အနိမ့်အမြင့်၊ အတက်အကျများရှိခဲ့သည့် တရုတ်-ရုရှားဆက်ဆံရေး

အနိမ့်အမြင့်၊ အတက်အကျများရှိခဲ့သည့် တရုတ်-ရုရှားဆက်ဆံရေး
Photo: Xinhua
Photo: Xinhua
Published 21 March 2023
TRANSLATED - ရာဇ

စစ်အေးကာလက တရုတ်-ရုရှား ဆက်ဆံရေးသည် ရှုတ်ထွေးမှုများရှိခဲ့သော်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်လာသည်နှင့်အမျှ ယင်းနှစ်နိုင်ငံသည် အမေရိကန်ကို တန်ပြန်သည့် ပူးတွဲအင်အားစုများဖြစ်လာခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၂၀ ရက်တွင် ရုရှားသို့ သွားရောက်ခဲ့ပြီး ၄င်းတို့နှစ်ဦးအကြား အရေးကြီးသည့် အကြောင်းအရာများကို ဆွေးနွေးကာ အဓိက သဘောတူညီချက်များကို လက်မှတ်ရေးထိုးဖွယ်ရှိနေမှုနှင့်အတူ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နှင့် ရုရှားဆက်ဆံရေးတွင် အထင်ကရဖြစ်ရပ်များကို ပြန်လည်လေ့လာကြည့်ရှုမည်ဆိုပါက အောက်ပါအတိုင်းအတိုင်း တွေ့ရမည်ဖြစ်သည်။

 

၁၉၅၀ ပြည့်နှစ်၊ ကိုရီးယားစစ်ပွဲ

ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလတွင် တရုတ်နှင့် ဆိုဗီယက်ယူနီယံတို့သည် ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ခင်မင်ရင်းနှီးမှု၊ မဟာမိတ်ပြုမှုနှင့် အပြန်အလှန်ကူညီထောက်ပံ့မှုဆိုင်ရာ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ၁၉၅၀ ပြည့်နှစ်မှ ၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ ကာလအတွင်း တောင်ကိုရီးယားနှင့် မဟာမိတ်ပြုထားသည့် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် မြောက်ကိုရီးယားကို ဆိုဗီယက်ယူနီယံက စစ်ရေးအထောက်အပံ့များပေးခဲ့ကာ တရုတ်စစ်သားများကလည်း မြောက်ကိုရီးယားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

 

၁၉၅၆ ခုနှစ်၊ လျှို့ဝှက်မိန့်ခွန်း

စတာလင်သေဆုံးခဲ့ပြီးနောက် ၁၉၅၆ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် နီကီတာ ခရူးရှက်ဗ်က မိိန့်ခွန်းတစ်ခုပြောကြားခဲ့ရာတွင် စတာလင်၏ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ထူထောင်ခြင်းနှင့် ရက်စက်မှုများကို ဝေဖန်ရှုတ်ချခဲ့သဖြင့် ကွန်မြူနစ်ကမ္ဘာကို ဂယက်ရိုက်ခတ်သွားစေခဲ့သည်။

နောက်ပိုင်းတွင် မော်စီတုန်းက ခရူးရှက်ဗ်ကို ပြန်လည်ပြင်ဆင်ရေးဝါဒီ တစ်ဦးဖြစ်ကြောင်းနှင့် ကွန်မြူနစ်ဝါဒ၏ လမ်းကြောင်းပေါ်မှ သွေဖည်နေသူဖြစ်သည်ဟု စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာကြာ တင်းမာမှုများမြင့်တက်စေသည့် အခြေအနေတစ်ရပ်ကို ပေါ်ပေါက်စေခဲ့သည်။

၁၉၆၀ ပြည့်နှစ်၊ ခွာပြဲခြင်း

၁၉၅၇ ခုနှစ် နိုဝင်ဘာလက မော်စကိုတွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ကွန်မြူနစ်နှင့်အလုပ်သမားပါတီများ အစည်းအဝေးအတွင်း တရုတ်နှင့် ဆိုဗီယက်ယူနီယံအကြားအားပြိုင်မှု ပေါ်ပေါက်လာခဲ့သည်။

