ထိုင်းနိုင်ငံ၏ အအောင်မြင်ဆုံးနိုင်ငံရေး မိသားစုဖြစ်သော ရှင်နာဝပ်မိသားစုအနေဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး စစ်တပ်၏ ဘေးထုတ်ထားခြင်းကို ခံခဲ့ရပြီးနောက်တွင် အာဏာပြန်လည်ရယူနိုင်ခြင်းရှိမရှိ အဆုံးအဖြတ်ပေးမည့် ကာလသည် တစ်စနှင့်တစ်စ နီးကပ်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို မေ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကာ စစ်တပ်ခေါင်းဆောင်ဟောင်း ပရာယွတ်ချန် အိုချာ၏ အစိုးရက ကိုးနှစ်နီးပါး အုပ်ချုပ်လာပြီးနောက် ဒီမိုကရေစီလိုလားသော အင်အားစုများသည် မတူကွဲပြားသည့်အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ရန် ဆန္ဒပြင်းပြနေကြသည်။ ပရာယွတ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာ သိမ်းမှုအတွင်း အာဏာရလာခဲ့ပြီးနောက် သူ့ကိုယ်သူ အရပ်သားခေါင်းဆောင်အဖြစ် ပြန်လည်ပုံဖော်ခဲ့သည်။
ရှင်နာဝပ်မိသားစုကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ ၃၆ နှစ်အရွယ် ပါအယ်ထုံထန်က ဦးဆောင်လျက်ရှိပြီး ၎င်းသည် လတ်တလောတွင် ကိုယ်ဝန်လွယ်ထားရသူလည်းဖြစ်သည်။ ၎င်း၏ဖြူထိုင်းပါတီသည် ဖခင်ဖြစ်သူ သက်ဆင်ကို အခိုင်အမာထောက်ခံသော သစ္စာခံများ ရှိနေသည့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ဆန္ဒမဲအရေအတွက် သန်းနှင့်ချီကာ ရနိုင်ဖွယ်ရှိသည်။
သို့ရာတွင် ရှင်နာဝပ်ဟူသည့် အမည်နာမသည် ထိုင်းနိုင်ငံ၏ ရှေးရိုးစွဲဘုရင်စနစ် ထောက်ခံသူအသိုင်းအဝိုင်းမှ လူတော်တော်များများ၏ အမျက်ရှ မုန်းတီးခြင်းကိုခံနေရပြီး သက်ဆင်နှင့် သူ၏မဟာမိတ်ပါတီများသည် အာဏာရရှိစဉ်က တိုင်းပြည်အာဏာ၊ သြဇာအရှိန်အဝါနှင့် ဓနဥစ္စာတို့ကို အကြီးအကျယ် ထိန်းချုပ်ထားခဲ့သည်ဟု ၎င်းအသိုင်းအဝိုင်းက စွပ်စွဲထားသည်။
“ကျွန်မတို့ တိုင်းပြည်ကိုကယ်တင်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု မတ် ၂၁ ရက်က ဘန်ကောက်မြို့ရှိ City Pillar နတ်ကွန်းအပြင်ဘက်တွင် ပါအယ်ထုံထန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ ဆက်လုပ်ဖို့နဲ့ ကျွန်မတို့ရဲ့ မူဝါဒလမ်းစဉ်တွေကို ပိုပြီးအသေးစိတ်ချပြဖို့ လုံးဝအသင့်ဖြစ် နေပါပြီ။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ကျွန်မတို့ကို ရွေးချယ်မလား မရွေးချယ်ဘူးလား ဆိုတာကို ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ အဲဒီအခွင့်အာဏာက သူတို့ လက်ထဲမှာပဲ ရှိပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဘုရင်စနစ်ထောက်ခံသည့် ရှေးရိုးစွဲအသိုင်းအဝိုင်းနှင့် ဆယ်စုနှစ်နှစ်ခုကြာ အားပြိုင်ခဲ့ရပြီးနောက် လာမည့်ရွေးကောက်ပွဲသည် ရှင်နာဝပ်မိသားစုအတွက် နောက်ဆုံးစွန့်စားမှုဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
