နစက,က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့နဲ့ ပါတီဆက် လက်ရပ်တည်ဖို့ ရည်ရွယ်ပြီး နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ရဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လာရောက်လျှောက်ထား တဲ့ပါတီ ၆၃ ပါတီ ရှိပါတယ်။
ဒါဟာ မတ်လ ၂၈ ရက်အထိ စာရင်းလည်း ဖြစ်ပါတယ်။ ဒီလို လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားတဲ့ပါတီ ၅၀ ရှိပြီး ပုဒ်မ ၃ အရ လျှောက်ထားတဲ့ပါတီ ၁၃ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။
နစက,က နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်နဲ့ UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်အရ လက်ရှိတည်ဆဲပါတီအားလုံး လာမယ့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဥပဒေအသစ်က ဆိုပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် စတင်ပြဋ္ဌာန်းတာဟာ ဇန်နဝါရီ ၂၆ ရက်ဖြစ်တဲ့အတွက် ရက်ပေါင်း ၆၀ ပြည်တဲ့နေ့ဟာ မတ် ၂၆ ရက်ဖြစ်ပေမဲ့ ရုံးပိတ်ရက် ဖြစ်နေတာကြောင့် မတ်လ ၂၈ ရက်မှာ နောက်ဆုံးလာရောက်လျှောက်ထားဖို့ UEC က ကြေညာခဲ့ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၉၀ အ နက် သတ်မှတ်ကာလ ရက်ပေါင်း ၆၀ ပြည့်မြောက်တဲ့ မတ်လ ၂၈ ရက် အထိ ပါတီဆက်လက်မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက် လျှောက်ထားခဲ့တယ်လို့ UEC က ဆိုပါတယ်။
UEC ရဲ့ အဆိုအရ တည်ဆဲ နိုင်ငံရေးပါတီ ၉၀ ရှိတဲ့အနက် ၅၀ လာရောက် လျှောက်ထားတဲ့အတွက် ထက်ဝက်ကျော် လာရောက် လျှောက်ထားတာကို တွေ့ရမှာပါ။
နောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ မတ်လ ၂၈ ရက်အထိ UEC မှာ ပါတီ တည်ထောင်ခွင့် လာရောက်လျှောက်ထားတဲ့ပါတီ ၁၃ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပြည်ထောင်စုတစ်ဝန်းလုံးဖြစ်စေ၊ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်းဖြစ်စေ စည်းရုံးလိုတဲ့ ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးဟာ တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး ပါတီဝင်တွေကို ဥပဒေနဲ့အညီ စည်းရုံးခွင့်ပြုဖို့ UEC ဆီမှာ လျှောက်ထားရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီလိုလျှောက်ထားလာတဲ့အခါမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ စစ်ဆေးပြီး လျှောက်ထားမှုအပေါ် လက်ခံတာ ဒါမှမဟုတ် ငြင်းပယ်တာတွေကို ဆောင်ရွက်နိုင်တယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ခ) မှာ ပြဋ္ဌာန်းထားပါတယ်။
ဒီပုဒ်မခွဲ (ခ) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ကော်မရှင်က လက်ခံခဲ့ပါက ပါတီ တည်ထောင်လိုသူတွေအနေနဲ့ ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် တစ်ဦးစီကို ရွေးချယ်ရမှာလည်း ဖြစ်ပါတယ်။
ပါတီတည်ထောင်လိုသူတွေရဲ့ အရည်အချင်းနဲ့ပတ်သက်လို့လည်း ပါတီတည်ထောင်သူဟာ ၂၅ နှစ် ပြည့်ရမယ်။ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ မဟုတ်ရဘူး။ သောင်းကျန်းသူအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင် မဖြစ်ရဘူး။ မူးယစ်ဆေးပြစ်မှုနဲ့ ငြိစွန်းသူ မဟုတ်ရမယ့်အပြင် နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဘူးလို့ သတ်မှတ်ထားပါတယ်။
မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ UEC ကို လာရောက် လျှောက်ထားတဲ့ ပါတီ ၁၃ ပါတီသာ ရှိပေမဲ့ UEC ကတော့ နိုင်ငံရေးပါတီအသစ် တည်ထောင်ခွင့်ကို ဆက်လက်ခွင့်ပြုထားပါတယ်။
ထပ်ပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၁၂ ပါတီရှိပြီး တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီ ၅၁ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။
လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီက ၇၄ ပါ တီရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့်ပါတီက ၁၈ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီအရေအတွက်က သိသိသာသာ လျော့သွားတာကို တွေ့ရမှာပါ။ နိုင်ငံရေးပါတီတွေ ဖောင်းပွနေမှုကို လျှော့ချချင်နေတဲ့ နစကရဲ့ ရည်ရွယ်ချက်ဟာလည်း အထမြောက်သွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါဟာ နစကçက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကြောင့်လည်း ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမယ်ဆိုတဲ့ အချက်က ပါတီခေါင်းဆောင်တွေကို သွေးတက်စေခဲ့ပါတယ်။