ခရူးရှက်ဗ်သည် တရုတ်နှင့် နျူကလီးယားသဘောတူညီမှုတစ်ခုကို ပယ်ဖျက်ခဲ့သည့် ၁၉၆၀ ပြည့်နှစ် ဧပြီလထဲတွင် ၄င်းတို့အကြား သဘောထားရေးရာနှင့် မဟာဗျူဟာကွဲလွဲမှုများ ပိုမိုနက်ရှိုင်းခဲ့သည်။

၁၉၆၃ ခုနှစ် ဇူလိုင်လတွင် နယ်စပ်ပဋိပက္ခများ၊ ကျူးဘားဒုံးကျည်အရေးအခင်းနှင့် တရုတ်-အိန္ဒိယ ပဋိပက္ခတို့တွင် သဘောထားမတိုက်ဆိုင်မှုများကြောင့် တရုတ်နှင့် ဆိုဗီယက်ကွန်မြူနစ်ပါတီများအကြား ဆက်ဆံမှု ပြတ်တောက်ခဲ့သည်။

ထို့နောက် ၁၉၆၃ ခုနှစ် သြဂုတ်လတွင် တရုတ်က အမေရိကန်၊ ဗြိတိန်နှင့် ဆိုဗီယက်ယူနီယံတို့ ချုပ်ဆိုခဲ့သည့် နျူကလီးယားစမ်းသပ်မှု တစ်စိတ်တစ်ပိုင်း ပိတ်ပင်ရေးစာချုပ်ကို ဝေဖန်ရှုတ်ချခဲ့သည်။

 

၁၉၆၉ ခုနှစ်၊ နယ်စပ် အငြင်းပွားမှု

၁၉၆၅ ခုနှစ်နိုဝင်ဘာလက တရုတ်ကွန်မြူနစ်များသည် ခရူးရှက်ဗ်၏ ပြန်လည်ပြင်ဆင်ရေးဝါဒသစ်ကို ဆန့်ကျင်သည့် စည်းရုံးလှုံ့ဆော်မှုများကို နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုအတွင်း စတင်ပြုလုပ်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် အမ်မူရာမြစ်တစ်လျှောက် တရုတ်-ရုရှားနယ်စပ်၏ အရှေ့ပိုင်းဒေသတွင် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကာ လူပေါင်းရာချီသေဆုံးခဲ့သည်။

 

၁၉၈၉ ခုနှစ်၊ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်မှု

နှစ်ပေါင်း ၃၀ ကြာ ဆက်ဆံရေး ကတောက်ကဆတ်ဖြစ်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် မေလတွင် တိန့်ရှောင်ဖိန်နှင့် မီဟိုင်းဂေါ်ဘာချော့ဗ်တို့သည် ဆက်ဆံရေးများကို ပုံမှန်ပြန်လည်ထူထောင်ခဲ့ကြသည်။

တရုတ်နှင့် ရုရှားသည် ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် တစ်ဖက်နှင့်တစ်ဖက် ထိခိုက်စေမည့်မည်သည့် နိုင်ငံရေး-စစ်ရေး မဟာမိတ်အဖွဲ့များထဲကိုမျှ ဝင်ရောက်ခြင်းမပြုရန် သဘောတူခဲ့ကြသည်။

၁၉၉၄ ခုနှစ် စက်တင်ဘာလတွင် ယင်းနှစ်နိုင်ငံသည် နျူကလီးယားဆိုင်ရာ သဘောထားကွဲလွဲမှုများကို အဆုံးသတ်ခဲ့ပြီး ၄င်းတို့၏ဒုံးကျည်များကို ပြန်လည်ရုတ်သိမ်းရန် သဘောတူခဲ့ကြသည်။

 

၁၉၉၆ ခုနှစ်၊ အမေရိကန်ကို တန်ပြန်ခြင်း

တရုတ်သမ္မတ ကျန်စီမင်းနှင့် ရုရှားသမ္မတ ဘိုးရစ်ယဲ့လ်ဆင်တို့သည် ၁၉၉၆ ခုနှစ် ဧပြီလတွင် အမေရိကန်၏ နိုင်ငံတကာလွှမ်းမိုးရေးကို တန်ပြန်ရန် ၂၁ ရာစုအတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုတစ်ခုကို ထူထောင်ခဲ့သည်။

တရုတ်၊ ရုရှားနှင့် ဆိုဗီယက်အဖွဲ့ဝင်ဟောင်း ဗဟိုအာရှသုံးနိုင်ငံဖြစ်သည့် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် ကာဇက်စတန်တို့သည် ရှန်ဟိုင်းတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ကို ဖွဲ့စည်းထူထောင်ရန် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် လုံခြုံရေးသဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

