နှင်းများကိုဖယ်ရှားနေစဉ် မတော်တဆဖြစ်ပွားမှုဖြစ်စဉ်မှ အရိုးအချောင်း ၃၀ ကျော် ကျိုးခဲ့ဟု Hawkeye သရုပ်ဆောင် ဂျရမီရန်နာ ပြောကြား

နှင်းများကိုဖယ်ရှားနေစဉ် မတော်တဆဖြစ်ပွားမှုဖြစ်စဉ်မှ အရိုးအချောင်း ၃၀ ကျော် ကျိုးခဲ့ဟု Hawkeye သရုပ်ဆောင် ဂျရမီရန်နာ ပြောကြား
Photo - Reuters
Photo - Reuters
Published 31 March 2023

Marvel ၏ Avengers ရုပ်ရှင်များတွင် Hawkeye ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသား ဂျရမီရန်နာသည် ဇန်နဝါရီလက နှင်းများကိုဖယ်ရှားနေစဉ်ဖြစ်ပွားခဲ့သည့် မတော်တဆမှုဖြစ်စဉ်ကြောင့် အရိုးအချောင်း ၃၀ ကျော် ကျိုးသွားခဲ့ပြီး အဆုတ်နှင့်အသည်းတွင် ထိခိုက်မှုဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့ပြီး ယင်းသည် ၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် အပြည့်အဝထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

အသက် ၅၂ နှစ်အရွယ် ရန်နာသည် ABC News သတင်းကြေညာသူ ဒိုင်ယန် ဆော်ရာနှင့် အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည့် ဗီဒီယိုအပိုင်းများကို မတ် ၂၉ ရက်တွင် ထုတ်လွှင့်ခဲ့ပြီး အင်တာဗျူးအပြည့်အစုံကို ဧပြီ ၆ ရက်တွင် ထုတ်လွှင့်မည်ဖြစ်သည်။

မတော်တဆမှုတွင် ရန်နာသည် ၎င်း၏ နီဗားဒါးအိမ်တွင် နှင်းများကို ဖယ်ရှားနေချိန် ၎င်းသည် စက်၏ယာဉ်မောင်းထိုင်ခုံတွင် မရှိနေချိန် စက်က လိမ့်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ရန်နာသည် ရှောင်တိမ်းရန်ကြိုးစားနေချိန်တွင် နှင်းဖယ်ရှားသည့်စက်သည် ၎င်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဟာ အခိုက်အတန့်တိုင်းမှာ သတိရှိနေပါတယ်”ဟု ရန်နာက ၎င်းခံစားရသည့် နာကျင်မှုများကို ပြန်လည်ပြောပြခဲ့သည်။

ရန်နာသည် Mission: Impossible ရုပ်ရှင်နှစ်ကားနှင့် Arrival ၊ American Hustle နှင့် 28 Weeks Later အပြင် Marvel ရုပ်ရှင်ကားပေါင်းများစွာတွင် ပါဝင်ခဲ့သည်။ သူသည် ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် The Hurt Locker အတွက် အကောင်းဆုံး သရုပ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့သည်။

Most Read

Most Recent