“လာမယ့်ရွေးကောက်ပွဲဟာ ရှင်နာဝပ်မိသားစုအာဏာနဲ့ ရာသက်ပန်ဝေးကွာသွားခြင်းနဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို အန်တုရင်း ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကို ပြန်လည်လွှမ်းမိုး ချုပ်ကိုင်နိုင်ခြင်းဆိုတဲ့ ခြားနားချက် သဘောပဲဖြစ်တယ်”ဟု စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် နာပွန်ဂျာတူရီပီတက်ခ်က ဆိုသည်။
၎င်းစိန်ခေါ်မှုများမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကိုထောက်ခံသော ကွန်ဆာဗေးတစ်အုပ်စုနှင့် ပို၍ တိုးတက်ပြောင်းလဲရေးဝါဒီဆန်သော Move Forward ပါတီတို့ပင်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။ ပိုမိုမြေလှန်ပြောင်းလဲလိုသော ပြုပြင်ပြောင်းလဲရေးဝါဒီ Move Forward ပါတီက လာမည့်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးသူများ၏ သန်းနှင့်ချီသော ဆန္ဒမဲများကို ရယူနိုင်မည်ဟု မျှော်လင့်ထားသည်။
ကိုယ်စားလှယ်လောင်းများကို သီတင်းပတ်အနည်းငယ်အတွင်း ကြေညာရန်ရှိနေစဉ် ပါအယ်ထုံထန်အနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်ခြင်း ပြု မပြု မသေချာသေးချိန်တွင် ရှစ်လကိုယ်ဝန်ကို လွယ်ထားရသော် လည်း မဲဆွယ်စည်းရုံးမှုများကို အားတက်သရော လုပ်ဆောင်လျက်ရှိသည်။
နောက်ထပ်ကြီးမားသော စိန်ခေါ်မှုမှာ ဖြူထိုင်းပါတီအနေဖြင့် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့်တိုင်အောင် စစ်တပ်အသိုင်းအဝိုင်းက ၎င်းတို့ကို အစိုးရဖွဲ့ ခွင့်ပြုပါမည်လော ဟူသည့်အချက်ပင်ဖြစ်သည်။
ထိုင်းစစ်တပ်သည် အရပ်သား နိုင်ငံရေးသမားများကို အာဏာလွှဲပေးလိုခြင်းမရှိဘဲ ၁၉၃၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စည်းမျဉ်းခံ ဘုရင်စနစ်ကို စတင်ကျင့်သုံးခဲ့ပြီးနောက်ပိုင်း ၁၃ ကြိမ်တိုင်တိုင် အာဏာသိမ်းယူခဲ့ပြီး ၎င်း တို့အနက်မှ နှစ်ကြိမ်သည် ရှင်နာဝပ်မိသားစုဝင် ဝန်ကြီးချုပ်များကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
သက်ဆင်သည် ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး နိုင်ငံအတွင်း၌ အပြောင်းအလဲများကို ဆောင်ကြဉ်းပေးခဲ့သည်။ သူသည် ဆင်းရဲနွမ်းပါးသော ပြည်သူများ၏ ပြောင်းလဲဖြစ်ပေါ်လာသော ရည်မှန်းချက်နှင့် ဆန္ဒများကို အသိအမှတ်ပြု ခဲ့ပြီး အာရှဒေသတွင် မညီမျှမှုအကြီးမားဆုံး အခြေအနေတချို့ရှိနေသည့် နိုင်ငံတွင်ထောက်ပံ့ငွေ အများအပြားပေးအပ်ခြင်း၊ ပညာသင်ဆုချီးမြှင့်ခြင်းနှင့် လူတိုင်းနှင့် အကျုံးဝင်သော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စီစဉ်ပေးခဲ့သည်။