 

၂၀၀၁ ခုနှစ်၊ ခင်မင်ရင်းနှီးမှုစာချုပ်

တရုတ်နှင့် ရုရှားအကြား ဆယ်စုနှစ်ငါးစုအတွင်း ပထမဆုံး ခင်မင်ရင်းနှီးမှုစာချုပ်ကို ၂၀၀၁ ခုနှစ် ဇူလိုင်လက ရုရှားတွင် လက်မှတ်ရေးထိုးခဲ့သည်။

နှစ်ပေါင်း ၄၀ ကြာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ၂၀၀၅ ခုနှစ် ဇွန်လတွင် နှစ်နိုင်ငံနယ်စပ်၏ အရှေ့ပိုင်းဒေသ အငြင်းပွားမှုကို ဖြေရှင်းရန် နောက်ဆုံးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိ တရုတ်သမ္မတ ရှီကျင်းပင်သည် ၂၀၁၃ ခုနှစ်က ၄င်း၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ရုရှားကိုသွားရောက်ရန် ရွေးချယ်ခဲ့ပြီး ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍများတွင် သဘောတူစာချုပ် ၃၀ ခန့် ချုပ်ဆိုခဲ့သည်။

 

၂၀၁၁ ခုနှစ်၊ ဆီးရီးယားပဋိပက္ခ

၂၀၁၁ ခုနှစ်က ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နှင့်ရုရှားသည် ဆီးရီးယားသမ္မတ ဘာရှာ အယ်အာဆတ် အစိုးရအဖွဲ့ကိုရှုတ်ချသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်မူကြမ်းများကို တားမြစ်ပိတ်ပင်ခဲ့သည်။

ထို့ပြင် ၂၀၁၄ ခုနှစ်ကလည်း ရုရှားက ယူကရိန်းထံမှ ခရိုင်းမီးယားဒေသကို သိမ်းပိုက်မှုတွင် တရုတ်သည် ကြားနေရပ်တည်မှုကို ပြသခဲ့သည်။

 

၂၀၁၄ ခုနှစ်၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု

တရုတ်နှင့် ရုရှားသည် ဆယ်စုနှစ်တစ်စုကြာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် မေလ ၂၁ ရက်တွင် နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိသည့် ဒေါ်လာ ၄၀၀ ဘီလျံတန်ဖိုးရှိသည့် အကြီးစား ဓာတ်ငွေ့ထောက်ပံ့ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဆိုက်ဘေးရီးယားဒေသ အရှေ့ပိုင်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံဆီတင်ပို့မည့် ပူးတွဲ ဓာတ်ငွေ့ပိုက်လိုင်းတစ်လိုင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၈ ရက်တွင် နှစ်နိုင်ငံအကြား ၂၀၀၁ ခုနှစ်က ချုပ်ဆိုခဲ့သည့် ခင်မင်ရင်းနှီးမှုစာချုပ်ကို နောက်ထပ်ငါးနှစ်သက်တမ်း ထပ်တိုးချုပ်ဆိုခဲ့သည်။

 

၂၀၂၂ ခုနှစ်၊ ယူကရိန်းပဋိပက္ခ

ရုရှားနှင့် တရုတ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက ပေကျင်းတွင် နှစ်နိုင်ငံအကြား အကန့်အသတ်မရှိသည့် ခင်မင်ရင်းနှီးမှုကို ကြေညာခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ရုရှားသမ္မတပူတင်သည် ယူကရိန်းကိုကျူးကျော်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် အကျပ်အတည်းဖြစ်ပွားမှု အမြင့်ဆုံးကာလဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ရှီနှင့် ပူတင်တို့က ၄င်းအကြားဆက်ဆံမှုများကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ယူကရိန်းပဋိပက္ခတွင် ရုရှားကိုရှုတ်ချခြင်း သို့မဟုတ် ထောက်ပံ့ခြင်းများ မပြုလုပ်ခဲ့ဘဲ ရုရှားကို သံတမန်ထောက်ပံ့မှုများပေးကာ ပဋိပက္ခကိုအဖြေရှာရန် တိုက်တွန်းခဲ့သည်။

Ref:AFP

Most Read

Most Recent