ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရပ်နားထားသော မော်တော်ယာဉ် တစ်စီးအား လိုက်ထရပ်ယာဉ်က နောက်မှဝင်တိုက်မှု ဖြစ်ပွါးပြီး နှစ်ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရပ်နားထားသော မော်တော်ယာဉ် တစ်စီးအား လိုက်ထရပ်ယာဉ်က နောက်မှဝင်တိုက်မှု ဖြစ်ပွါးပြီး နှစ်ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရ
Published 23 March 2023

 

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မတ်လ ၂၃ ရက် (ယနေ့) နံနက်အစောပိုင်းကရပ်ထားသော မော်တော်ယာဉ်အား လိုက်ထရပ်ယာဉ်က နောက်မှဝင်တိုက်မိပြီး အမျိုးသားနှစ်ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်၌ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်  နေပြည်တော်ဘက်မှ မန္တလေးဘက်သို့အသွား ယာဉ်ကြောပေါ်တွင် တိုးလ်ဂိတ်လော့ဒေါင်းမိသဖြင့် ယာဉ်မောင်း ဝင်းဌေးအောင် သည် ၎င်းမောင်းနှင်သည့် ယာဉ်အမှတ် YGN 5J/---- NISSAN COUDOR အဝါရောင် မော်တော်ယာဉ်အား လမ်းမကြီးမိုင်တိုင်အမှတ် ၂၈၄ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားတွင် ညအိပ် ရပ်နားထားစဉ် နောက်မှလားရာတူအတိုင်း ယာဉ်မောင်း အောင်ကိုကို မောင်းနှင်လာသော ယာဉ်အမှတ် MGY 2R/-----SOJEN အဖြူရောင် မော်တော်ယာဉ်မှ ယာဉ်မောင်းမှာ အိပ်ငိုက်ပြီး ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခင်းဖြစ်နေရာသို့သွားရောက်ကူညီခဲ့သည့် မိထ္ထီလာမြို့  ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာ ဝန်ရှိသူတစ်ဦးက

“ကျွန်တော်တို့ဆီကို မနက် ၆ နာရီမထိုးခင်မှာ သတင်းရတာ သတင်းရလို့သွားကူညီတော့ ဖြစ်တာကတော့ ရပ်ထားတဲ့ကားကို နောက်ကကားက ဝင်တိုက်တာပေါ့၊ ဝင်တိုက်တာကို နောက်ကားပေါ်မှာ ပါလာတဲ့သူတွေထဲက အမျိုးသား နှစ်ယောက်က သေတယ် ၁၆ ယောက်က ဒဏ်ရာရတယ် ကျွန်တော်တို့ရောက်ပြီးတော့ လူနာတွေကိုသယ်ပြီးတော့ ပြည်သူ့ဆေးရုံကိုပို့တာပေါ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ရယ်၊ ကြက်ခြေနီအဖွဲ့ရယ် အခြားပရဟိတအသင်းကအဖွဲ့တွေလည်းပါတယ် သေဆုံးတဲ့သူတွေနဲ့ လူနာတွေကို မိထ္ထီလာ ပြည်သူ့ဆေးရုံကိုပို့လိုက်တာပေါ့ ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ အသက်အန္တရယ် စိုးရိမ်ရတာမျိုးတော့ မရှိပါဘူး” ဟုပြောကြားသည်။

 

ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီး

ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ သီးကုန်း အမြန်လမ်းမကြီးမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ

MGY 2R/----SOJEN အဖြူရောင် မော်တော်ယာဉ်ပေါ်ပါသူ ကျား(၉)ဦး၊ မ(၁၃)ဦး၊ ပေါင်း(၂၂)ဦးအနက် ကိုကျော်စွာထက် ၃၇ နှစ်၊ (ဘ)ဦးကျော်မောင်၊ရွှေညောပင်ရပ်ကွက်၊ အောင်လံမြို့နယ်နေသူတွင် ဦးခေါင်းပြားချပ်ဒဏ်ရာဖြင့်လည်းကောင်း၊ ဦးသိန်းထွန်း ၅၀ နှစ်၊ (ဘ)ဦးတင်နိုင်၊ အင်းယာ ဝက်ထီးကန်မြို့နယ်နေသူတွင် ဝမ်းဗိုက်ပွင့်ကြေဒဏ်ရာဖြင့်လည်းကောင်း အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကျား(၆)၊ မ(၁၃)ဦး၊ ပေါင်း(၁၉)ဦးတို့မှာ အသီးသီး ထိခိုက် ဒဏ်ရာ(အသက်အန္တရယ်မစိုးရိမ်ရ)များ ရရှိသွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ရပ်ထားသော YGN 5J/---- NISSAN COUDOR အဝါရောင်မော်တော်ယာဉ်မှာ နောက်ဘန်ကာတန်းကျိုးပဲ့ပျက်စီး၊ ဘယ်ဘက်ခွေးကာတန်းပျက်စီး၊ နောက်ဝဲဘက်မီးခွက် ကွဲကြေပြုတ်ထွက်၊ နောက်ဝဲဘက်ခြမ်းထောင့် ကျိုးပဲ့ပျက်စီး၍ နောက်မှဝင်တိုက်သော MGY 2R/--- SOJEN အဖြူရောင် မော်တော် ယာဉ်မှာ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်ပျက်စီး၊ ဝဲ/ယာဘက် တံခါးပိန်ချိုင့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သီးကုန်း အမြန်လမ်းမကြီးရဲစခန်း၏ ရဲမှတ်တမ်းများအရသိရသည်။

 

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မဆင်မခြင် မောင်းနှင်သူ အောင်ကိုကိုအား ဥပဒေအရ အရေးယူပေးပါရန်  ရဲအုပ် စိုးဝဏ္ဏမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှယာဉ်(ပ)၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဇော်ဝင်းချစ်(တောင်ငူ)

ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း(မိထ္ထီလာ)

Most Read

Most Recent