သို့ရာတွင် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲ၌ သက်ဆင်သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရခဲ့ကာ နိုင်ငံရေးအာဏာကို ကာလရှည်ထိန်း ချုပ်နိုင်တော့မည့်လားရာသို့ ဦးတည်လာပြီးနောက် ၂၀၀၆ ခုနှစ်တွင် စစ်တပ်က အာဏာ သိမ်းယူခဲ့စဉ် ရာထူးမှဖြုတ်ချခံခဲ့ရသည်။ သက်ဆင်သည် အကျင့်ပျက်ခြစားမှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၀၈ ကတည်းကပင် ထိုင်းနိုင်ငံ၌ အခြေချနိုင်ခြင်းမရှိတော့ပေ။ ၎င်းကမူ ထိုစွဲချက်များသည် နိုင်ငံရေးအကြောင်းတရားဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဆိုကာ ငြင်းဆန်ခဲ့သည်။
ထို့နောက် ခြောက်နှစ်အကြာတွင် အာဏာရလာခဲ့သည့် သက်ဆင်၏ညီမဖြစ်သူ ယင်လက်ရှင်နာဝပ်ကိုလည်း ထိုစဉ်က စစ်တပ်အကြီးအကဲဖြစ်သည့် ပရာယွတ်က ဖြုတ်ချခဲ့ပြီး ထိုင်းစစ်တပ်သည် ရှင်နာဝပ်မိသားစု၏ သြဇာလွှမ်းမိုးမှုကို ရာသက်ပန်မှေးမှိန်သွားစေရန် လုပ်ဆောင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးသည်လည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးတို့တွင် ရှင်နာဝပ်မိသားစု၏ မဟာမိတ်ပါတီများကို အထိနာစေ သည့်ဆုံးဖြတ်ချက်အချို့ကို ချမှတ်ခဲ့သည်။
ရှင်နာဝပ်မိသားစုကိုဆန့်ကျင်သည့် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းယူခဲ့စဉ်က ၆၉ နှစ်အရွယ် ပရာယွတ်သည် နှစ်ခြမ်းကွဲနေသည့်တိုင်းပြည်ကို မတတ်သာဘဲ ထိန်း သိမ်းကယ်တင်ခဲ့ရသူအဖြစ် သူ့ကိုယ်သူ ပုံဖော်ခဲ့သည်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင်လည်း သူ၏ပါတီသည် အောက်လွှတ်တော်တွင် ဖြူထိုင်းပါတီထက် အမတ်နေရာ ၂၀ ပိုနည်းခဲ့သော်လည်း ရွေးကောက်ခံမဟုတ်ဘဲ အလိုအလျောက် တင်မြှောက်ခံရသော အထက်လွှတ်တော်၏ ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်တင်မြှောက်ခံခဲ့ရသည်။
ထိုင်းစစ်တပ်နှင့် ၎င်းကို ကျောထောက် နောက်ခံပေးသူများက ရေးဆွဲထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်တွင် အဆိုပါ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ၎င်းဖွဲ့ စည်းပုံအခြေခံဥပဒေသည် အထူးသဖြင့် ဖြူထိုင်းပါတီကဲ့သို့ ဒီမိုကရေစီလိုလားသော ပါတီများကို အသာမရစေရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများက ဆိုသည်။
ဒီမိုကရေစီလိုလားသော လူထုဆန္ဒပြပွဲကြီးများဖြစ်ပွားမှု၊ တိုင်းပြည်စီးပွားရေးတုံ့ဆိုင်းနေမှုနှင့် ပါတီတွင်း နေရာလုအားပြိုင်မှုများရှိနေသော်လည်း ပရာယွတ်သည် တိုင်းပြည်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် ရှစ်နှစ်ထက်ပို၍ တာဝန်ထမ်းဆောင်ခွင့်မရှိသည့်အတွက် လက်တွေ့သဘောအရ ပရာယွတ်သည် လာမည့်ရွေးကောက်ပွဲ၌ အနိုင်ရခဲ့လျှင်ပင် နှစ်နှစ်သာ ဆက်လက်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ၎င်းသည် အလားအလာအရှိဆုံး ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်လောင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်းကိုယ်စားပြု ယှဉ်ပြိုင်မည့် ညီညွတ်သော ထိုင်းနိုင်ငံပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခံရရန် အမတ်နေရာ ၂၅ နေရာသာ လိုအပ်မည်ဖြစ်သည်။
“ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ရလဒ်ပဲဖြစ်လာပါလိမ့်မယ်”ဟု မတ် ၂၀ ရက်တွင် ပါလီမန်ကို ဖျက်သိမ်းပြီးနောက် ပရာယွတ်က ပြောကြားခဲ့သည်။
ဖြူထိုင်းပါတီအနေဖြင့် အမတ်နေရာ ၅၀၀ ရှိသည့် အောက်လွှတ်တော်တွင် ညွန့်ပေါင်းဖွဲ့နိုင်ရေးနှင့် အများစုကို ပရာယွတ်က စိတ်ကြိုက်ရွေးချယ်ထားသည့် ရွေးကောက်ခံရန်မလိုသော အထက်လွှတ်တော်ကို တန်ပြန် ထိန်းညှိနိုင်ရေးအတွက် သောင်ပြိုကမ်းပြိုအနိုင်ရရန် လိုအပ်မည်ဖြစ်ကာ အမတ်နေရာ ၃၁၀ ခန့် အနည်းဆုံးရရှိရန် လိုအပ်မည်ဖြစ်သည်။
ရဲအရာရှိဟောင်းအဖြစ်မှ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့သည့် ဝန်ကြီးချုပ် ဟောင်းသက်ဆင်သည် ပြည်ပတွင် ရှောင်တိမ်းနေရသော်လည်း သူ၏သြဇာသက်ရောက်မှုသည် ထိုင်းနိုင်ငံရေးဇာတ်ခုံကို ကြီး ကြီးမားမားလွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ သူသည် လူထုထောက်ခံမှုဖြင့် နိုင်ငံရေးအခင်း အကျင်းသစ်ကို ဖန်တီးနိုင်ခဲ့ကာ သူ၏မိသားစုနှင့် ပါတီသည်လည်း အခရာကျသော အခန်းကဏ္ဍတွင် ရှိနေသည့်တိုင် ပြည်တွင်းမှ အထင်ကရ နိုင်ငံရေးသမားများကိုလည်း ဆွဲဆောင်လျက်ရှိသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နောက်ထပ် အထင်ကရ ပါတီတစ်ခုဖြစ်သော လူငယ်ဗဟိုပြု Move Forward ပါတီသည်လည်း ရွေးကောက်ပွဲအပြီးတွင် အဓိကပလေယာဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားပြီး ပထမဆုံးအကြိမ် မဲပေးမည့် သူလေးသန်းအနက်မှ အများအပြားသည် ၎င်းပါတီကို မဲပေးဖွယ်ရှိနေသည်။
ဖျက်သိမ်းခံခဲ့ရသည့် Future Forward ကို ဆက်ခံသည့်ပါတီဖြစ်သော Future Forward ပါတီသည် လက်ရှိတွင် Gen Z မဲ ဆန္ဒရှင်အများအပြား၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်သည်။
၎င်းင်းတို့သည် COVID-19 ကပ်ရောဂါကာလအတွင်း ဘန်ကောက်မြို့၌ အကြီးစားဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ပြီး ဆန္ဒပြပွဲများ အရှိန်အဟုန်အမြင့်ဆုံးရှိခဲ့စဉ်က ပရာယွတ်၏ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့သည်။ ထို့ အပြင် ၎င်းတို့သည် စစ်တပ်နှင့် မိတ်ဖက်ပြုကာ တိုင်းပြည်ကိုအုပ်ချုပ်နေသော ဘုရင်စနစ် ပြု ပြင်ပြောင်းလဲရေးကိုပါ မကြုံစဖူးအနေဖြင့် ပေါ်ပေါ်ထင်ထင် တောင်းဆိုခဲ့ကြသည်။
Ref: South China Morning Post










