မန္တလေးမြို့ရှိ စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၁၂၀၀ လုယက်ယူဆောင်သွားသူများအနက် လေးဦးအား ပစ္စတိုသုံးလက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယခင်ဓားပြမှုနှစ်ခုမှ ရွှေထည်များ ထုခွဲရောင်းချမှုကို တရားမဝင် ဝယ်ယူမှုဖြင့် ၎င်းရွှေဆိုင်ကို အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က မတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် မတ် ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၇၅)၊ ၈၅ (A) လမ်း၊ ၃၁ x ၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေ သန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်ရှေ့၌ ရွှေဆိုင်ဝန်ထမ်းနှစ်ဦးက ငွေကျပ်သိန်း ၁၅၀၀ ကို စိန်သရဖူရွှေသန့်စင်လုပ်ငန်းသို့ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့တင်ဆောင်နေစဉ် စိစစ်ဆဲအမျိုးသားသုံးဦးသည် မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး ပစ္စတို သေနတ်ဖြင့် နှစ်ချက်ပစ်ဖောက်ကာ ငွေကျပ် သိန်း ၁၂၀၀ ကို ဓားပြတိုက် လုယက်ယူဆောင် သွားခဲ့ကြောင်း၊ သို့ဖြစ်၍လုံခြုံရေးပူးပေါင်းအဖွဲ့က ဖြစ်စဉ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆိုင်အတွင်း တပ်ဆင်ထား သည့် CCTV မှတ်တမ်းများအရ စိစစ်ဆဲ အမျိုးသားသုံးဦးသည် ဓားပြတိုက်လုယက် ယူဆောင်သွားသည့် ငွေကြေးများအား ယာဉ် အမှတ်၊ YGN-5D/2975 Nissan March (အနက်ရောင်) ယာဉ်ဖြင့် သယ်ဆောင်ထွက် ခွာသွားကြောင်းသိရှိရသဖြင့် ဓားပြတိုက် လုယက်သူများ စီးနင်းလိုက်ပါသွားသည့် ယာဉ်အား စုံစမ်းစစ်ဆေးရှာဖွေခဲ့ရာ ပြည်ကြီးတံခွန် မြို့နယ်၊ ၅၁ လမ်း၊ ၁၃၅ ထ ၁၃၆ လမ်းကြားရှိ ခြံဝင်းအတွင်း ဆက်စပ်တရားခံတင်စိုးနှင့် ကျော်တင်ဦး (ခ) ငပိန်တို့နှစ်ဦးကို ဓားပြတိုက် လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။
ထို့အတူဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မတ် ၂၈ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင် ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ ၈၆၂ တွင် ဆန်းဝင်းအား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့ နယ်၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် ကျော်နိုင်၏ နေအိမ်မှ Sigsauer ပစ္စတိုတစ်လက်၊ Glock ပစ္စတိုတစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက် လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ်သိန်း ၆၀၀၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်နှင့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့အပြင် ဖမ်းဆီးရမိသူဆန်းဝင်း၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၂ လမ်း၊ ၆၁ x ၆၂ လမ်းကြား၌ တင်စိုး (ခ) ရခိုင်အား ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းဝင်း၏ ထွက်ဆိုချက်အရ ဓားပြတိုက် လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုနှစ်လက်နှင့် ခဲယမ်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးရန် ကျန်မောင်ဆန်းထံမှ ကျပ် ၁၀၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်မှုအရ သိရသည်။
ဖမ်းဆီးရမိသူဆန်းဝင်းသည် ဓားပြတိုက်လုယက်မှု ပြုလုပ်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် အမရပူရမြို့နယ်အတွင်း လိုက်လံကြည့်ရှုစဉ် ညောင်ပင်ကုန်းကျေးရွာ၊ (ဋ)ရပ်ကွက်၌ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်များ ဝတ်ဆင်ထားသော ဒေါ်ခင်လတ်အားတွေ့ရှိ၍ ၎င်း၏နေအိမ်ကို ဓားပြတိုက်လုယက်ရန် ကြိုတင်သတ်မှတ်ထားရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆန်းဝင်းခေါင်းဆောင်၍ တင်စိုး (ခ) ရခိုင်၊ တင်စိုး၊ ကျော်တင်ဦး (ခ) ငပိန်၊ ဖမ်းဆီးရန်ကျန်များဖြစ်သည့် တမောင်း၊ ကျော်နိုင်တို့သည် ဒေါ်ခင်လတ်၏နေအိမ်အား ဝင်ရောက် ဓားပြတိုက်လုယက်ခဲ့ကြောင်း၊ ထိုသို့ဓားပြ တိုက်လုယက်နေစဉ် ဒေါ်ခင်လတ်၏မောင်ဖြစ်သူ ဒုရဲမှူးဝင်းမင်းသန့်ရောက်ရှိလာပြီး ၎င်းတို့အားလုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့သဖြင့် ဆန်းဝင်းမှ ပစ္စတိုဖြင့် သုံးချက်ပစ်၍ လုပ်ကြံသတ်ဖြတ်ကာ နေအိမ်အတွင်းမှ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်ကောက် သုံးကွင်း၊ ရွှေလက်စွပ် လေးကွင်း၊ ကျပ်သိန်း ၃၀၀ နှင့် ဒုရဲမှူး ဝင်းမင်းသန့်ကိုင်ဆောင်သည့် ခြောက် လုံးပြူးတစ်လက်တို့ကို ဓားပြတိုက် လုယက် ယူဆောင်သွားခဲ့ကြောင်း၊ ဓားပြတိုက် လုယက်ယူ ဆောင်လာသည့် ရွှေထည်ပစ္စည်းများအား စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်း ရွှေရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
