အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရပြီးနောက် မူးယစ်ဆေးဖြတ်ရန် အက်ရှီရန်ဆုံးဖြတ်

အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရပြီးနောက် မူးယစ်ဆေးဖြတ်ရန် အက်ရှီရန်ဆုံးဖြတ်
Photo – Daily Express
Photo – Daily Express
Published 23 March 2023

တေးထုတ်လုပ်သူတစ်ဦးလည်းဖြစ်၊ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သည့် ဂျမယ်အက်ဝါ့ဒ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကွယ်လွန်သွားသည့်အတွက် အက်ရှီရန်မှာ ယူကျုံးမရဖြစ်လျက်ရှိပြီး ယခု မူးယစ်ဆေးဖြတ်ရန်ပါ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ဂျမယ်က ကိုကင်းနှင့်အရက်ကြောင့် နှလုံးရပ်သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အက်ရှီရန်က ရိုးလင်းစတုန်းမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထိုအကြောင်းကို ထည့်ပြောခဲ့သည်။ “အဲဒါတွေကို ကျွန်တော်ဘယ်တော့မှ ထပ်မထိတော့ဘူး။ အဲဒါတွေကြောင့် ဂျမယ်သေရတာ။ နောက်ပြီး သွားလေသူကိုလည်း မလေးစားရာကျတယ်” ဟု ဆိုသည်။

ဆက်ပြီးအက်ရှီရန်က ဆေးစွဲခဲ့ပုံကိုလည်း ပြောပြခဲ့သည်။ “ပွဲတော်တစ်ခုမှာ သူငယ်ချင်းတွေအားလုံးက သုံးကြတယ်ဆိုတော့ မကောင်းတဲ့ဟာ မဖြစ်နိုင်ပါဘူးလေလို့ ထင်ခဲ့တယ်။ အဲဒီကနေ တစ်ပတ်ကိုတစ်ကြိမ်၊ နောက်တော့တစ်နေ့ကိုတစ်ကြိမ်၊ တစ်နေ့ကိုနှစ်ကြိမ် သုံးတတ်လာတယ်” ဟု ပြောကြားသည်။

ဇနီးသည်၏သတိပေးမှုကြောင့် ရှီရန်သည် အရက်ပြင်းများသောက်သည့်အကျင့်ကိုလည်း စွန့်လွှတ်လိုက်ပြီဖြစ်သည်။

ဂျမယ်ကို ဂုဏ်ပြုရေးစပ်ထားသည့် သီချင်းသစ်တစ်ပုဒ် မတ် ၂၄ ရက်တွင်ထွက်မည်ဟု အက်ရှီရန်က ကြေညာထားသေးသည်။ သီချင်းက Eyes Closed ဟုအမည်ရပြီး တစ်စုံတစ်ဦးကို ဆုံးရှုံးသွားသည့်အကြောင်း ရေးထားခြင်းဖြစ်သည်ဟု အင်စတာဂရမ်တွင်ဆိုသည်။ သီချင်းသစ်က ၎င်း၏ ငါးခွေမြောက် အယ်လ်ဘမ် Subtract တွင်လည်း ပါမည်။

အက်ရှီရန်သည် ချားလ်စ်ဘုရင်နန်းတက်ပွဲတွင် ဖျော်ဖြေပေးရန် ဖိတ်ကြားခံထားရသော်လည်း ကမ္ဘာလှည့်ဖျော်ဖြေပွဲများဖြင့် တိုက်နေသဖြင့် သွားဖျော်ဖြေမည်မဟုတ်ပေ။

Most Read

Most Recent