ဒါ့အပြင် ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန်ပုံငွေသတ်မှတ်ရာမှာလည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ် သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေး ဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမှာ ဖြစ်ပါတယ်။
ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာ နဲ့ပတ်သက်လို့ ပုဒ်မ ၅ (ဇ) မှာ ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ နောက်ပြီး ရွေးကောက်ပွဲမှာဆိုရင်လည်း မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက် ဝင်မပြိုင်ရင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဘူးလို့ ဆိုထားပြန်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်ကတည်းက ဒီလိုတင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ လျော့နည်းသွားလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်မှု တွေ ရှိခဲ့တာပါ။
တကယ်လည်း နိုင်ငံရေးလေ့လာသူတွေ သုံးသပ်ထားသလို ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီ အရေအတွက်ဟာ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။
ဒါပေမဲ့ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီအရေအတွက်ကတော့ တိုးလာတာကို တွေ့ရပါတယ်။
အဓိက,ကတော့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့်ပါ။ ဘာလို့ဆို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ တိုင်းနဲ့ ပြည် နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
နောက်ပြီး ပုဒ်မ ၅ (ဆ) မှာ လည်း ပါတီရန်ပုံငွေကို သတ်မှတ်ရာမှာ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ကျပ် သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်း ဖွင့်ထားကြောင်း အထောက်အထား ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပါတီရုံးခန်းတွေ ဖွင့်လှစ်ရာမှာလည်း ပုဒ်မ ၅ (ဇ) အရ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လက်ရှိမှာတော့ အရင်က ပြည်ထောင်စုတစ်ဝန်း စည်းရုံးတဲ့ ပါတီအဖြစ် မှတ်ပုံတင်ထားရာကနေ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်လိုက်တဲ့ နာမည်ကြီးပါတီအများအပြား ရှိလာပါတယ်။
ဥပမာအနေနဲ့ ပြရရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ နစကအဖွဲ့ဝင်ဟောင်း ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ မွန်ပါတီတွေ ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီ အစရှိတဲ့ ပါတီတွေဟာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီကနေ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခု အတွင်း စည်းရုံးမယ့်ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့တာလည်း ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ တည်ဆဲနိုင်ငံရေးပါတီတွေထဲက မှတ်ပုံပြန်တင်ခြင်းမရှိတဲ့ ပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ ပယ်ဖျက်လိုက်ပြီး ဖျက်သိမ်းလိုက်တယ်လို့ UEC က ကြေညာပါတယ်။
ဖျက်သိမ်းခံလိုက်ရတဲ့ နိုင်ငံရေးပါတီ ၄၀ ထဲမှာ လူထုထောက်ခံမှု ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တို့လို ပါတီတွေလည်း ပါရှိပါတယ်။
ဒီလို ဖျက်သိမ်းလိုက်တဲ့အပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာကပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိမှာတော့ UEC မှာ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတယ်ဆိုပေမဲ့ UEC က စိစစ်နေဆဲဖြစ်လို့ လျှောက်ထားဆဲအဆင့်မှာသာ ရှိသေးပြီး မှတ်ပုံတင် ချမပေးသေးပါဘူး။
ဒါ့အပြင် ပါတီအသစ်တည်ထောင်ခွင့်ကိုလည်း ဆက်လက်ခွင့်ပြုထားတဲ့အတွက် ဘယ်နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။










