) နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ - ဒဗလျူတီအို (WTO) တို့၏ အကြီးအကဲများက ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(၅) ကာလကြာရှည်ဖြစ်လာမည့် စားနပ်ရိက္ခာအကျပ်အတည်းကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အဓိကနယ်ပယ်သုံးခုတွင် အလျင်အမြန် တုံ့ပြန်မှုများ လိုအပ်ကြောင်းကိုလည်း ပူးတွဲကြေညာ ချက်ထဲတွင်တွေ့ရသည်။

(၁) ငတ်မွတ်ခေါင်းပါးမှုဖြစ်နေသည့် နေရာများတွင် အလျင်အမြန် ကူညီကယ်တင်ရေး 

(၂) ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ စျေးကွက်လည်ပတ်မှု ပိုမိုအားကောင်းလာစေရေးနှင့် ပုဂ္ဂလိက ကဏ္ဍအခန်းကဏ္ဍ မြှင့်တင်ရေးတို့ကို လုပ်ဆောင်ရန်

(၃) အန္တရာယ်ရှိသော ထောက်ပံ့မှု များကို ပြန်လည်ပြင်ဆင်လုပ်ဆောင်ခြင်း၊ တိကျသေချာသည့်  ရည်မှန်းချက်များထားခြင်းနှင့် စွမ်းဆောင်ရည်မြင့်တင်ခြင်းတို့ အလေးထားလုပ်ဆောင်ရန်တို့ဖြစ်သည်။

ယခင်ကနှင့်မတူသော စုပေါင်းအားထုတ်မှု၊ ပူးပေါင်းလုပ်ဆောင်မှု လိုအပ်သည်။ ကာလရှည်ခံနိုင်စွမ်းအားရှိရေး အားထုတ်မှုများနှင့် ကာလတိုအရေးတကြီး ဆောင်ရွက်မှုများကို ချိန်ညှိလုပ်ဆောင်သင့်သည်ဟုလည်း လက်ခံကြသည်။

(၆) အိုင်အမ်အက်ဖ် (IMF) အဖွဲ့က စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရိက္ခာပြတ်လတ်ခြင်းတို့ ကြုံတွေ့နေရသည့် ထိခိုက်လွယ်သောနိုင်ငံများကို ကူညီရန်အတွက် အရေးပေါ်အစီအစဉ်သစ် Food Shock Window ကို ဖန်တီး ပေးထားသည်။ Food Shock Window အစီအစဉ်အောက်တွင် ဂီနီ၊ ဟေတီ၊  မာလာဝီနှင့် ယူကရိန်း နိုင်ငံတို့သည် ထောက်ပံ့မှုများ ခံစား ရရှိနေပြီဖြစ်သည်။ ထို့ပြင်  စားနပ် ရိက္ခာအခက်အခဲ ပြင်းထန်စွာ ခံစား နေရသော ကိုးနိုင်ငံသည်လည်း ရှိနေပြီးသော အစီအစဉ်များမှတစ် ဆင့် ဖြစ်စေ၊ အစီအစဉ်သစ်များမှ တစ်ဆင့်ဖြစ်စေ အိုင်အမ်အက်ဖ်ထံမှ ဘဏ္ဍာရေးအထောက်အပံ့ ရရှိနေကြသည်။ စားနပ်ရိက္ခာအကျပ်အတည်းဒဏ် သက်ရောက်မှု လျော့ပါးသက်သာစေရေးအတွက် အထောက်အကူဖြစ်စေသည့် မူဝါဒများ၊ လူမှုဆိုင်ရာ ဘေးကင်းရေး အစီအစဉ်များ ခိုင်မာ တိကျစွာ အကောင်အထည်ဖော်နိုင်ရေးကိုလည်း အလေးထားစဉ်းစားလျက် ရှိကြသည်။

(၇) အားလုံး အားထုတ်နေကြ၏။ အကျိုးသက်ရောက်မှုရလဒ်များ မည်သို့ဖြစ်လာမည်ကိုမူ ကြိုတင်ခန့်မှန်းရန်မလွယ်။ ကမ္ဘာ့စားနပ် ရိက္ခာအကျပ်အတည်း အခြေအနေသည် စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး ကဏ္ဍနှင့်သာ သက်ဆိုင်သည် မဟုတ်။ ကောက်ပဲသီးနှံထုတ်ကုန် တင်ပို့ရောင်းချနေသည့်နိုင်ငံများ၏  သဘောထားများ၊ ရောင်းလိုအား ကွင်းဆက်တစ်လျှောက် အခက်အခဲများ၊ နိုင်ငံတကာငွေကြေးစျေးကွက် အလှုပ်အခတ်များ၊ အမေရိကန်ဗဟို ဘဏ်၏ ဆုံးဖြတ်ချက်များ၊ စစ်ပွဲများ၊ ရာသီဥတု ပြောင်းလဲမှုများ စသည်ဖြင့် ဆက်စပ်နယ်ပယ်များ၏အခြေအနေများပေါ်တွင်လည်း မူတည်နေပေသည်။  

https://www.eurasiareview.com/

Most Read

Most Recent