အလားတူ မတ် ၁၁ ရက်တွင် ဆန်းဝင်းသည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက် ရပ်ကွက်၊ ၂၆ _ ၂၇ လမ်းကြားရှိ ဒေါ်တောမုန့်တီဆိုင်သို့ပါဆယ်သွားရောက် ဝယ်ယူစဉ် ဆိုင်ပိုင်ရှင်မှာ ရွှေဆွဲကြိုးအကြီး တစ်ကုံးနှင့် ရွှေလက်ကောက်များ ဝတ်ဆင်ထားသည်ကိုတွေ့ရှိသဖြင့် ဓားပြတိုက် လုယက်ရန် ကြိုတင်သတ်မှတ်ထားရှိခဲ့ကြောင်း၊ မတ်လ ၁၂ ရက်တွင် ဆန်းဝင်းနှင့် ဖမ်းဆီးရန်ကျန် တမောင်းတို့သည် ဒေါ်တောမုန့်တီဆိုင်သို့သွားရောက်၍ ဆိုင်ပိုင်ရှင်ဒေါ်မာလွင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်ကောက် တစ်ကွင်းနှင့် ရွှေလက်စွပ် တစ်ကွင်းတို့ကို ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ဓားပြတိုက်လုယက် ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်း ရွှေရောင်းဝယ်ရေးဆိုင်သို့သွားရောက်၍ ကျပ် သိန်း ၄၀ ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
ယင်းအပြင် ဆန်းဝင်းသည် ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်သို့ သွားရောက်ရောင်းချစဉ် ဆိုင်အတွင်း၌ ငွေစက္ကူများအား ဆာလာအိတ်ဖြင့် ထည့်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းဆိုင်အားဓားပြတိုက်ရန် စီစဉ်ခဲ့ပြီး ဓားပြတိုက်လုယက်ရာတွင် အသုံးပြုရန် Nissan (အနက်ရောင်) လိုင်စင်မဲ့ယာဉ် တစ်စီးအား ဝယ်ယူခဲ့ကြောင်းနှင့် ကျော်တင်ဦး (ခ) ငပိန်သည် ရွှေဆိုင်ဝန်ထမ်းများ ငွေစက္ကူများသယ်ယူမည့်အချိန်ကို ကြိုတင် စောင့်ကြည့်လေ့လာ၍ ဓားပြတိုက် လုယက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မတ် ၂၇ ရက် ညနေပိုင်း၌ ဆန်းဝင်း၊ တင်စိုး (ခ) ရခိုင်၊ ဖမ်းဆီးရန်ကျန်များဖြစ်သည့် တမောင်း၊ ကျော်နိုင်တို့သည် လက်နက်များကိုင်ဆောင်ကာ စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်း ရွှေရောင်းဝယ်ရေးဆိုင်သို့ မော်တော်ယာဉ်ဖြင့် သွားရောက်ဓားပြတိုက် လုယက်ခဲ့ကြောင်း၊ ထိုသို့ဓားပြတိုက်လုယက်စဉ် တင်စိုး (ခ) ရခိုင်မှ ၎င်းကိုင်ဆောင်လာသည့် ခြောက်လုံး ပြူသေနတ်ဖြင့် နှစ်ချက်ပစ်ဖောက်ခဲ့ပြီး ဝန် ထမ်းများအားထိုင်ခိုင်းကာ ငွေစက္ကူများ ထည့်ထားသည့် ဆာလာအိတ် လေးအိတ်ကို ကားပေါ်သို့ပြောင်းရွှေ့တင်ဆောင်၍ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း၊ယင်းနောက် ဓားပြတိုက်လုယက်ခဲ့သည့် ငွေစက္ကူအိတ်များနှင့် အသုံးပြုသည့် သေနတ်သုံးလက်တို့အား မြစ်ငယ်မြို့ ဓနုံးကျေးရွာရှိ ဖမ်းဆီးရန်ကျန် ကျော်နိုင်၏နေအိမ်နှင့် တင်စိုး (ခ) ရခိုင်၏နေအိမ်တို့တွင် နေရာခွဲ၍ သိမ်းဆည်းထားခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာနေ ဖမ်းဆီးရန်ကျန်မောင်ဆန်းမှ ရောင်းချရန်အတွက် ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
အထက်ပါဖြစ်စဉ်တွင် ဓားပြတိုက် လုယက်မှုကျူလွန်ခဲ့သူ အမျိုးသားလေးဦး အား Sigsauer ပစ္စတိုတစ်လက်၊ Glock ပစ္စတို တစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၈၃၅ သိန်း၊ ဘိန်း ဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀၀၀ နှင့် ဓားပြတိုက် လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေ အရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချရာ၌ တရားမဝင် လက်ခံဝယ်ယူခဲ့သည့် စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင် ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် တရားခံပြေးနှစ်ဦးကိုလည်း ဆက်လက် ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တရားခံပြေးများအား တွေ့မြင်သိရှိရပါက လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။